သရုပ်ဆောင်မင်းအုပ်စိုး အမှုရုံးချိန်းတွင် လွှတ်တော်ကိုယ်စားလှယ်ဦးလှဆွေ လာရောက်လေ့လာပြီး အမှုမှန် ပေါ်ပေါက်ရန် ကူညီမည်ဆို

သရုပ်ဆောင်မင်းအုပ်စိုး အမှုရုံးချိန်းတွင် လွှတ်တော်ကိုယ်စားလှယ်ဦးလှဆွေ လာရောက်လေ့လာပြီး အမှုမှန် ပေါ်ပေါက်ရန် ကူညီမည်ဆို
ဓါတ်ပုံ အောင်ကိုဦး

ရန်ကုန် ဇူလိုင် ၁ ။     ။ သရပါမဂ္ဂဇင်း အယ်ဒီတာမတေးနုရင်ကို သတ်မှုဖြင့်တရားစွဲဆိုခံထားရသည့် သရုပ်ဆောင်၊ ဒါရိုက်တာ မင်းအုပ်စိုး၏အမှုကို စစ်ဆေးသည့်ဇူလိုင် ၁ ရက် ရုံးချိန်းတွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေ လာရောက်လေ့လာ ခဲ့ပြီး အမှုမှန်ပေါ်ပေါက်ရေးအတွက်ကူညီဆောင်ရွက်ပေးသွားမည်ဟုပြောသည်။

၎င်းက " တေးနုရင်တို့မိဘတွေက ကျွန်တော့်ရဲ့မဲဆန္ဒနယ်ကပါ၊ နောက်ပြီးဒီအမှုကို   လဲကျွန်တော်စိတ်ဝင် စားပါတယ်၊ ယော အသင်းကလဲကျွန်တော့်ကိုလာပြီး  အကူအညီတောင်းတာကြောင့် အမှုမှန်ပေါ်ပေါက် ရေးအတွက် ကူညီ ဆောင်ရွက်ပေးသွား ပါမယ်။ " ဟုပြောသည်။

ဇူလိုင် ၁ ရက်ရုံးချိန်းတွင် သရုပ်ဆောင်မင်းအုပ်စိုးကိုစစ်ဆေးခဲ့ရာ ပြီးခဲ့သည့် ရုံးချိန်းတွင် ထွက်ဆိုခဲ့သည့် အမျိုးသား တစ်ဦးနှင့် ငြိစွန်းသည် ဆိုသည့် ထွက်ဆိုချက်မှာ  မတေးနုရင်၏ဂုဏ်သိက္ခာကို ကျစေလိုသော ရည်ရွယ်ချက်ဖြင့် ထွက်ဆိုခဲ့ခြင်း မဟုတ်ဘဲ အမှန်အတိုင်းထွက်ဆိုခဲ့ခြင်းဖြစ်သည်ဟု လျှောက်တင်ခဲ့သည်။

ပြီးခဲ့သည့် ဇွန် ၂၄ ရက်ရုံးချိန်းက မတေးနုရင်သည်  စာရေးဆရာတစ်ဦးနှင့်တွဲနေခြင်းကိစ္စနှင့်ပတ်သက်၍ ဆုံးမရာမှစတင် ဖြစ်ပွား ခဲ့ခြင်းဖြစ်သည်ဟု သရုပ်ဆောင်မင်းအုပ်စိုးကထွက်ဆိုခဲ့ခြင်းဖြစ်သည်။

အမှုဖြစ်စဉ်မှာပြီးခဲ့သည့် ဒီဇင်ဘာ ၂၅ ရက်၊ နံနက် ၂ နာရီခွဲဝန်းကျင်က ဗဟန်းမြို့နယ်၊ဗိုလ်ချိုရပ်ကွက်၊ ဖိုးစိန်လမ်းတွင်ရှိသည့် သရုပ်ဆောင်မင်းအုပ်စိုး၏နေအိမ်တွင် သရပါမဂ္ဂဇင်းအယ်ဒီတာ မနုနုရင်(ခ) တေးနုရင်ကို လူမှုရေးကိစ္စမေးမြန်းရာမှ မေးမရ သဖြင့်မင်းအုပ်စိုးထိုးကြိတ် ရိုက်နှက်ခဲ့ရာ မှ မနုနုရင် သေဆုံးခဲ့၍ ဗဟန်းမြို့မရဲစခန်း ရဲအရာခံလင်းထွဋ်က တရားလို ပြုတိုင်တန်း ခဲ့ခြင်းဖြစ်ဟု ရဲမှတ်တမ်းများတွင်ဖော်ပြထားသည်။

မနုနုရင်(ခ)တေးနုရင်သည် သရပါမဂ္ဂဇင်းတွင်တာဝန်ထမ်းဆောင်နေသည်မှာ ၇ နှစ်ဝန်းကျင်ခန့်ရှိနေပြီဖြစ်ပြီး ၎င်းအလုပ်လုပ် သည့် သရပါမဂ္ဂဇင်းတိုက်သည် မင်းအုပ်စိုး၏နေအိမ်ခြံဝင်းအတွင်းရှိကာ မဂ္ဂဇင်းဖောင် ပိတ်သည့်ရက်များတွင် တိုက်၌ပင်ည အိပ်လေ့ရှိသူတစ်ဦးဖြစ်သည်။

အဆိုပါအမှုကို ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံး၊ တွဲဖက်ခရိုင်တရားသူ ကြီး (၃)က ပြစ်မှုကြီးအမှတ် ၇/၁၅ ဖြင့်လက်ခံ စစ်ဆေးနေပြီး၊ လာမည့် ဇူလိုင် ၈ ရက်တွင် စစ်ဆေးရန်ရုံးချိန်း ချိန်းဆိုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly