အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံ အဝေးပြေးလမ်း ပြန်စရေး အိန္ဒိယ ကြိုးပမ်းနေ

အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံ အဝေးပြေးလမ်း ပြန်စရေး အိန္ဒိယ ကြိုးပမ်းနေ

အိန္ဒိယအစိုးရအနေဖြင့် အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံ အဝေးပြေးလမ်း ပြန်စရေးအတွက် ကြိုးပမ်းလျက် ရှိနေကြောင်း ထိုင်းနိုင်ငံတွင် ဇူလိုင် ၁၅ ရက်က အိန္ဒိယနိုင်ငံသားများနှင့် တွေ့ဆုံရာ၌ နိုင်ငံခြားရေးဝန်ကြီးက ပြောခဲ့ကြောင်း Outlook Indi နှင့် PTI သတင်းဖော်ပြချက် အရ သိရသည်။

အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး အက်စ်ဂျေရှန်ကာသည် ဇူလိုင် ၁၆ ရက်က ၁၂ ကြိမ်မြောက် မဲခေါင်ဂင်္ဂါ ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးနှင့် ဇူလိုင် ၁၇ ရက်တွင် BIMSTEC နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတို့ တက်ရောက်ခဲ့သည်။

သုံးနိုင်ငံ အဝေးပြေးလမ်းသည် မြန်မာနိုင်ငံတွင်းက အခြေအနေများကြောင့် “အလွန်ခက်ခဲသော စီမံကိန်း” ဖြစ်နေကြောင်းနှင့် ယင်း စီမံကိန်း ပြန်စရေးအတွက် အိန္ဒိယအစိုးရက ဦးစားပေးထားကြောင်း ထိုင်းနိုင်ငံရှိ အိန္ဒိယအသိုင်းအဝန်းကို ၎င်းက ပြောသည်။

“မြန်မာနိုင်ငံက အခြေအနေတွေကြောင့် စီမံကိန်းဟာ အတော်လေး အခက်အခဲ ဖြစ်နေတယ်၊ ဒီစီမံကိန်း ဘယ်လိုပြန်စနိုင်မလဲဆိုတာ ရှာဖွေဖို့ ကျွန်တော်တို့ရဲ့ ဦးစားပေးတစ်ရပ်ပဲ ဖြစ်တယ်”ဟု ဂျေရှန်ကာက ပြောကြောင်း သတင်းအရ သိရသည်။

အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံအဝေးပြေးလမ်းသည် ကီလိုမီတာ ၁,၃၆၀ (မိုင် ၈၅၀) ရှည်လျားသော လမ်းမကြီးဖြစ်ပြီး တည်ဆောက်ရေး၏ ၇၀ ရာခိုင်နှုန်းနီးပါး ပြီးစီးထားသည်။ ယင်းလမ်းမကြီးက အိန္ဒိယ၊ မဏိပူရ်ရှိ မိုရေး၊ ထိုင်းနိုင်ငံ မဲဆောက်တို့ကို မြန်မာမှတစ်ဆင့် ဆက်သွယ်ပေးထားပြီး အိန္ဒိယ၏ အရှေ့မျှော်မူဝါဒအရ ဖြစ်သည်။ ယင်းလမ်းမကြီးအား ကမ္ဘောဒီးယား၊ လာအိုနှင့် ဗီယက်နမ်သို့ပါ တိုးချဲ့ရန် မျှော်လင့်ထားသည်။ ယင်းလမ်းမကြီးနှင့် ချိတ်ဆက်ရန် စိတ်ဝင်စားမှု ရှိကြောင်းကို ဘင်္ဂလားဒေ့ရှ်နိုင်ငံက ၂၀၂၀ ဒီဇင်ဘာ၌ ဖော်ပြထားသည်။

အိန္ဒိယနှင့် အာဆီယံကြား အဝေးပြေးလမ်းမကြီးကို ဆက်သွယ်ပြီးပါက ၂၀၂၅ မကျော်လွန်မီ နှစ်တိုး ဂျီဒီပီ အမေရိကန်ဒေါ်လာ ၇၀ ဘီလီယံနှင့် နှစ်တိုး အလုပ်အကိုင် ရရှိမှု သန်း ၂၀ ဖန်တီးပေးနိုင်မည် ဖြစ်သည်။ တစ်ချိန်တည်းတွင် အိန္ဒိယသည် အိန္ဒိယ-အာဆီယံ ဆက်သွယ်မှု စီမံကိန်းများအတွက် ချေးငွေအဖြစ် ဒေါ်လာ တစ်ဘီလီယံ ကမ်းလှမ်းထားသည်။

၂၀၁၉ ဒီဇင်ဘာတွင် အဝေးပြေးလမ်းမကြီး လုပ်ငန်းစဉ်များကို စတင်ရန် အိန္ဒိယအစိုးရက စီစဉ်ထားသော်လည်း အချို့သော အကြောင်းရင်းများကြောင့် နှောင့်နှေးခဲ့ခြင်း ဖြစ်သည်။ မကြာသေးခင်က ဆောက်လုပ်ရေးလုပ်ငန်းများအားဖြင့် ယင်း စီမံကိန်းကြီးသည် နောက်လေးနှစ်အကြာတွင် ပြီးစီးနိုင်သည်ဟု မျှော်လင့်ရသည်။

(မိုးသဲ ဘာသာပြန်သည်။)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly