မြဝတီမြို့အနီးတွင် စစ်ကောင်စီတပ်နှင့် BGF စခန်းကုန်းအချို့ တိုက်ခိုက်ခံရပြီး တိုက်ပွဲပြင်းထန်နေ

By သွင်ထူးဈာန် (မဇ္ဈိမ)
18 July 2023
မြဝတီမြို့အနီးတွင် စစ်ကောင်စီတပ်နှင့် BGF စခန်းကုန်းအချို့ တိုက်ခိုက်ခံရပြီး တိုက်ပွဲပြင်းထန်နေ

ကရင်ပြည်နယ်၊ မြဝတီမြို့အနီးရှိ စစ်ကောင်စီတပ်စခန်းနှင့် ကရင်နယ်ခြားစောင့် တပ် (BGF) တပ်စခန်းကုန်းအချို့ကို ဇူလိုင်လ ၁၈ ရက်နေ့တွင် တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်နေပြီး တိုက်ပွဲပြင်းထန်နေကြောင်း မြေပြင်သတင်းရင်းမြစ်များထံမှ သိရသည်။

မြဝတီမြို့အနီးရှိ စိမ်းလဲ့မြိုင်ကားဝင်း၊ ကျောက်တောင်ဒေသနှင့် လတ်ခတ်တောင်ဒေသတို့တွင် စစ်ကောင်စီတပ်၊ BGF ပူးပေါင်းတပ်နှင့် တော်လှန်ရေးအင်အားစုများဘက်မှ ကော်ဘရာစစ်ကြောင်း၊ ကျားသစ်နက်စစ်ကြောင်းတို့ ထိတွေ့တိုက်ပွဲဖြစ်ပွားနေခြင်း ဖြစ်သည်။

“မနေ့က ည ၈နာရီလောက်မှာ စစ်ကောင်စီရဲ့ အမြောက်ကုန်းတွေကနေ အလုံးကြီးတွေ ဆက်တိုက်ပစ် နေတယ်၊ အခုမနက်ထိကို လက်နက်ကြီး ပစ်နေတာတွေရှိနေတယ်၊ အရင်ရက်တွေက လက်နက်ကြီးပစ် ပေမယ့် အခုလောက် အကြိမ်ရေမများဘူး၊ နေရာသုံးနေရာထက်မနည်း တိုက်ပွဲဖြစ်နေတယ်”ဟု မြေပြင် သတင်းရင်းမြစ်တဦးက ပြောသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ စွယ်တော်ကုန်း၊ ကြက်ကင်ကုန်း၊ ခလရ (၂၇၅) နှင့် သင်္ဃန်းညီနောင် ဗျူဟာကုန်းတို့မှ ၈၁ မမ၊ ၁၂၀ မမနှင့် အတွဲလိုက်ပစ် ၁၂၂ မစ်ဇိုင်းတို့ဖြင့် အကြိမ်ရေ ၁၀၀ နီးပါး ပစ်ခတ် ခဲ့ကြောင်း မြေပြင်သတင်းရင်းမြစ်များက ပြောသည်။

မြဝတီမြို့အနီးရှိ လက်ခတ်တောင်ဒေသ၊ ကျောက်တောင်ဒေသက စစ်ကောင်စီတပ်စခန်းနှင့် BGF တပ်စခန်းအချို့ကို ‌ယမန်နေ့၊ ဇူလိုင်လ ၁၇ ရက်နေ့တွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်ပြီးနောက် စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးများဖြင့် တုံ့ပြန်နေခြင်းဖြစ်ကြောင်း သတင်းရင်းမြစ်များက ပြောသည်။

လက်နက်ကြီးပစ်ခတ်သံများကို မြဝတီမြို့တဘက်ကမ်းရှိ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှလည်း ကျယ်လောင် စွာကြားနေရပြီး ယခင်နေ့များက ထိုသို့ပြင်းထန်သည့် အသံမျိုးကြားရခြင်းမရှိကြောင်း မဲဆောက်ရောက် မြန်မာနိုင်ငံသားတဦးက ပြောသည်။

လက်ရှိတွင် စစ်ကောင်စီတပ်နှင့် BGF အင်အား၂၀၀ ခန့်သည်  ထီးမယ်ဝါးခီး၊ မယ်ထောသလေးနှင့် မေတ္တာလင်းမြိုင်တို့သို့ ထပ်မံဝင်ရောက်လာနေကြကြောင်း ဒေသခံများထံမှ သိရသည်။

မြဝတီမြို့သည် ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေး မြို့တစ်ခုဖြစ်ပြီး ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) ၊ PDF နှင့် စစ်ကောင်စီလက်အောက်ခံ BGF တပ်အပြင် လက်နက်ကိုင်တပ်ဖွဲ့ အများ အပြား အခြေပြုလှုပ်ရှားရာ နယ်စပ်မြို့ဖြစ်သည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် မြဝတီမြို့နယ်၊ ကော့ကရိတ်မြို့နယ်နှင့် အာရှလမ်းမကြီးတလျှောက် တွင် KNLA ပူးပေါင်းတပ်ဖွဲ့နှင့် အာဏာသိမ်းစစ်ကောင်စီတပ်တို့အကြား မကြာခဏ တိုက်ပွဲများပြင်းထန် နေသည်။

ပြီးခဲ့သည့် မတ်လ ၂၅ ရက်နေ့က မြဝတီမြို့အနီးရှိ နယ်စပ်ကုန်သွယ်ရေးဇုန်၊ သင်္ဃန်းညီနောင်ရဲစခန်းနှင့် တပ်စခန်းကုန်းအချို့ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က စီးနင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့ရာ စစ်ကောင်စီ တပ်ဘက်မှ ထိခိုက်သေဆုံးမှုအပြင် ၁၀ ဦးထက်မနည်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ သည်။

စာတည်း။   ။ နောင်နောင်
စာမူတည်းဖြတ်။  ။စောဖေ
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly