ကျိုက်စကောထောင်တွင် အကျဉ်းကျနေသော ဝေါမြို့နယ်အမတ် ဦးမောင်ဒီ ပဲခူးဆေးရုံတွင်ကွယ်လွန်

By ရွှေနွယ်( မဇ္ဈိမ )
18 July 2023
ကျိုက်စကောထောင်တွင် အကျဉ်းကျနေသော ဝေါမြို့နယ်အမတ် ဦးမောင်ဒီ ပဲခူးဆေးရုံတွင်ကွယ်လွန်
ပုံစာ။      ။ပဲခူးဆေးရုံတွင် ဆေးကုသမှုခံယူနေစဉ်က ရိုက်ကူးထားသည့် ဦးမောင်ဒီ၏ပုံ။

ပဲခူးတိုင်းအရှေ့ခြမ်း ၊ ဝေါမြို့နယ်၊ အမှတ် (၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမောင်ဒီသည် ကျိုက်စကောထောင်အတွင်း ကျန်းမာရေးဆိုးရွားလာ၍ ပဲခူးဆေးရုံသို့ ပို့ဆောင် ကုသနေစဉ်  ယမန်နေ့ ဇူလိုင်လ ၁၇ ရက် ည ၇ နာရီအချိန်ခန့်တွင် ကွယ်လွန်သွားသည်ဟု မိသားစုနှင့် နီးစပ်သူတဦးထံမှ သိရသည်။

ဇူလိုင်လ ၇ ရက်နေ့တွင် ကျိုက်စကောထောင်မှတဆင့် ပဲခူးဆေးရုံသို့ ပို့ဆောင်ကုသခြင်းဖြစ်သည်ဟု သိရသည်။

“ဗိုက်ထဲကနေခွဲထုတ်ထားရတဲ့ အူတွေနဲ့ အလုံးကိုတွေ့ရပါတယ်။ အချိန်လွန်မှ ဆေးရုံကိုရောက်တာပါ။ ၇ ရက်နေ့ ဆေးရုံတင်တော့ တန်းခွဲရတယ်။ ပထမ ၁၀ ရက်ကြာမှအဖြေသိရမယ် အူကင်ဆာလို့ ယူဆတယ် ပြောပါတယ်။ အခုတော့ မနေ့ညက ဆုံးပါးသွားပါပြီ”ဟု ဝေါမြို့နယ် အမှတ်(၂)တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဒေါ်ရီရီထိုက်က မဇ္ဈိမသို့ ပြောသည်။

ဦးမောင်ဒီအား ကျန်းမာရေးအခြေအနေမကောင်းသဖြင့် ဆေးရုံတင်မည်ဖြစ်ကြောင်းကို ဇူလိုင်လ ၆ ရက် နေ့တွင် ကျိုက်စကောထောင်ဆေးရုံအုပ်က မိသားစုထံအကြောင်းကြားခဲ့ကြောင်း သိရသည်။
ဦးမောင်ဒီသည် ၂၀၂၀ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ၏ အမှတ် (၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝေါမြို့နယ်မဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာအနိုင် ရရှိခဲ့ သည်။

အာဏာသိမ်းပြီးနောက် ဝေါမြို့နယ်မှတိမ်းရှောင်နေစဉ် ၂၀၂၁ ခုနှစ် ဇူလိုင်လ ၂ ရက်နေ့က ဘီးလင်း မြို့နယ်အတွင်း၌ ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။

ထို့နောက် ပုဒ်မ ၅၀၅ (က) နှင့်အတူ မတရားအသင်း ဆက်သွယ်ရေး အက်ဥပဒေပုဒ်မ ၁၇ (၂) တို့ဖြင့် တရားစွဲဆိုခံရကာ ထောင်ဒဏ်ချမှတ်ခံထားရခြင်းဖြစ်သည်။

ဖမ်းဆီးခံရပြီးနောက် အင်းစိန်ထောင်တွင် ကနဦးအကျဉ်းကျကာ သထုံထောင်သို့ပြောင်းရွှေ့ရပြီး  ထိုမှ တဆင့် ဒိုက်ဦးမြို့နယ် ကျိုက်စကောထောင်သို့ ပြောင်းရွှေ့ခံရပြီးနောက် အကျဉ်းထောင်အတွင်း ကျန်းမာရေးချို့ယွင်းလာကာ ယခုကဲ့သို့ ကွယ်လွန်သွားခြင်းဖြစ်ကြောင်း သိရသည်။

လူ့အခွင့်အရေးချိုးဖောက်မှု မှတ်တမ်းများကောက်ယူရေးအဖွဲ့ (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်) (National League for Democracy – Human Rights Documentary Team) (NLD-HRDT) မှ ပြုစုထားသည့် စာရင်းအချက်အလက်များအရ  အာဏာသိမ်းပြီးချိန်မှ စတင်ကာ၂၀၂၃ ခုနှစ် မေလ ၃၁ ရက်အထိ အာဏာသိမ်းမှုကို ဆန့်ကျင်သောကြောင့် လွှတ်တော်ကိုယ်စားလှယ် ၇၇ ဦး အပါအဝင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင် ၁,၂၀၀ ဦးအား စစ်ကောင်စီက ဖမ်းဆီးထိန်းသိမ်းထားကြောင်း သိရသည်။

ထိုသို့ဖမ်းဆီးထားစဉ်အတွင်းနှင့် အကြောင်းမဲ့ သတ်ဖြတ်ခံရသူ ၃,၈၁၈ ဦးရှိသည့်အနက် ထိုအထဲတွင် လွှတ်တော်ကိုယ်စားလှယ် နှစ်ဦးအပါအဝင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီဝင် ၉၃ ဦး ပါဝင်ကြောင်း NLD-HRDT၏ အချက်အလက်များအရ သိရသည်။

ဒိုက်ဦးမြို့ ကျိုက်စကောအကျဉ်းထောင်တွင် ပြီးခဲ့သည့် မေလနှင့်ဇွန်လအတွင်းကလည်း နိုင်ငံရေး အကျဉ်းသားများအား ထောင်ပြင်ပသို့ခေါ်ထုတ်ကာ ရိုက်နှက်နှိပ်စက် စစ်ဆေးခြင်းနှင့် စစ်ကောင်စီတပ်ဖွဲ့ ၏ ပစ်ခတ်သတ်ဖြတ်ခြင်းတို့ကြောင့် အကျဉ်းသားများ အသက်ဆုံးရှုံးခဲ့ရပြီး လက်ရှိတွင်လည်း သေဆုံး စာရင်းမရရှိဘဲ အကျဉ်းသားအချို့ပျောက်ဆုံးနေဆဲ ဖြစ်သည်ဟု သိရသည်။

စာတည်း။      ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required