ဧည့်စစ်ဟုဆိုကာ နေအိမ်တွင်းဝင်ရောက်၍ အကြမ်းဖက်စစ်ဆေးမှုများ စစ်ကောင်စီတပ် ပြုလုပ်

By ဂန္ဒမာ (မဇ္ဈိမ)
18 July 2023
ဧည့်စစ်ဟုဆိုကာ နေအိမ်တွင်းဝင်ရောက်၍ အကြမ်းဖက်စစ်ဆေးမှုများ စစ်ကောင်စီတပ် ပြုလုပ်
ဓာတ်ပုံ - ရန်ကုန်မြို့တနေရာတွင် စစ်ဆေးမှုပြုလုပ်နေသည့် စစ်ကောင်စီတပ်သားများ

ရန်ကုန်မြို့၊ မြို့နယ်အတော်များများတွင် ဧည့်စာရင်း စစ်ဆေးမှုများ ပုံမှန်ပြုလုပ်နေကြဖြစ်သော်လည်း ယခုအခါ ဧည့်စစ်ဟုဆိုကာ ပြည်သူများ၏ နေအိမ်တွင်းဝင်ရောက်၍ အကြမ်းဖက်စစ်ဆေးမှုများကို စစ်ကောင်စီတပ်မှ ပြုလုပ်နေကြောင်း သိရသည်။

ဇူလိုင်လ ၁၄ ရက် ညပိုင်းတွင်လည်း မြို့နယ်အချို့ကို ဧည့်စာရင်းစစ်ကာ ၎င်းတို့စစ်ဆေးချင်သည့် နေအိမ်တိုက်ခန်းကို တိုက်ရိုက်ဝင်ရောက်၍ စစ်ဆေးကြောင်း ဆိုသည်။

"ဧည့်စာရင်းစစ်တယ် လူစစ်တယ် တချို့အိမ်တွေဆိုရင် အိမ်ထဲထိဝင်ပြီး ပစ္စည်းတွေလှန်လှောရှာတယ်။ ဧည့်စာရင်းမတိုင်ထားရင် မှတ်ပုံတင်တွေသိမ်းသွားပြီး နောက်နေ့ ဧည့်စာရင်းတိုင်ပြီး လာရွေးခိုင်းတယ်။ အရင်ဧည့်စစ်တုန်းက အခုနောက်ပိုင်းလောက်ထိ မကြမ်းဘူး၊ အခုဆိုရင် ဧည့်စစ်ဝင်မယ်ပြောပြီး ပြည်သူတွေရဲ့အိမ်ကို ဝင်ချင်သလိုဝင် သောင်းကျန်းချင်သလိုသောင်းကျန်း ဟိုရှာဒီရှာတွေလုပ်ပြီး ပြည်သူပိုင်ပစ္စည်းတွေဖျက်ဆီးလာတဲ့အထိ စစ်တပ်က လူပါးဝလာပါတယ်။" ဟူ၍ ရန်ကုန်မြို့နေ ဒေသခံတစ်ဦးက မဇ္ဈိမ ကို ပြောသည်။

အဆိုပါနေ့ညပိုင်းက ဧည့်စစ်ခံရသည့် မြို့နယ်များမှာ စမ်းချောင်း ၊ကြည့်မြင်တိုင် ၊ ပုဇွန်တောင်၊ တောင်ဒဂုံ၊ ဗိုလ်တထောင် မြို့နယ်တို့ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

"သူတို့က ဥပဒေမဲ့လုပ်ချင်တိုင်းလုပ်နေတော့ ဧည့်စစ်ကိုအကြောင်းပြပြီး လူရှာတာလည်းစ်နိုင်သလို ပြည်သူတွေကိုပြဿနာရှာပြီး ငွေညှစ်ဖို့ဧည့်စစ်တာလည်း ဖြစ်နိုင်ပါတယ်ရှင့်။ ပြည်သူ့မျက်နှာရှေ့ရှုတယ်ဆိုရင် အခုလိုမျိုး ဧည့်စာရင်းအကြောင်းပြပြီး အိမ်ထဲတွေထိဝင်ပစ္စည်းတွေလှန်လှောရှာစရာအကြောင်းမရှိပါဘူးရှင်။" ဟူ၍ စမ်းချောင်းပင်မ သပိတ်စစ်ကြောင်း ဒုတိယ ဥက္ကဋ္ဌက ပြောသည်။

ဇူလိုင်လ ၁၄ ရက်နေ့တွင် တောင်ဒဂုံ ၁၀၇ ရပ်ကွက်၊ စမ်းချောင်းမြို့နယ် ဂန္ဓမာလမ်း ၊ ဗိုလ်တထောင် (၃)ရပ်ကွက်နှင့် ပုဇွန်တောင်မြို့နယ်၊ (၈) ရပ်ကွက်တို့တွင် ဧည့်စာရင်းဝင်စစ်ခဲ့ပြီး ၁၆ ရက်နေ့တွင် လှိုင်မြို့နယ် (၉) ရပ်ကွက် သုခမှတ်တိုင်အနီး၊  စမ်းချောင်းမြို့နယ်၊ မင်းလမ်းနဲ့ ဦးဖီးလမ်းဆုံအနီးနှင့် လှိုင်မြို့နယ် (၂) ရပ်ကွက် ရတနာမွန်လမ်းတို့တွင် ဧည့်စစ်မှုများရှိခဲ့ကြောင်း မဇ္ဈိမ ၏ စုံစမ်းချက်အရ သိရသည်။

ယခုရက်ပိုင်းအတွင်း၌ အာဇာနည်နေ့ နီးကပ်လာသည်‌နှင့်အမျှ အာဇာနည်ကုန်း၊ ဝန်ကြီးများရုံးတို့တွင် စစ်ကောင်စီတပ်နှင့်လက်အောက်ခံအဖွဲ့များ လုံခြုံရေးတိုးမြှင့်ထားသည်ကိုတွေ့ရပြီး ပွဲအခမ်းအနားအတွက် ပြင်ဆင်မှုများကိုလည်း ပြုလုပ်နေပြီဖြစ်ကြောင်း မျက်မြင်သက်သေ၏ ပြောပြချက်အရ သိရသည်။

ထို့အပြင် ညဘက်အချိန်များတွင်လည်း မြို့နယ်အချို့၌ ဧည့်စာရင်းဝင်ရောက်စစ်ဆေးခြင်း၊ စစ်ကား၊ ရဲကားများဖြင့်ပတ်ကာ လုံခြုံရေးကင်းပတ်ခြင်းတို့ကို ယခင်ကထက် ပို၍ပြုလုပ်လာကြောင်း သိရသည်။

ရန်ကုန်မြို့တွင်း၌ ဧည့်စာရင်းစစ်ဆေးသည့်အခြေအနေကြောင့် ဖမ်းဆီးခံရသည့်ဖြစ်စဉ် တစ်စုံတစ်ရာ ရှိ မရှိကို တော်လှန်ရေးအင်အားအစုအဖွဲ့တစ်ခုခုက ထုတ်ပြန်ကြေညာခြင်းမတွေ့ရသလို တော်လှန်ရေးအင်အားစုများ ၊ မြေပေါ်မြေအောက်ရဲဘော်များကို ရှာဖွေခြင်း ဟုတ် မဟုတ်ကိုလည်း မဇ္ဈိမ အနေဖြင့် သီးခြားအတည်ပြု၍ မရနိုင်ပေ။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly