အမျိုးသားရေးအစွန်းရောက်သူများက ၎င်းတို့ကို အကာအကွယ်ပေးရန် စစ်ကောင်စီကို အသနားခံ

By ကီရာ (မဇ္ဈိမ)
19 July 2023
အမျိုးသားရေးအစွန်းရောက်သူများက ၎င်းတို့ကို အကာအကွယ်ပေးရန် စစ်ကောင်စီကို အသနားခံ

အမျိုးသားရေးအစွန်းရောက် အဖွဲ့ဝင်များမှ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ နေပြည်တော်သို့ ၎င်းတို့၏ လုံခြုံရေးအကာအကွယ်ပေးရန် အသနားခံစာများ ပေးပို့တင်ပြကြကြောင်း သိရသည်။

ယင်းအသနားခံစာကို လဝ (လျှို့ဝှက်) ပေးပို့ခြင်းဖြစ်ပြီး PDF များကြောင့် နေအိမ်စွန့်ခွာ ထွက်ပြေးရသူများနှင့် တိမ်းရှောင်နေရသူများ၊ အသတ်ခံရသူများအကြောင်း အသနားခံစာတွင် ပါဝင်သည်ဟု အဆိုပါ အသနားခံစာများကို ဦးဆောင်တင်ပေးသူတစ်ဦးဖြစ်သည့် နေပြည်တော်အမျိုးသားရေးအင်အားစုအဖြစ် ၎င်းကိုယ်တိုင်ခံယူထားသူ ညီညီ(ခ) ဦးထွန်းမြင့်အောင်က ပြောသည်။

ထို့အပြင် “ကိုယ့်ပေါင်ပေါ်မီးပွားကျမှ ပူကြမှာလား။ သူများပေါင်ပေါ်ကျတဲ့ မီးပွားကလည်း ပူပါတယ် ။ ငါ့အလုပ် ငါ့အသိ ငါ့တာဝန်လို့သတ်မှတ်ပြီး ကိုယ့်အစွမ်း ဉာဏ်စွမ်းရှိသလောက် ငါအစွမ်းကုန် အားထုတ်မယ်။ အနည်းဆုံးတော့ ငါနဲ့ဘဝတူ အိမ်ရှိပြီး အိမ်မပြန်ရတဲ့သူတွေ စိတ်ချမ်းသာစေရမည်”ဟု ညီညီ(ခ)ဦးထွန်းမြင့်အောင်က ၎င်းလူမှုကွန်ရက်တွင် ရေးသားထားသည်။ 

 ဦးထွန်းမြင့်အောင်သည် ၂၀၁၅ အထွေထွေရွေးကောက်ပွဲ မတိုင်မီက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ( နေပြည်တော် )၏ အတွင်းရေးမှူးအဖြစ် တာဝန်ယူခဲ့သူတစ်ဦးဖြစ်ပြီး ရန်ပွဲတစ်ခုကြောင့် ထောင်ကျခဲ့ရာမှ NLD ပါတီနှင့် အဆက်အသွယ် ပြတ်တောက်ခဲ့သူဖြစ်သည်။ ၎င်းသည် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၂၁ခုနှစ် နှစ်ရက် နှစ်လပိုင်းတွင် သဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေဖောက်ဖျက်မှုဖြင့် တရားစွဲ အမှုဖွင့်ခဲ့သူတစ်ဦးဖြစ်ပြီး ၎င်းလုပ်ဆောင်မှုသည်လည်း နိုင်ငံရေး အမျိုးသားရေးတွင် သမိုင်းလှရန် သမိုင်းကျန်ရန်အတွက်ဟု ၎င်းကိုယ်တိုင် ပြောဆိုခဲ့သည်။

 ထို့အပြင် ၎င်းသည် ဦးခေါင်းကို သေနတ်ဖြင့် ပစ်ခတ်ခံရမှု တစ်ကြိမ်နှင့် နေအိမ် ဗုံးခွဲ ခံရမှုကိုလည်း ကြုံတွေ့ခဲ့ရပြီး ၎င်းနှင့် ၎င်းမိသားစုများအား စစ်ကောင်စီမှ လုံခြုံရေးပေးရန် တောင်းဆိုခဲ့သော်လည်း ရရှိခြင်း မရှိခဲ့ကြောင်း သိရသည်။

“ ကျွန်တော်တို့ ထောက်ပံ့ကြေးမတောင်းဘူး၊ မြေကွက်ပေးပါလည်း မပြောဘူး ၊ ကျွန်တော်တို့အိမ်ကို ကျွန်တော်တို့ ပြန်မယ်၊ ကျွန်တော်တို့ကို စောင့်ရှောက်မှုပေးပါ၊ ကျွန်တော်တို့ရဲ့မိသားစု ၊ကျွန်တော်တို့ရဲ့ အသက်အန္တရာယ် ဒါလေးတစ်ခုပဲ ကျွန်တော်တို့ တောင်းဆိုတာ၊ အခုထိ မပေးနိုင်သေးဘူး။ ကျွန်တော်လည်း အခုလက်ရှိ ဒီနေ့ ဒီအချိန်ထိ ပြေးနေရတုန်း “ ဟု ၎င်းက ဇူလိုင် ၉ရက်နေ့က အထက်ပါကဲ့သို့ လိုက်ခ်လွှင့်ပြောဆိုခဲ့သည်ကိုလည်း တွေ့ရသည်။ 

ထို့အပြင် ၎င်း လူမှုကွန်ရက်တွင်လည်း “ ဒီလောက် ကိုယ့်လူတွေ အသတ်ခံနေရတာ ဒုက္ခတွေရောက်နေတာ ဘယ်အသင်း ဘယ်အဖွဲ့ ဘယ်အုပ်စုကမှ ကိုယ့်လူတွေအတွက် ထိထိရောက်ရောက် မလုပ်ကြဘူး။ ဝမ်းနည်းစရာသိပ်ကောင်း နာကြည်းစရာသိပ်ကောင်းပါပေါ့ဗျာ။ ဘဝတူတွေ စည်းလုံးကြပါ ၊ ဘဝတူတွေ အချင်းချင်း ရိုင်းပင်း ကူညီကြပါ၊ ဘဝတူတွေ အချင်းချင်းချိတ်ဆက်ကြပါ ၊ မကြာမီအချိန်အတွင်းမှာ ကျုပ်တို့ဘဝတူတွေရဲ့ အင်အားစုတစ်ရပ် ထွက်ပေါ်လာတော့မည်”ဟု ဆက်လက်ရေးသားထားသည်ကိုလည်း တွေ့ရသည်။ 

လက်ရှိတွင် ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ကောင်စီကို ထောက်ခံအားပေးသူများသည် ၎င်းတို့ဖြစ်စဉ်များကို စာစီ လက်မှတ်ထိုးပြီး ၎င်းထံသို့ပေးပို့ရန် ဦးထွန်းမြင့်အောင်မှ တိုက်တွန်းထားခဲ့ပြီး လက်ရှိ နေရပ်လိပ်စာများကိုလည်း ဖော်ပြခြင်းမပြုကြရန်လည်း သတိပေးထားသည်ကိုလည်း တွေ့ရသည်။

 ပြီးခဲ့သည့် မေလပိုင်းတွင် စစ်တပ်ထောက်ခံသူများဖြစ်ကြသည့် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသားရေးအစည်းအရုံး ( MNO) ဥက္ကဋ္ဌ ဦးတင့်လွင်နှင့် အဆိုတော်လီလီနိုင်ကျော်တို့ သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရပြီးနောက် စစ်တပ်ထောက်ခံသူများအကြား လှုပ်လှုပ်ရှားရှား ဖြစ်ခဲ့ကြပြီး လက်ရှိတွင်လည်း မိမိနေအိမ်တွင် ဆက်လက်နေထိုင်သူများသည်လည်း စကားပြောမမှားအောင် ဆင်ခြင်နေရကြောင်းနှင့် တချို့လူများသည်လည်း ၎င်းတို့နေအိမ်များသို့ မပြန်ရဲကြဘဲ ရှောင်တိမ်းနေရသူများ အများအပြားရှိနေကြကြောင်း သိရသည်။ 

စာတည်း - သန့်ဇော်(သန်လျင်)

“Supported by the Staying Resilient Amidst Multiple Crises in Southeast Asia initiative of SEA Junction in partnership with CMB Foundation”

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required