ကျိုက်ထိုမြို့နယ်တွင် ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ စစ်ဆင်ရေးသွားနေစဉ် တိုက်ခိုက်ခံရ၍ ကားနှင့် လက်နက်ခဲယမ်းများ ဆုံးရှုံး

By YT  ( မဇ္ဈိမ)
18 July 2023
ကျိုက်ထိုမြို့နယ်တွင် ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ စစ်ဆင်ရေးသွားနေစဉ် တိုက်ခိုက်ခံရ၍ ကားနှင့် လက်နက်ခဲယမ်းများ ဆုံးရှုံး
ဓါတ်ပုံ- ဆုံးရှုံးခဲ့ရသော တပ်မဟာ (၁) KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့​၏ ကားနှစ်စီးနှင့် လက်နက်ခဲယမ်း၊ အသုံးအဆောင်ပစ္စည်းအချို့

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကရဝေးဆိပ်ကျေးရွာအနီးတွင် ဇူလိုင်လ ၁၆ ရက်နေ့က ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ စစ်ဆင်ရေးသွားနေစဉ် စစ်ကောင်စီတပ်ဖွဲ့၏ တိုက်ခိုက်ခြင်းခံရ၍ ကားနှင့် လက်နက်ခဲယမ်းများ ဆုံးရှုံးခဲ့ရသည်ဟု တပ်မဟာ (၁) KNLA သတင်းရင်းမြစ်ထံမှ သိရသည်။

“ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဘက်က အထိအခိုက်မရှိဘူး။ ကားတစီး မီးလောင်ပျက်စီးသွားတယ်။ ကျန် တစီးကိုနေရာမှာပဲထားခဲ့ရတယ်။ လက်နက်ခဲယမ်းအချို့၊ ရဲဘော်တွေရဲ့သက်သေခံကတ်ပြားနဲ့အသုံး အဆောင်ပစ္စည်းတွေ ဆုံးရှုံးခဲ့တယ်”ဟု တပ်မဟာ (၁) KNLA သတင်းရင်းမြစ်တဦးက မဇ္ဈိမကိုပြောသည်။

ဇူလိုင်လ ၁၆ ရက် နံနက် ၈ နာရီခန့်က ကရဝေးဆိပ်ကျေးရွာနှင့် ငှက်ပျောတောကျေးရွာအားဆက်ထား သော တံတားပေါ်သို့ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က စစ်ဆင်ရေးပြုလုပ်ရန်အတွက် ကားနှစ်စီးဖြင့်ဖြတ် သန်းနေစဉ် တံတားအနီးကင်းပုန်းဝပ်နေသည့် စစ်ကောင်စီတပ်ဖွဲ့က စတင်ပစ်ခတ်ရာမှ တိုက်ပွဲဖြစ်ပွား ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဘက်တွင် ထိခိုက်မှုရှိသည်ဟု သိရသည်။

ဇူလိုင်လ ၁၇ ရက် ညနေ ၅ နာရီဝန်းကျင်ကလည်း ကရဝေးဆိပ်ကျေးရွာအနီးတွင် တပ်မဟာ (၁) KNLA ၊ PDF ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်ဖွဲ့တို့ တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်တွင် အထိ အခိုက်၊ အကျအဆုံးရှိနိုင်‌သော်လည်း ထိခိုက်ပျက်စီးမှု အခြေအနေအသေးစိတ်ကို မသိရသေးကြောင်း တပ်မဟာ (၁) KNLA သတင်းရင်းမြစ်က ဆိုသည်။ 

စစ်ကောင်စီတပ်ဖွဲ့ဘက်က ပစ်ခတ်မှုကြောင့် အသက်၂၅ နှစ်အရွယ် ပန်းတောက်တောရွာခံတဦး သေဆုံး ခဲ့ပြီး သုံးဦးထိခိုက်ဒဏ်ရာရကာ နေအိမ်အချို့ ထိခိုက်ပျက်စီးမှုရှိသည်ဟုလည်း ဆိုသည်။
“တိုက်ပွဲဖြစ်ပြီးတဲ့အချိန် ဆိုင်ကယ်နဲ့သွားတာ လှမ်းအော်ပြီးတားတာ မရပ်လို့ စစ်သားတွေကပစ်လိုက် တာ”ဟု ငှက်ပျောတောကျေးရွာမှ ဒေသခံတဦးက မဇ္ဈိမကိုပြောသည်။

ယင်းအပြင် စစ်ကောင်စီတပ်ဖွဲ့က အမျိုးသမီးငယ်သုံးဦးကိုလည်း ဓားစားခံအဖြစ် ဖမ်းဆီး‌ခဲ့ကြောင်း ဒေသခံများထံက သိရသည်။

“ဓားစာခံအဖြစ်နဲ့ခေါ်ထားတဲ့ အမျိုးသမီးသုံးယောက်က ညီအမတွေပါ။ မနက်ပိုင်းကဖမ်းခေါ်သွားပြီး နေ့ လယ်လောက်တော့ ပြန်လွှတ်ပေးလိုက်ပါတယ်" ဟု ကရဝေးဆိပ်ကျေးရွာမှ သတင်းရင်းမြစ်က မဇ္ဈိမ ကို ပြောသည်။ 

လက်ရှိတွင် ကရဝေးဆိပ်၊ ငှက်ပျောတော၊ အထက်စု၊ ဇီးကုန်းစု၊ ရှမ်းစု စသည့် ကျေးရွာများမှ ဒေသခံများ မြို့ပေါ်နေရာအချို့နှင့် အခြားကျေးရွာများ၊ ဘုန်းကြီးကျောင်းများတွင် ပြောင်းရွှေ့ခိုလှုံနေကြရကြောင်း သိရသည်။

ကျိုက်ထိုမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ ဇူလိုင်လအတွင်း စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှု၊ လူသွား လာနေရာများတွင် မိုင်းထောင်မှု၊ အကြောင်းမဲ့ သေနတ်ဖြင့်ပစ်ခတ်မှုတို့ကြောင့် အရပ်သား နှစ်ဦးသေဆုံး ၍ ငါးဦးထိခိုက်ဒဏ်ရာရရှိထားကြောင်း KNU-ဒူးသထူးခရိုင်၏ ထုတ်ပြန်ချက်များနှင့် ဒေသတွင်း သတင်းရင်း မြစ်များထံက သိရသည်။

စာတည်း။      ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required