အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် ရတနာပုံတက္ကသိုလ်ရှေ့တွင် အသံမိုင်းခွဲ

By YT၊ ၀၀၇ (မဇ္ဈိမ)
19 July 2023
အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် ရတနာပုံတက္ကသိုလ်ရှေ့တွင် အသံမိုင်းခွဲ

မန္တလေးတိုင်း၊ ရတနာပုံတက္ကသိုလ်ရှေ့တွင် ကင်းစောင့်နေသော စစ်ကောင်စီတပ်သားများအား အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် အသံမိုင်းခွဲ တိုက်ခိုက်ခဲ့ကြောင်း Dutiful Citizens Team (DCT) တာဝန်ရှိသူထံက သိရသည်။ 

“ ကျနော်က အခြားနယ်ကလာတာဗျ။ လက်ထဲမှာမိုင်းတွေပါလာတာ ပြန်မယူသွားချင်တော့တာနဲ့ အထိမ်းအမှတ်ဖြစ်အောင် ၁၉ ဇူလိုင်မှာ လမ်းကြုံဝင်လုပ်လိုက်တာပါဗျ" ဟု DCT တာဝန်ရှိသူက မဇ္ဈိမကိုပြောသည်။ 

ယနေ့ ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်သော အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် မန္တလေး ရတနာပုံတက္ကသိုလ်အရှေ့တွင် ကင်းစောင့်နေသော စစ်ကောင်စီတပ်သားများ၏အနီးသို့ ချိန်ကိုက် ဖောက်ခွဲရသော အသံမိုင်းချခဲ့ကာ ညနေ ၃ နာရီ ၃၀ မိနစ်ခန့်တွင် ဖောက်ခွဲခဲ့ခြင်းဟုဆိုသည်။

အဆိုပါ အသံမိုင်း ဖောက်ခွဲရန် ယနေ့ ဇူလိုင်လ ၁၉  က်နေ့၊ နံနက်ပိုင်းက စတင်ကြိုးပမ်းခဲ့ပြီး ဖောက်ခွဲရာတွင် မိုင်းချို့ယွင်းမှုကြောင့် ပေါက်ကွဲခြင်းမရှိခဲ့ဘဲ ညနေပိုင်းတွင် မန္တလေးရတနာပုံ တက္ကသိုလ်ရှေ့ စစ်ကောင်စီတပ်သားများ လမ်းပိတ်ထားရာ အတားအဆီးများကြားထဲမှ နောက်ဆုံးမိုင်းအား ဖောက်ခွဲခဲ့ခြင်းဟုသိရသည်။ 

Dutiful Citizen Team မှ အခြားအဖွဲ့တာ၀န်ရှိသူတစ်ဦးကလည်း “ငြိမ်မနေဘူး။ မင်းတို့ကိုအခွင့်မသာသေးလို့မလုပ်တာ။ ငါတို့အလှည့်ရှိသေးတယ်။ ငါတို့ကချမှာဆိုတာကို  အသိပေးတဲ့သဘောနဲ့အသံမိုင်းခွဲခဲ့တာပါ ” ဟု  ပြောသည်။

DCT သည် ကောလင်းအခြေစိုက် Local အဖွဲ့တစ်ခုဖြစ်ပြီး ၎င်းတို့ အသံမိုင်းခွဲခြင်းအား မန္တလေးရှိ နယ်မြေခံ  ဒေသတွင်းတော်လှန်ရေးအင်အားစုများထံ အချိန်မီ ချိတ်ဆက်၊ အသိပေးနိုင်ခြင်းမရှိခဲ့၍ တောင်းပန်ကြောင်း ထုတ်ပြန်ပြောဆိုထားသည်။ 

ယနေ့ ဇူလိုင်လ ၁၉ ရက်သည် ကျောင်းပိတ်ရက်ဖြစ်သော်လည်း အသံမိုင်းဖောက်ခွဲရာနေရာအား ကျောင်းသူ ကျောင်းသားများ၊ ပြည်သူများ ထိခိုက်မှုမရှိစေရန် ဘေးလွတ်ကင်းသော နေရာကို ရွေးချယ်ခဲ့ကြောင်းလည်းဆိုသည်။ 

ယနေ့ ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်သော (၇၆) နှစ်မြောက် အာဇာနည်နေ့အား နိုင်ငံတစ်ဝန်းရှိ တော်လှန်ရေးအင်အားစုများ၊ ဒေသခံပြည်သူများက ၎င်းတို့၏ သက်ဆိုင်ရာဒေသအသီးသီးတွင် အခမ်းအနားကျင်းပပြုလုပ်ခြင်း၊ သပိတ်ပြုလုပ်ခြင်းတို့ ပြုလုပ်ခဲ့ကြသည်။

စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး

#DCT
#ကောလင်း
#အသံဗုံး
#ရတနာပုံတက္ကသိုလ်
14m

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly