မြန်မာတွင် ဩဇာချဲ့ထွင်ရန် တရုတ်က ရထားလမ်းသစ်ကို မည်သို့ အသုံးချသလဲ

မြန်မာတွင် ဩဇာချဲ့ထွင်ရန် တရုတ်က ရထားလမ်းသစ်ကို မည်သို့ အသုံးချသလဲ
Photo-AFP

ကြီးမားသော တရုတ်နိုင်ငံ၏ အစွန်းဖျားက ရထားလမ်းသစ်သည် ဒေသတွင် တရုတ်၏ ရည်မှန်းချက်များကို ဖွင့်ဟပြလျက် ရှိနေသည်။

အနောက်တောင်ပိုင်း ယူနန်ပြည်နယ်သည် အစွန်အဖျား ကျေးလက်ဒေသဖြစ်ကာ တော်တော်များများသည် အလွန်အမင်း ဆင်းရဲနေဆဲ ဖြစ်သည်။ တောင်စဉ်တောင်တန်းများတစ်လျှောက် ဖောက်လုပ်ထားသည့် ဒီ ရထားလမ်းသည် ခေတ်ဆန်မှုနှင့် အနည်းငယ် မလိုက်မဖက် ရှိသည်။

စာရေးသူတို့က ခရီးသွားနေရာ ဒါလီမြို့မှ မြန်မာနယ်စပ်မှ နာရီအနည်းငယ် ကွာဝေးသော လင်ကန် တောင်ပေါ်မြို့အထိ ရထားလမ်းအဆုံးပိုင်းအထိ လိုက်ပါခဲ့ကြသည်။

ဒီ ရထားလမ်းမှာ တရုတ်၏ စံနမူနာ ထားရသော ခေတ်မီ၊ သန့်ရှင်းပြီး အချိန်ကုန် သက်သာသည့် ‘ကျည်ဆန်’ ရထားများအတွက် အကောင်းဆုံး စံနမူနာတော့ ဖြစ်နေသည်။

လမ်းတစ်လျှောက် ခရီးသည်များကို စကားစမြည် ပြောကြည့်သည့်အခါမှာလည်း အမြင်အမျိုးမျိုးကို ကြားသိရသည်။

“ဒီ ရထားလမ်းက အရာရာကို တော်တော်လေး အဆင်ပြေသွားစေတယ်”ဟု ယင်း ဧရိယာမှ အလုပ်ကိစ္စအတွက် ခရီးထွက်လာသည့် ဖုံဟောင်ဆူးက ပြောသည်။

“အရင်ကဆို ဒီမှာ ရထားတွေ မရှိဘူး၊ ကျွန်တော် သွားမယ် လာမယ်ဆို အဝေးပြေးကား စီးရတယ်၊ ဒါဟာ အနည်းဆုံး ခုနစ်နာရီ၊ ရှစ်နာရီ ကြာမြင့်တယ်”ဟု ၎င်းက ပြောသည်။

သို့ရာတွင် ယင်း ရထားလမ်းသည် အများပြည်သူများအတွက် သက်သက်မဟုတ်သည်ကတော့ ရှင်းရှင်းလင်းလင်း ရှိနေသည်။

လင်ကန်တွင် အကြီးစားကုန်စည်ဝင်းနှင့် ကုန်တင်ကရိန်းများနှင့်အတူ ကြီးမားသော ရထားဂိတ်ဘူတာက ယင်းနေရာသည် တရုတ်မှ မြန်မာအပြင် ကျော်လွန်၍ ကုန်စည်တင်ပို့ရန်အတွက် တည်ဆောက်ထားခြင်းဖြစ်ကြောင်းကို ပြသလျက် ရှိသည်။

ရထားလမ်းစီမံကိန်းက ရှည်ကြာနေသည့်ကြားမှ ၂၀၂၁ ၌ ကုန်သွယ်ရေးလမ်းကြောင်းကိုသာ ဖွင့်လှစ်ခဲ့ခြင်းသည် အိမ်နီးချင်း အင်အားကြီးနိုင်ငံထံမှ မြန်မာနိုင်ငံက ထောက်ပံ့မှု ဆက်လက်ရရှိနေခြင်း၏ ရှင်းလင်းသော လက္ခဏာပဲ ဖြစ်သည်။

၂၀၂၁ ခုနှစ်တွင် မြန်မာနိုင်ငံ၌ စစ်တပ်က အာဏာသိမ်းချိန်တွင် ဒေသတွင်း အခြားသော နိုင်ငံအများစုလိုပင် တရုတ်သည်လည်း အစပိုင်း၌ ထင်မြင်ချက်ပေးရန် ရှောင်လွှဲနေခဲ့သည်။ တရုတ်သည် အခြေအနေများ မည်သို့ဖြစ်လာမည်ကို စောင့်ကြည့်ရင်း နှစ်နှစ်တာအချိန်ကို အကျိုးရှိစွာ အသုံးချကာ တစ်ဖက်ကလည်း အတိုက်အခံအုပ်စုများနှင့် ဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းထားသည်။

သို့ရာတွင် အခြေအနေက တမျိုးတဖုံ ပြောင်းလဲလာပုံ ရသည်။ မေလအတွင်း၌ တရုတ်နိုင်ငံခြားရေးဝန်ကြီး ချင်ကန်းက မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ခဲ့ပြီး အစောပိုင်းက တရုတ်တာဝန်ရှိသူများ ရှောင်ဖယ်နေခဲ့သော စစ်အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်နှင့် တွေ့ဆုံခဲ့သည်။

ယင်းတွေ့ဆုံမှုက တရားမဝင် စစ်အာဏာသိမ်းအုပ်စု၏ နောက်၌ တရုတ်က အလုံးစုံ ထောက်ခံထားသည်နှင့် ပြဿနာတက်နေသော စစ်အာဏာသိမ်းခေါင်းဆောင်များကို အသက်ဆက်ပေးနေသည်ဆိုခြင်းအား ရှင်းရှင်းလင်းလင်း သတင်းစကားပါးလိုက်ခြင်းပဲ ဖြစ်သည်။

တရုတ်က မြန်မာ၏ အကြီးဆုံးကုန်သွယ်ဖက် စစ်ကောင်စီအတွက် တန်ဖိုးမဖြတ်နိုင်သော တရုတ်၏ ထောက်ပံ့မှုကို လျှော့တွက်၍ မရနိုင်ပေ။

အမှန်အားဖြင့် တရုတ်သည် မြန်မာ၏ အကြီးဆုံးကုန်သွယ်ဖက်ဖြစ်ပြီး သတ္တု၊ အဖိုးတန်ကျောက်မျက်နှင့် မြေရှားဒြပ်စင်များအပါအဝင် မြန်မာကုန်စည်အားလုံး၏ ၂၇ ရာခိုင်နှုန်းကို ဝယ်ယူနေခြင်း ဖြစ်သည်။ စွမ်းအင်ဈေးကွက်တွင်လည်း မြန်မာ့စီးပွားရေး၏ အရေးပါဆုံးဖြစ်နေပြီး ၂၀၂၂ ၌ မြန်မာ၏ ဓာတ်ငွေ့တင်ပို့မှု ၃၈ ရာခိုင်နှုန်းကို တရုတ်က ဝယ်ယူခြင်း ဖြစ်သည်။

သို့ရာတွင် နိုင်ငံပိုင်ကုမ္ပဏီများအပါအဝင် တရုတ်ကုမ္ပဏီများသည် မြန်မာဆီ စစ်လက်နက်ပစ္စည်းများကို အများအပြား ရောင်းချနေပြီး အာဏာသိမ်းချိန်နောက်ပိုင်း ပေါင်သန်း ၂၀၀ ကျော်ဖိုး ရောင်းချခဲ့သည်ဟု မကြာသေးခင်က ကုလသမဂ္ဂ အစီရင်ခံစာတစ်ရပ်အရ သိရသည်။ ထိုစစ်လက်နက်ပစ္စည်းများ၏ အများစုသည် စစ်ကောင်စီထံသို့ တိုက်ရိုက်ရောက်ရှိပြီး ပြည်တွင်းစစ်၌ သုံးစွဲသည့် သက်သေများလည်း ရှိထားသည်။

မကောင်းသတင်းကျော်ပြီး တည်ငြိမ်မှုကင်းမဲ့သော နိုင်ငံထံမှ တရုတ်က ဘာများ ရနိုင်ပါသနည်း။ အမှန်တော့ လင်ကန်ကုန်သွယ်ရေးလမ်းကြောင်းသည် တရုတ်၏ ဖြစ်နိုင်သော ရည်ရွယ်ချက်၊ စေ့ဆော်မှုများကို တစ်ချို့တစ်ဝက် ညွှန်ပြလျက် ရှိနေသည်။

တရုတ်က လုံခြုံရေးဘေးအန္တရာယ်ကို ‘အလွန်သတိထား’ အမှန်အားဖြင့် ယခု ရထားလမ်း၏ တန်ဖိုးသည် တရုတ်အတွက် ဖြတ်သန်းသွားလာရုံမက တန်ဖိုးရှိသော ပင်လယ်ဆိပ်ကမ်းများဆီထိ အိမ်နီးချင်းမြန်မာနိုင်ငံကိုဖြတ်ပြီး ရောက်ရှိနိုင်ခြင်း ဖြစ်သည်။

ယခု ရထားလမ်း တရားဝင်မဖွင့်လှစ်ခင်က တရုတ်၊ ချန်ဒူမြို့မှ ကုန်စည်များကို မြန်မာကို ဖြတ်ပြီး ပင်လယ်မှတစ်ဆင့် စင်ကာပူသို့ တင်ပို့ရခြင်း ဖြစ်သည်။

ယခု ရထားလမ်းအားဖြင့် တရုတ်သည် အိန္ဒိယသမုဒ္ဒရာသို့ ဝင်ရောက်ခွင့် ရရှိမည်ပဲ ဖြစ်သည်။ မြန်မာကို ဖြတ်သန်းရသည့် လမ်းကြောင်းသာ မရှိပါက မလက်ကာရေလက်ကြားမှတစ်ဆင့် ကုန်စည်များကို ရှည်လျားသည့် လမ်းကြောင်းဖြင့် ကူးသန်းရမည်သာ ဖြစ်သည်။ ယင်း လမ်းကြောင်းကို တရုတ်က ရှည်လျားသည်ဟု မယူဆသော်လည်း ဘေးမကင်းရာအဖြစ် သတ်မှတ်ထားသည်။

“ဒီရထားလမ်းက တရုတ်ရဲ့ လက်တွေ့အကျိုးမျှော်ဝါဒ အချို့ကို ပြသနေတယ်”ဟု Economist Intelligence Unit မှ တရုတ်-မြန်မာဆက်ဆံရေး ကျွမ်းကျင်ပညာရှင် ချင်းလီက ပြောသည်။

“တရုတ်ဟာ ဒီရထားလမ်းကနေ အကျိုးစီးပွားကို ဖော်ဆောင်နေတာပဲ၊ ဒါပေမဲ့ လုံခြုံရေးနဲ့ စီးပွားရေး ဘေးအန္တရာယ်တွေကိုလည်း တော်တော်လေး သတိထားနေတယ်”ဟု ၎င်းက ပြောသည်။

အခြေခံအားဖြင့် တရုတ်သည် မြန်မာစစ်ကောင်စီအား ထောက်ပံ့ခြင်းမှ ဩဇာနှင့် အရှိန်အဝါအပြင် မြန်မာအပေါ် ကောင်းစွာ ဩဇာလွှမ်းထားခြင်းမှ အထူးသဖြင့် သဘာဝသယံဇာတရင်းမြစ်များအပြင် အရှေ့တောင်အာရှ၌ အင်အားချိန်ခွင်လျှာ အကျိုးအမြတ်ကိုပါ ရရှိမည်ကို သိရှိထားတော့သည်။

တရုတ်သည် အမေရိကန်နှင့် အနောက်အုပ်စု၏ ဩဇာလွှမ်းမိုးမှုကို ရှောင်လွှဲလိုသည်ကတော့ တွက်ချက်၍ ရနိုင်သည်။ သို့ရာတွင် မြန်မာက ပဋိပက္ခများက တရုတ်၏ ရည်မှန်းချက်များအတွက် အဟန့်အတား ဖြစ်နေသည်က သံသယရှိစရာ မရှိပေ။

အမှန်အားဖြင့် မြန်မာပဋိပက္ခများကြောင့် ခရီးသွားဧည့်သည်များကို ဆွဲဆောင်ရာ နယ်စပ် ရွှေလီမြို့တွင် လူများ ဖြတ်သန်းခြင်းနှင့် ကုန်စည်ကူးသန်းခြင်းများက ယခင်ကထက် များစွာ လျော့ပါးသွားခဲ့သည်။

မြန်မာနယ်စပ်ပြည်သူများအတွက် အသက်သွေးကြော တရုတ်က မြန်မာစစ်ကောင်စီအတွက် ဆက်လက်ရပ်တည်ခွင့် ပေးထားလျှင် မြန်မာနယ်စပ်က ပြည်သူများအတွက်ပါ အသက်ရှုချောင်စေသည်ကို ရွှေလီတွင် ထင်သာမြင်သာ တွေ့ရသည်။

မြန်မာလမ်းပေါ်တွင် ဖွင့်လှစ်ထားသော စည်ကားသည့် ဈေးအတွင်း အဒေါ်ဟု အဓိပ္ပာယ်ရသည့် အမိုးဟု ခေါ်စေသည့် အမျိုးသမီးတစ်ဦးနှင့် စာရေးသူတို့ တွေ့ဆုံခဲ့ရသည်။ သူသည် မြန်မာဘက်က နေအိမ်မှ နယ်စပ်ကိုဖြတ်ပြီး ဒေသထွက်ဆေးဖက်ဝင်အပင်များ ရောင်းချကာ နေ့စဉ်စားသောက်စရိတ် ဖြေရှင်းနေရသူဖြစ်သည်။

စစ်ပွဲက “ခက်ခဲစေပြီး ရောင်းရေးဝယ်တာ မကောင်းကြောင်း” သူက ပြောသည်။

“အခုတော့ COVID လည်း ကောင်းမွန်လာပြီ၊ ကျွန်မတို့ ဒီကိုလာပြီး ဈေးဆိုင်ခင်းလို့ ငွေနည်းနည်း ဝင်လာပါပြီ”ဟု ၎င်းက ဆိုသည်။

“အင်း၊ အခုတော့ နည်းနည်း ပြန်ကောင်းလာပါပြီ၊ အရင်နှစ်တွေကဆို COVID နဲ့ ပြည်တွင်းစစ်ကြောင့် ကျွန်မတို့ တော်တော်လေး အခက်တွေ့ရတယ်”ဟု သူက ပြောခဲ့သည်။

ရွှေလီတွင် ပြည်သူချင်းကြား ခင်မင်ရင်းနှီးမှု တော်တော်များများ ရှိထားပြီး တရုတ်ကုန်သည်များက အစိုးရ၏ ရပ်တည်ချက်ကို လက်ခံကာ ကျယ်ကျယ်ပြန့်ပြန့် ထောက်ခံကြသည်။

မြန်မာကျောက်စိမ်းများ ရောင်းချသည့် တရုတ်အမျိုးသမီးတစ်ဦးက ဆက်ဆံရေးက “အတော်လေး သဟဇာတ ဖြစ်ကြောင်း” ပြောဆိုသည်။

“တရုတ်ခေါင်းဆောင်တွေနဲ့ မြန်မာခေါင်းဆောင်တွေ ပိုပြီး ကျွမ်းဝင်ကြရင် စီးပွားရေး ညှိနှိုင်းဆောင်ရွက်မှုတွေ ရှိလာမှာ ဖြစ်ပါတယ်”ဟု ၎င်းက ပြောခဲ့သည်။

မတည်ငြိမ်မှုထက် ပိုပြီး တရုတ် မလိုလားသည့်အရာ ရှိမည် မဟုတ်ပေ။ တရုတ်သည် စစ်ကောင်စီအား သွယ်ဝိုက်ထောက်ပံ့နေခြင်းသည် စစ်အုပ်ချုပ်ရေးကို ကြီးမားစွာ အင်အားတောင့်တင်းစေပြီး ပဋိပက္ခကို ရှည်ကြာစေလိမ့်မည် ဖြစ်သော်လည်း နောက်ထပ် အင်အားအပြောင်းအလဲအတွက် လုပ်ဆောင်နေခြင်းသာ ဖြစ်ကောင်းဖြစ်နိုင်ပေသည်။

(မိုးသဲ ဘာသာပြန်သည်။)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly