မကြာမီ လာမည့် ကမ္ဘာ့အစီအစဉ် (New global order) အသစ်သုံးလွှာနှင့် နိုင်ငံရေးအတွေး‌‌အခေါ်ဟောင်း၊ လုပ်ရိုးလုပ်စဉ်ဟောင်းတွေ လွှမ်းမိုးနေသေးတဲ့ မြန်မာ့နွေဦးတော်လှန်ရေး အကျပ်အတည်း

By ဇော်တူးဆိုင်း
19 July 2023
မကြာမီ လာမည့် ကမ္ဘာ့အစီအစဉ် (New global order) အသစ်သုံးလွှာနှင့် နိုင်ငံရေးအတွေး‌‌အခေါ်ဟောင်း၊ လုပ်ရိုးလုပ်စဉ်ဟောင်းတွေ လွှမ်းမိုးနေသေးတဲ့ မြန်မာ့နွေဦးတော်လှန်ရေး အကျပ်အတည်း

အင်အားကြီး ရုရှားအကျ၊ ကိုဗစ်အလွန် တရုတ်စီးပွားရေး မဟာပြန် အဖွင့်နှင့် ယူကရိန်းစစ်မျက်နာမှာ လက်စွမ်းပြနေတဲ့ အမေရိကန် (ကန်) ရဲ့ စစ်လက်နက်နှင့် နည်းပညာတွေဟာ မတူညီတဲ့ ကမ္ဘာ့ အစီအစဉ်သစ် (New global order) အလွှာ သုံးလွှာကို ဆောင်ကြဉ်းတော့မယ်လို့ ပညာရှင်တွေ မှန်းဆကြပါတယ်။ ဒီကြားထဲမှာ မြန်မာ့နွေဦးတော်လှန်ရေးကတော့ နိုင်ငံရေးရဲ့ အခြေအမြစ်ကို ဟောင်းနွမ်းတဲ့ နားလည်မှုတွေ၊ တစ်ပတ်ရစ် လုပ်ရိုးလုပ်စဉ်၊ အားနည်းတဲ့ ခေါင်းဆောင်မှုနှင့် ပြည့်နှက်နေတာကို တွေရပါလိမ့်မယ်။ 

ယနေ့ နိုင်ငံတကာ သတင်းခေါင်းစဉ်တွေကို ကြည့်လိုက်လျှင် ၉၀ ရာခိုင်နှုန်းကျော်ဟာ  ပထဝီနိုင်ငံရေး တင်းမာမှုနှင့် ပဋိပက္ခတွေ အကြောင်းအရာတွေက များပါတယ်။ ဒီလို ဖြစ်နေတာဟာ အောက်မှာ ဆွေး‌‌‌နွေးမယ့် အကြောင်းအရင်း သုံးချက်ကြောင့် ဖြစ်ပေါ်နေတယ်လို့ ယူဆလို့ ရပါတယ်။ 

(၁) အချက်ကတော့ စစ်အေးအလွန် ရုရှားဟာ သမ္မတ ပူတင်ခေါင်းဆောင်မှုနှင့် သူတို့ရဲ့  စီပွားရေးနဲ့ စစ်ရေးတွေရဲ့ (Capability) စွမ်းဆောင်နိုင်မှုတွေ ညံ့ဖျင်:မှု၊ ၎င်းရဲ့ အင်အားကြီး (Super Power) နိုင်ငံက‌နေ အောက်ကျသွားတာကို ယူကရိန်း စစ်မျက်နှာမှာ ဖွင့်ချလိုက်တာပါပဲ။ အခုလို ရုရှားဟာ စစ်ရေးအရ မဟာဗျူဟာ ချထားခဲ့သလို ယူကရိန်း တစ်နိုင်ငံလုံးကို လွှမ်းမိုး၊ထိန်းချုပ်နိုင်ခြင်း မလုပ်နိုင်‌တော့တာကြောင့် ရုရှားခေါင်းဆောင်တွေဟာ အကြီးကျယ် ဒေါသထွက်နေကြပါတယ်။

(၂) အချက်ကတော့ တရုတ်နိုင်ငံဟာ အမေရိကန်ဦးဆောင်တဲ့ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့နှင့် ကမ္ဘာ့ဘဏ်တို့လို အဖွဲ့အစည်းများတွင် ပေါင်းစည်းခဲ့ပြီး လွန်ခဲ့တဲ့ ဆယ်စုနစ်တွေမှာ အရင်းရှင် စီးပွားရေးလှိုင်းထဲကို ၀င်လာပြီး အများကြီး ချမ်းသာ လာခဲ့ပါတယ်။ ဒါကြောင့် စစ်ရေးအရလည်း အားကောင်းလာပြီး တောင်တရုတ်ပင်လယ်မှာ နယ်မြေချဲ့ထွင်တဲ့ အပြုအမှုတွေ လုပ်လာပါတယ်။ ဒီလိုဘဲ အနောက်နိုင်ငံတွေက မျှော်လင့်ခဲ့သလို နိုင်ငံရေးအရ လစ်ဘရယ် ဒီမိုကရေစီဘက်ကို ယိမ်းမလာဘဲ တရုတ်နည်း တရုတ်ဟန် အာဏာရှင် ကွန်မြူနစ်နိုင်ငံဖြစ်နေတုန်းပါဘဲ။ အစိုးရထိန်းချုပ်တဲ့ အရင်းရှင် စီးပွားရေး အားကောင်းလာတဲ့ တရုတ်တွေဟာ အမေရိကန်တွေလိုပဲ  ဖြစ်လာခဲ့လိမ့်မယ်ဆိုပြီး အနောက်လစ်ဘရယ်တွေက တွက်ဆခဲ့ကြပါတယ်။ တရုတ်တွေဟာ တရုတ်တွေပဲ  ဖြစ်နေတုန်းပါပဲ။ အမေရိကန်က အဲဒါကို အထူး ဘ၀င်မကျပါဘူး။

(၃) ကတော့ အမေရိကန်ပြည်ထောင်စုရှိ သန်းနှင့်ချီသော နိုင်ငံသားများနှင့် အခြားချမ်းသာသော ဒီမိုကရေစီနိုင်ငံများရှိတဲ့ လူထုက ဂလိုဘယ်လိုက်ဇေးရှင်းကြောင့် နောက်ကျ ကျန်ရစ်နေရတယ်လို့ ခံစားနေကြရပါတယ်။ လူလတ်တန်းစာ (middle class) တွေလည်း နည်းလာနေပါတယ်။ ဆယ်စုနှစ်များစွာ လျစ်လျူရှုထားတဲ့ အကျိုးဆက်ကြောင့် ၎င်းတို့၏အစိုးရများနှင့် ခေါင်းဆောင်တွေကို အားမလိုအားမရ ဖြစ်ပြီး အနောက်နိုင်ငံ အစိုးရခေါင်းဆောင်တွေရဲ့ တရား၀င်မှု ရှိမရှိ မေးခွန်းထုတ်နေကြပါတယ်။

အထက်ပါ ဆွေးနွေးခဲ့ သုံးချက်ကြောင့် ပထဝီနိုင်ငံရေး တင်းမာမှု နှင့် ပဋိပက္ခတွေကို ယနေ ကမ္ဘာ့က ရင်ဆိုင်နေရပါတယ်။ လက်ရှိ ကမ္ဘာ့ အစီအစဉ် (current global order) ဟာ ဝင်ရိုးနှစ်ခုကမ္ဘာ (bi-polar world) လား?၊ ဝန်ရိုးတစ်ခုတည်းကမ္ဘာ (Unipolar world) လား?၊ ဝန်ရိုးအများကမ္ဘာ (a multi-polar world)လား? ဆိုပြီး ငြင်းဆို (Debate) လုပ်နေကြပါတယ်။ လက်ရှိဖြတ်သန်းနေရတဲ့ ကမ္ဘာကို ဘယ်သူကမှ ဦးဆောင်မှု ပေးမနေဘူဆိုပြီးတဲ့ သုံးသပ်ချက်တွေပါ။ ဒီလိုပဲ  ယနေ့ ကမ္ဘာမှာ ခေါင်းဆောင်မဲ့ နေထိုင်ကြသလို ဖြစ်နေပါတယ်။

ဒါပေမယ့် လက်ရှိ ခေါင်းဆောင်မဲ့ကမ္ဘာမှာ ကျနော်တို့ ကြာကြာနေရမှာ မဟုတ်တော့ပါဘူး။ ဒါဆို ဘာတွေနှင့် ဘယ်လို ဆက်ကြမှာလဲ?။ ဘယ်သူက ဦးဆောင်မှာလဲ?။  ဘယ်လို ကမ္ဘာ့အစီအစဉ်မျိုးတွေ ဖြစ်လာနိုင်မလဲ?။ လာမယ့် (၅-၁၀) နှစ် ကြားမှာ ဘာတွေ မျှော်လင့်ထားကြသလဲ?။ ကျနော်တိုကို အံ့အားသင့်စေမဲ့ ကမ္ဘာ့ အစီအစဉ်သစ် (New global order) ကတော့ မတူညီတဲ့ သုံးလွှာ ဖြစ်နိုင်တယ်ဆိုပြီး ရပါတယ်။ ဒီကမ္ဘာ့အစီအစဉ် အသစ် သုံးမျိုး သုံလွှာဟာ တစ်ခုနှင့် တစ်ခု အနည်းငယ်တော့ ထပ်ပြီး ဆက်စပ်နေပါလိမ့်မယ်။

ပထမအနေနှင့် ယနေ့ စစ်ရေး လုံခြုံရေးနှင့် ပတ်သက်ရင် ကမ္ဘာ့အစီအစဉ်က တစ်လွှာဘဲရှိပါတယ်။ ကန် ဦးဆောင်တဲ့  စစ်ရေး လုံခြုံရေးနှင့် ဆိုင်တဲ့ ကမ္ဘာ့အစီအစဉ် အလွှာသစ်ပါ။ နိုင်ငံတကာနှင့် ရေမျက်နှာပြင်နှင့်  မြေပုံမှာ မြင်ရတဲ့အတိုင်း၊ ကန်နဲ့ အနောက်နိုင်ငံ မဟာမိတ်တွေက စစ်ရေး လုံခြုံရေးအပေါ်မှာ သြဇာအရှိဆုံး နိုင်ငံတွေပါ။ အမေရိကန်သည် ၎င်း၏ စစ်သားများနှင့် အချိန်တိုလေးအတွင်းမှာပဲ လေယာဉ်တင် သင်္ဘောသားများကို ကမ္ဘာ‌အနှံ စေလွှတ်နိုင်သည့် တစ်ခုတည်းသော နိုင်ငံဖြစ်ပြီး ၎င်းသည် ကမ္ဘာ၏ အရပ်ရပ်သို့ စစ်လက်နက်ပစ္စည်းများကို အချိန်နှင့် တစ်ပြေးညီရှိနေပြီး၊  ကန်လို နိုင်ငံတကာ ပထဝီစစ်ရေး အနေအထားအရ အ‌‌ရေးကြီးတဲ့ နေရာတွေမှာ ၎င်းရဲ့ စစ်တပ်နှင့် လေ၊ ရေတပ်တွေချနိုင်တာမျိူး အခြားဘယ် နိုင်ငံကမှ မရှိပါ။ ဆိုလိုချင်တကတော့ ကန်အစိုးရက တစ်ဦးတည်းဦးဆောင်တဲ့ ကမ္ဘာ့ စစ်ရေး လုံခြုံရေး ကမ္ဘာ့အစီအစဉ်ပါပဲ။ 

ဒီလို အချိန်မှာပဲ ယူကရိန်းစစ်မျက်နာမှာ လက်စွမ်းပြနေတဲ့ အမေရိကန်ရဲ့ စစ်လက်နက်နှင့် နည်းပညာတွေ‌ကြောင့်ပဲ ဇွန်လက ကန်ကို လာသွားတဲ့ အိန္ဒိယ၀န်ကြီးချုပ် Narendra Modi လေးရက်ကြာ နိုင်ငံတော်ခရီးစဉ်ရဲ့ ရလဒ်အနေနှင့် နှစ်နိုင်ငံစလုံး ၎င်းတို့၏ ကာကွယ်ရေးနှင့် ဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုတွင် ဆက်လက်လုပ်ဆောင်သွားမယ်လို့ နှစ်နိုင်ငံသဘောတူညီချက်တွေ ရရှိခဲ့ပါတယ်။ အရေးအကြီးဆုံးကတော့ အိန္ဒိယလေတပ်အတွက် တိုက်လေယာဉ်အင်ဂျင်များထုတ်လုပ်ရန် ကန်ကုမ္ပဏီ General Electric နှင့် Hindustan Aeronautics Limited တို့ ပေါင်းပြီး တိုက်လေယာဉ်များ ထုတ်လုပ်နိုင်ဖို့နှင့် စစ်ဘက်ဆိုင်ရာ နည်းပညာများ မျှဝေခြင်းနှင့် ပတ်သက်၍ ပူးပေါင်းဆောင်ရွက်မည့် ကြီးမားသော စစ်ဘက်ပိုင်းဆိုင်ရာ ခြေလှမ်းသစ်တွေဖြစ်ပါတယ်။ 

အိန္ဒိယက စစ်လက်နက် အသစ်တွေထုတ်၊ ကန်ကနေလည်း ဝယ် မယ်ဆိုတော့ ၎င်းရဲ့ အဟောင်းတွေကိုပဲ၊ ပြန်လည်အသုံးပြု (Recycle)ဖို့ ရောင်းရင် ဝယ်ဖို့ မြန်မာ စစ်ကောင်စီက ထိုင်စောင့်နေပါတယ်။ ဒီလို အချိန်မျိုးမှာ ပထဝီနိုင်ငံရေးတွေ ပါလာတော့ နယ်စပ်ချင်း ထိနေတဲ့ ချင်းပြည်နှင့် စစ်ကိုင်းတိုင်းမှာ ရှိတဲ့ နိုင်ငံရေး အစုအဖွဲ့တွေက အရေးကြီးလာပါတယ်။ ချင်းနှင့် စစ်ကိုင်းမှာရှိတဲ့ နိုင်ငံရေးအင်အားစုတွေ ဒီထက်စုစည်းပြီး ခိုင်မာအောင် လုပ်နိုင်ရင် အမျိုးသားညီညွတ်ရေး အစိုးရ (NUG) အတွက် ကုတ်အား၊ ကန်အားတွေ များလာနိုင်ပြီး  အိန္ဒိယနှင့် ကန်တို့ ကစားနေတဲ့ ပထဝီနိုင်ငံရေး အစီအစဉ် အသစ်ထဲမှာ ပါလာနိုင်ပါတယ်။ ဒီလို စုစည်း လုပ်နိုင်ရင် ဒီမိုကရေစီ ဖေါ်ဆောင်ရေးအတွက် တစ်စုံတစ်ရာ အသုံးချနိုင်မှာ ဖြစ်ပါတယ်။ နွေဦးတော်လှန်ရေး အင်အားစုများ၏ စစ်ရေးအောင်ပွဲ သော့ချက်ဟာ မြန်မာ၏ အိမ်နီးချင်းများဖြစ်တာကြောင့် နိုင်ငံခြားရေး မူဝါဒတွေ ချမှတ်ရာ နေရာမှာ တိုင်းရင်းသား ခေါင်းဆောင်များကို နေရာပေးသင့်ပါတယ်။ ဒါပေမဲ့ ဒီဒေသတွေမှာ ဦးဆောင်နေတဲ့ ဒီချုပ်နှင့် သက်ဆိုင်တဲ့ နွေဦးတော်လှန်ရေး ခေါင်းဆောင်းတွေရဲ့ နိုင်ငံရေး အခြေအမြစ်ကို ဟောင်းနွမ်းတဲ့ နားလည်မှုတွေ၊ တစ်ပတ်ရစ် လုပ်ရိုးလုပ်စဉ်၊ အားနည်းတဲ့ ခေါင်းဆောင်မှုနှင့် ပြည့်နှက်နေတာကြောင့် စုစည်းထားတဲ့ ချင်းပြည်နယ် အတိုင်ပင်ခံ ကောင်စီတောင် ကွဲပြီး စစ်ကိုင်းမှာတော့ တိုင်းအရ နိုင်ငံရေး စုဆောင်းနိုင်ဖို့ နှေးကွေးနေတာပါ။ 

ဒုတိယ ကမ္ဘာ့အစီအစဉ် အလွှာသစ်ကတော့ တရုတ်ပြည်ရဲ့ ၂၀၃၀ ခုနှစ်လောက်ဆိုရင် ကန်ကို ကျော်တက်ပြီး ကမ္ဘာ့အကြီးဆုံး စီပွား‌ရေး အင်ဂျင်ကြီး ဖြစ်လာတော့မယ်ဆိုတဲ့ အခင်းအကျင်း ဖြစ်ပါတယ်။ တရုတ်ရဲ့  စီပွား‌ရေးအင်အားကောင်းလာရင်း ၎င်း၏ စစ်ရေးစွမ်းရည်များ ကြီးထွားလာနေပါတယ်။ အာရှရှိ အမေရိကန် မဟာမိတ် အများအပြားဟာ တရုတ် စစ်ရေးနှင့် ပတ်သက်၍ စိုးရိမ်နေကြပေမဲ့ စီးပွားရေး မိတ်ဖက်အဖြစ်ကနေ ရှောင်လို့ မရ ဖြစ်နေပါတယ်။ အကျိုးဆက်အနေဖြင့် စစ်ရေးနှင့် လုံခြုံရေးအတွက် အမေရိကန်အစိုးရအပေါ်မှာသာ ပိုမို မှီခို လာပါတယ်။ ဗီယက်နမ်လို ကွန်မြူနစ်နိုင်ငံတောင်မှ ကန်ရဲ့ စစ်လက်နက်ပစ္စည်း အမြောက်အမြားကို ဝယ်ယူထားပါတယ်။ ရုရှားက ယူကရိန်းကို ကျူးကျော်လာတာကြောင့် ဥရောပရှိ အမေရိကန် မဟာမိတ်များက အမေရိကန်တို့အပေါ် စစ်ရေးနှင့် လုံခြုံရေး မှီခိုမှု ပိုများလာပါတယ်။ 

ဒီလို အနောက်ဥရောပ မဟာမိတ်တွေနှင့် တရုတ်ရဲ့ အိမ်နီးနားချင်း အာရှနိုင်ငံတွေနှင့် အော်စတြေးလျနိုင်ငံ အပါအ၀င် အများအပြားဟာ စစ်ရေး လုံခြုံရေးနှင့် ပတ်သက်ရင် ကန်ကို ကပ်နေသလို စီးပွားရေးနှင့် ပတ်သက်လာရင် တရုတ်နှင့် ‌‌‌‌‌‌‌‌ကင်းကွားလို့ မရပါဘူး။ အမေရိကန်နှင့် တရုတ်တို့သည် စီးပွားရေးနှင့် ကုန်သွယ်ရေးမှာ အလွန်အမင်း အပြန်အလှန် မှီခိုနေရတာကြောင့် တစ်နိုင်ငံက ကျန်တဲ့ နိုင်ငံကို ထိန်းချုပ်ဖို့  ကြိုးစားလို့ မရနိုင်ပါဘူး။ ကုန်သွယ်မှုက ငြိမ်းချမ်းရေးကို အားပေးတယ်လို့ (Trade promotes peace)  ဆိုသလိုပဲ အမေရိကန်နဲ့ တရုတ် နှစ်နိုင်ငံကြားမှ စစ်အေး (Cold war) မဖြစ်နိုင်တော့ဘူးလို့ သုံးသပ်ကြပါတယ်။ ဒါကြောင့် စီးပွားရေးနှင့် ပတ်သက်ရင် ဝင်ရိုးနှစ်ခုကမ္ဘာ (bi-polar economic world) ဖြစ်လာလိမ့် မယ်လို့ ခန်းမှန်းကြပါတယ်။ ဒီလို အခြေအနေမျိုးတွေကြောင့်ပဲ တရုတ်ရဲ့ စီးပွားရေးက တဖြည်းဖြည်း ကျယ်ပြန့်လာပြီး နှစ်မကြာမီ ကမ္ဘာ့အကြီးဆုံး စီးပွား‌ရေးနိုင်ငံ ဖြစ်လာတော့မှာပါ။ 

တစ်ချိန်တည်းမှာပဲ ကိုဗစ်အလွန် တရုတ်ဟာ ၎င်းရဲ့ စီးပွားရေး မဟာအဖွင့်ကြောင့် ကုန်ကြမ်းနှင့် သဘာဝအရင်းအမြစ် အများအပြား လိုအပ်လာတော့ မဟာဗျူဟာမြောက် စီမံကိန်းတွေ ပြင်ဆင်ပြီး မြန်မာ့အရေးမူ၀ါဒ အထိုင်သစ် ပြန်ချလာပါတယ်။ မြန်မာနိုင်ငံရဲ့ ပြည်တွင်း လုံခြုံရေး အခြေအနေ ဆိုးရွားနေဆဲ ဖြစ်နေပေမဲ့ တရုတ်အစိုးရက လက်လီအားထုတ်ပြီး သူ့အကျိုးစီးပွားအတွက် ထိန်းထားနိုင်ခဲ့ပါတယ်။   

ဒီလို အခြေအနေမျိုးမှာ တရုတ်နှင့် နီးစပ်တယ်လို့ ရည်ညွှန်းခဲ့ရလေ့ရှိတဲ့ တိုင်းရင်းသားအဖွဲ့တွေနှင့် နုကြည်က စစ်အာဏာရှင် ဆန့်ကျင်တိုက်ပွဲ၀င်တဲ့ အားကို စုဖို့ တရုတ်ရဲ့ စီးပွားရေး လိုအပ်ချက်တွေကို ကုတ်အား ကန်အားအနေနှင့် ရယူ ကြိုးစားဖို့ မလုပ်ကြဘဲနှင့် ဟောင်းနွမ်း‌သော နိုင်ငံရေး အတွေး‌‌အခေါ်၊ လုပ်ရိုးလုပ်စဉ်တွေ ကြားမှာပဲ မျောနေကြပြီး ဘုံ ရည်မှန်းချက်တွေ မတွေ့နိုင်ဖြစ်နေပါသေးတယ်။ ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံ စုပေါင်း တည်ဆောက်‌ရေးကို ‌ရှေ့တန်းမတင်နိုင်ဘဲ ရေတိုကို မျှော်ကိုးတဲ့ ပေါ်လစီတွေ ထုတ်ပြန်ပြီး ခွဲခြားဆက်ဆံနေတာကို ခံနေကြရတယ်။  

တတိယ ကမ္ဘာ့အစီအစဉ် အလွှာသစ်ကတော့ ဒစ်ဂျစ်တယ် (Digital order) ဖြစ်ပါတယ်။ သတင်း၊ အချက်အလက်၊ ဆက်သွယ်ရေး ခေတ်သစ် နည်းပညာ ခေတ်သစ်ပါပဲ။ အထက်မှာ ဆွေးနွေးခဲ့တဲ့ ကန်နှင့် တရုတ်အစိုးရတွေက ထိန်းချုပ်တဲ့ ကမ္ဘာ့စစ်‌‌ရေးနှင့် စီးပွားရေး အစီအစဉ်သစ်တွေလို မဟုတ်ဘဲ နည်းပညာကုမ္ပဏီတွေကြီးတွေက ဦးဆောင်မဲ့ ဒီ ဒစ်ဂျစ်တယ် ကမ္ဘာ့အစီအစဉ် အသစ်ဖြစ်ပါတယ်။ 

ရုရှားက ဆိုက်ဘာတိုက်ခိုက်မှု (cyber attack) ကနေ ယူကရိန်းကို ခုခံကာကွယ်နိုင်တဲ့ ကိရိယာနှင့် နည်းပညာတွေကို ထောက်ပံ့ပေးနေတာ အနောက်တိုင်းက နည်းပညာကုမ္ပဏီတွေ ဖြစ်ပါတယ်။ ယူကရိန်းခေါင်းဆောင်များကို ၎င်းတို့၏ ဗိုလ်ချုပ်များနှင့် ၎င်းတို့၏ ရှေ့တန်းစစ်မျက်နှာက စစ်သည်တွေကို စကားပြောဆိုနိုင်အောင် လုပ်ပေးနေတာ ဒီနည်းပညာကုမ္ပဏီကြီးတွေ ဖြစ်ပါတယ်။ အကယ်၍ အဆိုပါ နည်းပညာကုမ္ပဏီတွေ မကူညီပါက  ယူကရိန်းတွေရဲ့ တပ်တွေဟာ ချက်ချင်းဆိုသလို လိုင်းတွေ မရ ဖြစ်သွားမည် ဖြစ်ပါတယ်။

ဒီနည်းပညာတွေနှင့် လူမှုကွန်ရက်တွေ (social media platforms) ကို သုံးပြီး သမ္မတရွေးကောက်ပွဲတွင် အမေရိကန်သမ္မတ Donald Trump ရှုံးနိမ့်ပြီးနောက် ဇန်နဝါရီ ၆ ရက်၊ ၂၀၂၁ မှာ သူ့ကို ထောက်ခံတဲ့ လူအုပ်ကြီးကို ဝါရှင်တန်ဒီစီရှိ ကွန်ကရက် အဆောက်အအုံကို သိမ်းပိုက်ဖို့ ကြိုးစားခဲ့ပါတယ်။ မြန်မာ့ နွေဦးတော်လှန်ရေးရဲ့ အရှိန်အဟုန်ကိုလည်း ဖေ့စ်ဖွတ်ကနေတစ်ဆင့် ထိန်းနိုင်နေတာပါ။ စစ်ကောင်စီလည်း တယ်လီကရမ်တစ်ဆင့် သတင်းမှားတွေ လုပ်ကြံ လောဘီလုပ် လွှင့်ထုတ်နေတာပါ။ 

ချုပ်ရရင်တော့ ကမ္ဘာ့ တစ်ခွင်မှာတော့ အစီအစဉ်သစ်၊ နိုင်ငံရေးအတွေး‌‌အခေါ်သစ်၊ မဟာမိတ်အသစ်တွေနှင့် နိုင်ငံရေး၊ စီပွားရေးနဲ့ စစ်ရေးတွေကို ကိုယ်ဘက်ကို ပါလာအောင် အခင်းအကျင်းတွေ လိုင်းတွေဖောက်၊  အလွာလိုက် မောင်းနှင်နေကြပေမဲ့ ကျနော်တို့ မြန်မာပြည် နိုင်ငံ‌ရေးမှာ ဦးဆောင်တဲ့ သူတွေနှင့် အဖွဲ့တော်တော်များများကတော့ တစ်နိုင်ငံလုံးရဲ့ အကျိုးကို ကြည့်ပြီး မိမိကိုယ်ကိုယ်ရဲ့ အကျိုးလည်းဖြစ်မည့် ပေါ်လစီတွေချ၊ လုပ်ဆောင်နိုင်တာတွေ မတွေရသေးပါဘူး။ နယ်ရုပ်တွေရဲ့ ဘဝလိုပဲ မိမိလုပ်ရပ် အောင်မြင်မှု အသေးလေးတွေအပေါ်မှာပဲ (Complacency) လို့ ဆိုတဲ့ ဝေဖန်ပိုင်းခြားမှု မရှိတဲ့ ကျေနပ်မှုမျိုးနဲ့ပဲ အသေးစား နိုင်ငံရေးလုပ်နေကြပါတယ်။  

ပါဝါဟာ (မိမိရှိမှာရှိတဲ့ အင်အား၊ တတ်နိုင်စွမ်း) အကုန်ရရင်ရ၊ မရရင် ဘာမျှမလိုချင် (Power is not a zero-sum game) ဆိုတာမျိုး မဟုတ်ပါဘူး။ 'သုည ဆက်ဆံရေး' (Zero Sum Game) ကို  ဆိုပြီး နားလည်းလို့ ရပါတယ်။ ပါဝါက စည်းစိမ်ဥစ္စာနှင့် တူပါတယ်။ သူမနာ ကိုယ်မနာ ဆက်ဆံရေးပေါ့။ သင်က ပါဝါကို အခြားသူများနှင့် မျှဝေပြီး အသုံးချနိုင်ပါက သင့်အတွက်ရော တစ်စုံတစ်ရာကို အကျိုးဖြစ်ထွန်းသလို သင်က မျှပြီး တွဲလုပ်တဲ့သူပါ အကျိုးဖြစ်စေပြီး၊ နှစ်ဖက်စလုံးအတွက် အားဖြစ်၊ ကောင်းကျိုးတွေကို တိုးမြှင့်နိုင်တယ် ဆိုတာကို သုံးသပ် တင်ပြလိုက်ပါတယ်။  

စာညွှန်း
https://www.youtube.com/watch?v=uiUPD-z9DTg
https://ispmyanmar.com/community/category/isp-data-matters/
https://www.cfr.org/blog/what-did-prime-minister-modis-state-visit-achieve
https://burma.irrawaddy.com/opinion/viewpoint/2023/07/03/335956.html

(ဇော်တူးဆိုင်းအကြောင်း - ငယ်နာမည် ငဇော်၊ အညာသားပါ။ တောင်သူလယ်သမား မိဘတွေကမွေးပါတယ်။ ၁၉၉၀ ရွေးကောက်ပွဲအပြီး ပြည်တွင်းနိုင်ငံရေး အခြေအနေ ကျပ်တည်းလာတော့ လက်နက်ကိုင်တိုက်ချင်လို့ အသက် ၁၇ နှစ်မှာ တောခိုပါတယ်။ ဒုက္ခသည်စခန်းမှာ ခုနစ်နှစ်နေရင်း ကျောင်းသားတပ်မတော်မှာ ရုံးလုပ်ငန်းတွေ တာဝန်ယူခဲ့ပါတယ်။ ဒေလီတက္ကသိုလ်ကနေ နိုင်ငံရေးသိပ္ပံဂုဏ်ထူးတန်းဘွဲ့ ၂၀၀၃ မှာ ရပြီး ဖောင်ဒေးရှင်းတစ်ခု မှာ ဝန်ထမ်းလုပ်ပါတယ်။ ကချင်အမျိုးသမီးနဲ့ အိမ်ထောင်ကျတော့ ဇော်တူးဆိုင်:ရယ်လို့ ဖြစ်ပါတယ်။ လက်ရှိ အမေရိကန်မှာ နေထိုင်ပြီး ကိုလံဘီယာတက္ကသိုလ် (Columbia University) ကနေ နိုင်ငံတကာရေးရာ၊ ဘောဂဗေဒဆိုင်ရာပြည်သူ့ ဆိုင်တဲ့ မူဝါဒ (Public Policy) မဟာဘွဲ့ ရရှိခဲ့ပါတယ်။)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required