ရှမ်းမြောက်တွင် TNLA နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွား

By ဂျူချန်း (မဇ္ဈိမ)
18 July 2023
ရှမ်းမြောက်တွင် TNLA နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွား
ဓါတ်ပုံ-PSLF/TNLA သတင်းနှင့်ပြန်ကြားရေး ပုံစာ- PSLF/TNLA နှင့် လူထုတွေ့ဆုံပွဲတွင် လုံခြုံရေးယူနေသည့် တပ်သားတစ်ဦး (ကွတ်ခိုင်မြို့နယ်၊ မိုင်းယုကျေးရွာ၊ ဇွန် ၁၂)

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ မန်ပြိန်းကျေးရွာနှင့် သိန္နီမြို့နယ် ကောင်းခမ်း ကျေးရွာကြားတွင် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA) နှင့် စစ်ကောင်စီတပ်တို့ကြား ယမန်နေ့ ဇူလိုင်လ ၁၇ ရက်နေ့တွင် တိုက်ပွဲနှစ်ကြိမ် ဖြစ်ပွားခဲ့ကြောင်း TNLA ထံမှ သိရသည်။

ယမန်နေ့ ဇူလိုင်လ ၁၇ ရက်နေ့ နံနက် ၈နာရီခွဲခန့်တွင် သိန္နီမြို့အခြေစိုက် စကခ(၁၆) လက်အောက်ခံ ခလရ(၆၉) တပ်သည် မန်ပြိန်းကျေးရွာနှင့် ကောင်းခမ်းကျေးရွာကြား TNLA တပ်များရှိရာဘက်သို့ စစ်ကြောင်းထိုးလာသဖြင့် နာရီဝက်ခန့် နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

“ကျနော်တို့ လှုပ်ရှားတဲ့နားအထိ သူတို့တက်လာတော့ ကျနော်တို့ဘက်က စတိုက်လိုက်တာ။ အထိခိုက် အနည်းအကျဉ်းတော့ရှိမယ်၊ အတိအကျတော့ ကျနော်တို့လည်း မသိပါဘူး” ဟု PSLF/TNLA ပြောခွင့်ရ ဒုဗိုလ်မှူးကြီး တားအိုက်ကျော်က မဇ္ဈိမ ကို ပြောသည်။

ထိုနေ့ ဇူလိုင်လ ၁၇ ရက်နေ့ ညနေ ၃နာရီခွဲခန့်တွင်လည်း ကွတ်ခိုင်မြို့ဘက်မှ တိုက်ပွဲဖြစ်ပွားနေသည့် သိန္နီဘက်သို့ စစ်ကူပေးရန် ဆင်းလာသည့် စစ်ကောင်စီတပ်ကား ခုနစ်စီးကို TNLA မှ ထပ်မံတိုက်ခိုက်ခဲ့ပြီး ကားတစ်စီးတွင် စစ်သား ၂၀ဦးခန့် ပါနိုင်ကြောင်း ဒုဗိုလ်မှူးကြီး တားအိုက်ကျော်က ပြောသည်။

“မန်ပြိန်းနဲ့ ကောင်းခမ်းကြားက ကျနော်တို့ လှုပ်ရှားတဲ့နေရာဖြစ်တယ်။ မနက်တိုက်ပွဲဖြစ်ပြီးတော့ ညနေလောက်ကျတော့ ကွတ်ခိုင်ဘက်ကနေ ယာဉ်တန်းနဲ့လာတယ်။ တိုက်ပွဲဖြစ်တဲ့နေရာနဲ့ သိပ်မဝေးဘူး၊ စစ်ကူပေးမယ့်အနေအထားတော့ ရှိတာပေါ့။ အဲ့ဒီယာဉ်တန်းက စစ်ကူပေးမယ့်ဟာကို ကျနော်တို့ ဖြတ်ပြီးတိုက်တာပေါ့” ဟု ၎င်းက ဆက်ပြောသည်။

တိုက်ပွဲအတွင်းတွင် အရပ်သားထိခိုက်မှုမရှိကြောင်းနှင့် စစ်ကောင်စီတပ်ဘက်မှ ထိခိုက်မှုရှိနိုင်သော်လည်း အသေးစိတ်အချက်အလက်ကိုမူ အတည်မပြုနိုင်ကြောင်း ဆိုသည်။ 

စစ်ကောင်စီတပ်နှင့် တအာင်းလွတ်မြောက်ရေးတပ်မတော်(TNLA)တပ်တို့ကြား တိုက်ပွဲဖြစ်ပွားခြင်း မရှိသည်မှာနှစ်လကျော်ခန့်ရှိပြီဖြစ်ပြီး ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဇူလိုင်လ ဒုတိယအပတ်မှစတင်ကာ စစ်ကောင်စီတပ်နှင့် TNLA တပ်တို့ကြား တိုက်ပွဲပြန်လည်ဖြစ်ပွားနေပြီး နှစ်ဖက် စစ်ရေးတင်းမာနေကြောင်း သိရသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁၀ ရက်နေ့နှင့် ဇူလိုင်လ ၁၁ ရက်နေ့တို့တွင် ကျောက်မဲမြို့နယ် မိုင်းငေါ့ကျေးရွာနှင့် မူဆယ်မြို့နယ်၊ နမ့်တောင်းရွာ အနီးတို့တွင် TNLA နှင့် စစ်ကောင်စီတပ်တို့ကြား နှစ်ရက်ဆက်တိုက် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ တိုက်ပွဲအတွင်း အရပ်သားနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး TNLA တပ်သားတစ်ဦး ကျဆုံးခဲ့ကြောင်း PSLF/TNLA ပြောရေးဆိုခွင့်ရုံးထံမှ သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#TNLA 
#စစ်ကောင်စီတပ်
#ကွတ်ခိုင်မြို့နယ်
#တိုက်ပွဲ
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly