ရေးနှင့် သံဖြူဇရပ်မြို့နယ်တို့တွင် ရေကြီးရေလျှံမှုဖြစ်ပွား

By ဂျူချန်း (မဇ္ဈိမ)
18 July 2023
ရေးနှင့် သံဖြူဇရပ်မြို့နယ်တို့တွင် ရေကြီးရေလျှံမှုဖြစ်ပွား
ဓါတ်ပုံ-လူမှုကွန်ရက်  ပုံစာ-ဇူလိုင်လ ၁၈ ရက်နေ့ နံနက်ပိုင်းတွင် ဟံဂံကျေးရွာနှင့် ရေး-သံဖြူဇရပ်လမ်းပိုင်း၌ ရေကြီးမှု ဖြစ်ပွားနေစဉ်

မွန်ပြည်နယ်၊ ရေးမြို့နယ်နှင့်သံဖြူဇရပ်မြို့နယ်ရှိနေရာအချို့၌ ယနေ့ ဇူလိုင်လ ၁၈ ရက် နေ့ တွင် ရေကြီးရေလျှံမှုဖြစ်ပွားလျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။

ရေးမြို့နယ်တောင်ပိုင်း ဟံဂံကျေးရွာနှင့်ကလော့ကျေးရွာတို့တွင် မိုးသည်းထန်စွာရွာသွန်းသဖြင့် တောင် ကျချောင်းရေများကြောင့် ဇူလိုင်လ ၁၇ ရက်နေ့ညမှစတင်ကာ လက်ရှိအချိန်အထိ ရေကြီးရေလျှံမှုဖြစ်ပွား နေကြောင်း ဒေသခံတဦးက ပြောသည်။ 

“အခု ရေက ရင်စို့လောက် ရောက်နေပြီ။ ညနေလောက် ထပ်တက်မယ်ထင်တယ်။ မနက်ကတော့ ခါး လောက်ရှိတယ်။ နေရာတော့ မမှန်ဘူးပေါ့။ အိမ်တွေထဲလည်း ရေတွေဝင်တယ်။ တချို့အိမ်တွေဆိုရင် ကွမ်းသီးတွေပါမြုပ်နေပြီ။ ကားလည်းသွားမရ ဆိုင်ကယ်လည်းသွားမရဘူး” ဟု ဟံဂံကျေးရွာမှ ဒေသခံ တဦးက မဇ္ဈိမသို့ ယနေ့ နံနက် ၁၀ နာရီခွဲခန့်က ပြောသည်။

ရေးတောင်ပိုင်းတွင် နှစ်ရက်ဆက်တိုက်မိုးရွာသွန်းပြီးနောက် ယမန်နေ့ညမှစတင်ကာ ပိုမိုသည်းထန်လာ ပြီးရေကြီးရေလျှံမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ လက်ရှိအချိန်အထိ မိုးသည်းထန်စွာရွာသွန်းနေဆဲဖြစ်ရာ ဆက် လက်ရွာသွန်းပါက ရေအမြင့်ထပ်မံတက်နိုင်ဖွယ်ရှိကြောင်း သိရသည်။

ဟံဂံကျေးရွာသည် နှစ်စဉ်နှစ်တိုင်း မိုးရာသီတွင်ရေကြီးရေလျှံမှုဖြစ်ပွားလေ့ရှိရာ ယခင်နှစ်များတွင် သုံး ရက်ခန့်ရေကြီးခဲ့ကြောင်း သိရသည်။

“မိုးဆက်ရွာရင် ရေဆက်ကြီးမယ်ပေါ့။ ရေက နှစ်တိုင်းကြီးတယ်။ အရင်နှစ်တွေတုန်းကတော့ ကြီးရင် နှစ် ရက်သုံးရက်ပေါ့။ ရေသေရက်နဲ့တိုက်ရင် ပိုကြာတယ်” ဟု ဟံဂံကျေးရွာနေသူက ပြောသည်။

ရေးနှင့်သံဖြူဇရပ်အကြား ဖောင်စိန်ကျေးရွာအနီး ကားလမ်းမပေါ်တွင်လည်း ယနေ့ နံနက်ပိုင်းက ကား လမ်းရေကျော်နေသဖြင့် နံနက် ၈ နာရီခန့်အထိ သွားလာ၍ မရခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
“ရေက ညကတည်းက တက်နေတာ။ ညမထွက်ရအမိန့်ရှိတော့ ညပိုင်းကားမရှိဘူး။ ဒီမနက် ကားထွက်တဲ့ အချိန်မှာ ကားဖြတ်လို့မရတာ။ အခုတော့ ရေပြန်ကျနေပြီ။ မနက် ၇ နာရီ ခွဲလောက်က ကားကြီးတွေဖြတ် လို့ရပြီ၊ ကားလေးတွေကတော့ ၈ နာရီလောက်မှ ဖြတ်လို့ရတယ်” ဟု ဒေသခံတဦးလည်းက ပြောသည်။

ယခုတစ်ပါတ်အတွင်း မွန်ပြည်နယ်နှင့်တနင်္သာရီတိုင်းတို့၌ မိုးများမည်ဖြစ်ပြီး ရေကြီးရေလျှံခြင်းနှင့် မြေပြို ခြင်းအန္တရာယ်ကိုအထူးသတိထားသင့်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ လူသားချင်းစာနာ ထောက်ထားရေးနှင့် ဘေးအန္တရယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန (MOHADM)က ဇူလိုင်လ ၁၇ ရက်နေ့ က သတိပေးထားသည်။

စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required