လုံခြုံရေးတင်းကြပ်ထားသည့် မုံရွာမြို့လယ်ခေါင်တွင် “ 19 July မမေ့နိုင်” စာတန်း ချိတ်ဆွဲ

By မောင်ခက်နွေ (မဇ္ဈိမ)
19 July 2023
လုံခြုံရေးတင်းကြပ်ထားသည့် မုံရွာမြို့လယ်ခေါင်တွင် “ 19 July မမေ့နိုင်” စာတန်း ချိတ်ဆွဲ

စစ်ကောင်စီက လုံခြုံရေးတင်းကြပ်ထားသည့် မုံရွာမြို့ပေါ်တွင် စစ်အာဏာရှင်ဆန့်ကျင်သည့် လူငယ်များက “19 July မမေ့နိုင်” စာသားကို  မုံရွာမြို့ နာရီစင်ရှေ့တွင် ယနေ့ နံနက်ပိုင်းက ချိတ်ဆွဲကာ သပိတ်မှောက်ခဲ့ကြသည်။

မုံရွာနာရီစင်ရှေ့တွင် "19 July မမေ့နိုင်"ဟူသောစာသားကိုချိတ်ဆွဲပြီး တာယာကွင်းကိုမီးရှို့၍ မုံရွာလူငယ် များအစည်းအရုံးမှလူငယ်များက သပိတ်မှောက်ခဲ့ကြခြင်းဖြစ်သည်။

“မြို့လယ်ခေါင်ဖြစ်တဲ့ နာရီစင်မှာလုပ်တာ၊ စစ်ကောင်စီတပ်တွေရောက်လာပြီး အဲဒီနေရာမှာ စစ်ဆေးမှု တွေလုပ်တယ်"ဟု မုံရွာလူငယ်များအစည်းအရုံးက တာဝန်ခံတဦးကဆိုသည်။

ထိုလှုပ်ရှားမှုအပြီးတွင် မုံရွာလူငယ်များစည်းရုံးမှ ရဲဘော်များ ဖမ်းဆီးခံရခြင်းမရှိဘဲ ငြိမ်းချမ်းစွာ လူစုခွဲနိုင်ခဲ့ကြောင်း တာဝန်ခံကပြောကြားသည်။

ယနေ့ ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်သည့် (၇၆)  ကြိမ်မြောက် အာဇာနည်နေ့တွင် စစ်ကောင်စီ တပ်က မုံရွာမြို့ပေါ်၌ ပိုမိုလုံခြုံရေး တင်းကြပ်ထားကြောင်း မြို့ခံတဦးကဆိုသည်။

“သတ်မှတ်ထားတဲ့ နေရာတွေ အပြင် မထင်ရင်မထင်သလို နေရာအနှံ့ကားရပ်စစ်သေးတာ”ဟု မုံရွာမြို့ ဘုရားကြီးရပ်ကွက်တွင် နေထိုင်သူတဦးက ဆိုသည်။ 

စစ်ကောင်စီတပ်များဂိတ်ချ စစ်ဆေးသည့်နေရာများမှာ ဗိုလ်ချုပ်လမ်းပေါ်ရှိ စီးပွားရေးဘဏ်၊ ကျောက္ကာ လမ်းတကြောနှင့် မုံရွာအမြင့်လမ်းခွဲ၊ ပြည်ထောင်စုလမ်းမကြီးပေါ်၊ ချင်းတွင်းမြစ်ကူးတံတားအပါအဝင် မုံရွာအထွက်တိုးဂိတ်တို့၌ စစ်ဆေးခြင်းများပြုလုပ်ခဲ့ကြောင်း အဆိုပါဒေသခံက ရှင်းပြသည်။
 

ပုံစာ-  စစ်ကောင်စီက လုံခြုံရေး တင်းကြပ်ထားသည့် မုံရွာမြို့ပေါ်တွင် စစ်အာဏာရှင်ဆန့်ကျင်သည့် လူငယ်များက "19 July မမေ့နိုင်"ဟူသောစာသားကို  မုံရွာမြို့ နာရီစင်ရှေ့တွင် ယနေ့ မနက်ပိုင်းက ချိတ်ဆွဲထားသည်ကိုတွေ့မြင်ရစဉ် (ပုံ -  မုံရွာလူငယ်များစည်းရုံး )
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly