လက်နက်ခဲယမ်းနှင့်အတူ CDM ဝင်လာသည့် စစ်ကောင်စီတပ်သားကို ကျပ်သိန်း ၅၀ ချီးမြှင့်

By ပါခွီး (မဇ္ဈိမ)
18 July 2023
လက်နက်ခဲယမ်းနှင့်အတူ CDM ဝင်လာသည့် စစ်ကောင်စီတပ်သားကို ကျပ်သိန်း ၅၀ ချီးမြှင့်

ချင်းပြည်နယ်၊ ဟားခါးမြို့အခြေစိုက် ခလရ(၂၆၆)တပ်ရင်းမှ  လက်နက်ခဲယမ်းဖြင့် CDM ပြုလုပ် လာသည့် စစ်ကောင်စီတပ်သားကို ကျပ်သိန် ၅၀ ချီးမြှင့်ခဲ့ကြောင်း CDF – Hakha ကထုတ်ပြန်သည်။

၎င်းသည် MA1 သေနတ်တလက်၊ ကျည်အိမ်လေးခုနှင့် ကျည်ဆံ ၁၂၆ တောင့်ကိုယူဆောင်၍ ဇူလိုင်လ ၁၇ ရက်နေ့တွင် CDM ပြုလုပ်လာခြင်းဖြစ်သည်။

“ စစ်တပ်ထဲကို သူ့သဘောအလျောက်နဲ့ ဝင်ရောက်ခဲ့တာမျိုးမဟုတ်ပဲ မိဘကအတင်းအကျပ်ဝင်ခိုင်းတဲ့ အတွက်ဝင်ခဲ့ရပြီး တပ်တွင်းမှာလည်း ဖိနှိပ်မှုနဲ့ အဓမ္မခိုင်းစေမှုတွေရှိလို့ စစ်ကောင်စီတပ်ရဲ့လုပ်ရပ်တွေကို သူ့အနေနဲ့လက်မခံနိုင်တော့တဲ့အတွက် အခုလို CDM လုပ်ရတာ” ဟု CDM ဝင်လာသူက ဝန်ခံကြောင်း CDF – Hakha ပြောရေးဆိုခွင့်ရှိသူက မဇ္စျိမသို့ပြောသည်။

ယင်းစစ်ကောင်စီတပ်သားကို ဆုငွေချီးမြှင့်ပြီးနောက် လုံခြုံသည့်နေရာသို့ပို့ဆောင်ပေးခဲ့ပြီး ဇူလိုင်လ အတွင်း CDM ပြုလုပ်လာသည့် စစ်ကောင်စီတပ်သားသုံးဦးရှိပြီဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူက ဆို သည်။

စစ်ကောင်စီက နိုင်ငံတော်အာဏာကိုအဓမ္မသိမ်းယူခဲ့သည့်နောက်ပိုင်း CDM Support Team ထံ ဝင်ရောက်ခဲ့သည့် စာရင်းမပါဘဲ CDF – Hakha ထံသို့ စစ်ကောင်စီ လက်အောက်ခံလက်နက်ကိုင် ၃၁ ဦး ဝင်ရောက်ခဲ့ပြီးကြောင်းလည်း သိရသည်။

ယင်း ၃၁ ဦးတွင် ရဲ ၁၁ ဦးနှင့် စစ်သား ၂၀ ဦးဖြစ်ပြီး လက်နက် ၂၁ လက်သယ်ယူလာကြောင်းနှင့် လက်နက် ယူဆောင်လာသူများကို တဦးလျှင် ကျပ်သိန်း ၅၀ ချီးမြှင့်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီလက်အောက်တွင် တာဝန်ထမ်းဆောင်နေသည့် လက်နက်ကိုင်များအနေဖြင့် ပြည်သူလူထု ကို ရန်သူအဖြစ်မသတ်မှတ်ကြရန်နှင့် စစ်ကောင်စီတပ်ကသာ အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်နေ သည့် အဖွဲ့အစည်းဖြစ်ကြောင်း သိစေလိုသည်ဟု ဆိုသည်။

စစ်ကောင်စီကို အမြစ်ပြတ်ချေမှုန်း၍ နွေဦးတော်လှန်ရေးအောင်မြင်သည်အထိ အရှိန်မြှင့်တင် တော်လှန် သွား မည်ဖြစ်ပြီး လက်လျော့ရန်အကြောင်းမရှိကြောင်း CDF – Hakha ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

လတ်တလောတိုက်ပွဲအခြေအနေမှာ ဟာခါးမြို့နယ်အတွင်းရှိ သီးမြစ်ဝန်းကျင်တွင် စစ်ကောင်စီတပ်သား များ ဆက်လက်နေရာယူထားနေပြီး လှုပ်ရှားမှုမရှိသေးကြောင်း သိရသည်။
စာတည်း ။။ Alden
စာမူတည်းဖြတ်။  ။စောဖေ

#CDM
#ဆုငွေ
#ဟားခါးမြို့နယ်
#CDF
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly