ရန်ကုန်မြို့လယ်ခေါင် အာဇာနည်နေ့အထိမ်းအမှတ် ညသပိတ်လှုပ်ရှားမှုပြုလုပ်

By ဂန္ဒမာ (မဇ္ဈိမ)
19 July 2023
ရန်ကုန်မြို့လယ်ခေါင် အာဇာနည်နေ့အထိမ်းအမှတ် ညသပိတ်လှုပ်ရှားမှုပြုလုပ်

ရန်ကုန်မြို့လယ်ခေါင်ရှိ တရုတ်တန်းတွင် ၇၆ နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် ယမန်နေ့ ဇူလိုင်လ ၁၈ ရက် ညပိုင်းက ညသပိတ်လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါသပိတ်တွင် " လူမျိုးကြီးဝါဒတိုက်ဖျက်ကြ အာဇာနည်ဟာ ကိုးဦးမက " စာသားပါ တပ်ဦးအလံတော်ကို ကိုင်စွဲကာ စစ်အာဏာရှင်ဆန့်ကျင်ရေး၊ လူမျိုးကြီးဝါဒတိုက်ဖျက်ရေး ပြောက်ကျား ညသပိတ်တိုက်ပွဲ ဆင်နွှဲခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

"ယနေ့ကျဆုံးခဲ့တဲ့ အာဇာနည် ကိုးဦးဟာ အရောင်အသွေးစုံပေမယ့် ဖက်ဒရယ်ဒီမိုကရေစီ နဲ့ လူ့အခွင့်အရေးအတွက် တိုက်ပွဲဝင်ရင်း ကျဆုံးသွားခဲ့ကြတဲ့ ခေတ်အဆက်ဆက် တိုင်းရင်းသားလူမျိုးစုအာဇာနည်အပေါင်းကိုလည်း လေးစားဦးညွှတ်ကြဖို့ရည်ရွယ်ရင်း ​ပြောက်ကျားညသပိတ်တိုက်ပွဲဆင်နွှဲခဲ့တာဖြစ်ပါတယ်ခင်ဗျာ။" ဟူ‌၍ ရေဘဝဲ ပြည်သူ့အကျိုးပြုလူငယ်အဖွဲ့အစည်း ဥက္ကဋ္ဌ က မဇ္ဈိမ ကို ပြောသည်။

ညသပိတ်အား ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း)မှ ဦးဆောင်ကာ ပြည်သူလူထုနှင့်အတူ  Youth Association Of Thingangyun (YAT) ၊ အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး(အကလ-မြေပြင်) ၊  Labour Alliance အဖွဲ့ဝင် (CTUM) ၊ စမ်းချောင်းပင်မ သပိတ်စစ်ကြောင်းတို့ပေါင်းဆုံ၍ Revolution Force (RF) ၏​မြေပြင်ကင်း​ထောက်ပံ့ပိုးမှုဖြင့် လူထုသပိတ်ကို ဆင်နွှဲခဲ့ကြောင်း သိရသည်။

နွေဦးတော်လှန်ရေးသည် စစ်အာဏာရှင်စနစ်ဖြိုချရေးသာမက ခေတ်အဆက်ဆက်လွဲမှားနေခဲ့ကြသော အတွေးအခေါ်အဆိုး၊ အဟောင်းများကိုဖြိုချရမည့် အတွေးအခေါ်တော်လှန်ရေးလည်းဖြစ်ပြီး ဖယ်ဒရယ်ဒီမိုကရေစီကို ကြွေးကြော်တောင်းဆိုနေသည့် တစ်ချိန်တည်းမှာပဲ လူမျိုးစုအရေးကို မမေ့ကြဖို့လိုအပ်ကြောင်း ရေဘဝဲပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်းက နှိုးဆော်သည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly