ဒိုက်ဦးထောင်မှ ထောင်ပြောင်းရွှေ့စဉ် သတ်ဖြတ်ခံရသည့် နိုင်ငံရေးအကျဉ်းသား ၈ ဦးရှိလာ

By 001 (မဇ္စျိမ)
20 July 2023
ဒိုက်ဦးထောင်မှ ထောင်ပြောင်းရွှေ့စဉ် သတ်ဖြတ်ခံရသည့် နိုင်ငံရေးအကျဉ်းသား ၈ ဦးရှိလာ
ဓာတ်ပုံ- ဒိုက်ဦးထောင်ကို တွေ့ရစဉ် (CJ)

ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ် ကျိုက်စကောထောင်မှ ထောင်ပြောင်းရွှေ့မည်ဟုဆိုကာ စစ်ကောင်စီတပ်က ခေါ်ထုတ်သွားပြီးနောက် သတ်ဖြတ်ခံရသူ ရှစ်ဦးအထိရှိလာပြီဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဇူလိုင်လ ၁၉ ရက်နေ့တွင် အတည်ပြုထုတ်ပြန်သည်။

ဒိုက်ဦးထောင်မှ နိုင်ငံရေးအကျဉ်းသား ၃၇ ဦးမှာ ဇွန်လ ၂၇ ရက်နေ့က ထောင်ပြင်ပ ခေါ်ထုတ်ခံရခြင်းဖြစ်ပြီး ထိုအထဲမှ သေဆုံးကြောင်း အကြောင်းကြားစာရရှိသူများမှာ ကိုခန့်လင်းနိုင်၊ ကိုပြည့်ဖြိုးဟိန်း၊ ကိုရာလေး(ခ) ကိုဇင်မြင့်ထွန်း၊ ကိုဂျာကြီး (ခ) ကိုဝေယံလွင်၊ ကိုဇင်ဝင်းထွဋ်၊ ကိုအောင်မျိုးသူ၊ ကိုဘိုဘိုဝင်းနှင့် ကိုနေအေးတို့ ဖြစ်သည်။

ပျောက်ဆုံးနိုင်ငံရေးအကျဉ်းသားများ၏ မိသားစုများထံသို့ စစ်ကောင်စီက တစ်ရက်ချင်း သေဆုံးကြောင်း အကြောင်းကြားစာ ပေးပို့နေခြင်းဖြစ်ပြီး ယင်းမှာ နိုင်ငံရေးအကျဉ်းသားများအား တရားမဲ့သတ်ဖြတ်နေသည်သာမက ၎င်းတို့၏ မိသားစုဝင်များကိုပါ စိတ်ပိုင်းဆိုင်ရာအရ ပြင်းထန်စွာ ညှဥ်းပန်းနှိပ်စက်နေခြင်းဖြစ်ကြောင်း AAPP ကပြောသည်။

အဆိုပါ အကျဉ်းသားများကို စစ်ကောင်စီက အင်းစိန်ထောင်နှင့် သာယာဝတီထောင်သို့ ပြောင်းရွှေ့မည်ဟုဆိုကာ ခေါ်ထုတ်သွားခြင်းဖြစ်ပြီး မိသားစုဝင်များထံသို့ လမ်းခရီးတွင် မော်တော်ယာဉ် တိမ်းမှောက်မှုကို အခွင့်ကောင်းယူပြီး ထွက်ပြေးသဖြင့် ပစ်ခတ်ဖမ်းဆီးရာ သေဆုံးသွားကြောင်း အကြောင်းကြားစာပေးပို့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သတ်ဖြတ်ခံရသူများထဲမှ မြင်းခြံတက္ကသိုလ် ကျောင်းသားသမဂ္ဂအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌဟောင်းဖြစ်သူ ကိုဇင်ဝင်းထွဋ်မှာ ဇွန်လ ၂၇ ရက်နေ့တွင် သေဆုံးသွားကြောင်း ၎င်း၏ မိသားစုထံသို့ စစ်ကောင်စီက ဇူလိုင်လ ၁၈ ရက်နေ့ ညဦးပိုင်းတွင် အုပ်ချုပ်ရေးမှူးမှတစ်ဆင့် အကြောင်းကြားလာခြင်းဖြစ်ကြောင်း မြင်းခြံလူထုလှုပ်ရှားမှုကော်မတီ အဖွဲ့ဝင်တစ်ဦးက ပြောသည်။

“စာထဲမှာပါတဲ့ဟာတွေကြောင့်လို့ မထင်ဘူး၊ ထောင်ပြောင်းတဲ့အခါဆို သူတို့လုပ်နေကျပေါ့နော်။ ထောင်မှာ ခြေကျင်းဝတ်တွေခတ်တယ်၊ လက်ထိပ်တွေ ခတ်တယ်၊ လုံခြုံရေးအပြည့်အစုံနဲ့ထွက်တယ်ပေါ့နော်။ ထောင်ပြောင်းရင် ပိုတောင် ဂရုစိုက်ကြတာ လမ်းမှာ ကားပျက်လို့ အခွင့်ကောင်းယူထွက်ပြေးတယ်ဆိုတာ ကျွန်တော်ကတော့ မထင်ဘူး။ သူတို့ သက်သက်မဲ့ကို ရက်ရက်စက်စက် သတ်ချင်လို့ကို သတ်တယ်လို့ထင်တယ်”ဟု ဆိုသည်။

ကိုဇင်ဝင်းထွဋ်မှာ ​ထောင်ဒဏ် ၁၅နှစ် ချမှတ်ခံထားရသူဖြစ်ပြီး ​ထောင်မ​ပြောင်းခင် တစ်လအလိုတွင်လည်း ဒိုက်ဦး​ထောင်တွင် တိုက်ပိတ်ခံခဲ့ရ​ကြောင်း မြင်းခြံလူထုလှုပ်ရှားမှု ​ကော်မတီက​​ပြောသည်။

အဆိုပါ ဒိုက်ဦးထောင်တွင် နောက်ထပ်နိုင်ငံရေးအကျဉ်းသားနှစ်ဦးဖြစ်သည့် ကိုအောင်စိုးမိုးနှင့် ပဲခူးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမောင်ဒီတို့လည်း ယခု ဇူလိုင်လအတွင်းကပင် သေဆုံးခဲ့ကြောင်း AAPP က ဖော်ပြသည်။

“ဒါတွေဟာ စစ်အုပ်စုအနေနဲ့ နိုင်ငံရေးလှုပ်ရှားသူတွေအပေါ် ရည်ရွယ်ချက်ရှိရှိ လူသတ် အလောင်းဖျောက်တဲ့ ရာဇဝတ်မှုများ ကျူးလွန်နေကြောင်း သက်သေပြနေတာပဲဖြစ်တယ်”ဟု AAPP အတွင်းရေးမှူး ဦးတိတ်နိုင်ကပြောသည်။

စစ်ကောင်စီတပ်၏ ပြည်သူများအပေါ် တရားလက်လွတ် အနိုင်ကျင့် သတ်ဖြတ်နေမှုများအား အရေးပေါ် စုံစမ်းစစ်ဆေးမှုများ အမြန်ဆုံးပြုလုပ်၍ ထိရောက်သည့် အရေးယူဆောင်ရွက်မှုများ ချက်ချင်းဆောင်ရွက်ကြရန် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ အစိုးရများနှင့် နိုင်ငံတကာ တရားရေးမဏ္ဍိုင်များကို AAPP ကတိုက်တွန်းထားသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly