စစ်ကောင်စီအပေါ် အရေးယူပိတ်ဆို့မှုတွေမှာ စင်ကာပူ ကန့်လန့်ခံနေသလား

စစ်ကောင်စီအပေါ် အရေးယူပိတ်ဆို့မှုတွေမှာ စင်ကာပူ ကန့်လန့်ခံနေသလား

နိုင်ငံတကာ အရေးယူပိတ်ဆို့မှုတွေရှိနေတဲ့ကြားက စစ်ကောင်စီရဲ့ ဝင်ငွေလမ်းကြောင်းတွေ ပွင့်နေခဲ့သလို လက်နက်နဲ့ တခြားထောက်ပံ့ရေးလမ်းကြောင်းတွေလည်း ဆက်လက်စီးဝင်နေခဲ့တာ ဖြစ်ပါတယ်။ အခုလ အစောပိုင်းကထွက်ပေါ်လာတဲ့သတင်းတွေအရတော့ စစ်ကောင်စီအပေါ် နိုင်ငံတကာရဲ့အရေးယူပိတ်ဆို့မှုတွေ ထိရောက်မှုမရှိဘဲ ဖြစ်နေတာမှာ စင်ကာပူက အဓိကယိုပေါက်တစ်ခုလိုဖြစ်နေခဲ့တာ တွေ့ရပါတယ်။ စင်ကာပူ အစိုးရတော့ ဒါကိုစုံစမ်းစစ်ဆေးမှုတွေလုပ်ပြီး ဖြေရှင်းသွားမယ်လို့ဆိုထားပါတယ်။ စစ်ကောင်စီကို ထောက်ပံ့နေ တဲ့ အဖွဲ့အစည်းသစ် ၉၁ ခုကို မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အစီရင်ခံစာတင်သွင်းသူရဲ့ အကူအညီနဲ့ ဖော်ထုတ် နိုင်ခဲ့တယ်လို့ စင်ကာပူ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဗီဗီယန်က ဇူလိုင် ၃ ရက်မှာ ကြေညာသွားခဲ့တာပါ။ အခုဆို ရင် မြန်မာစစ်ကောင်စီကို ထောက်ပံ့နေတဲ့ စင်ကာပူ အခြေစိုက်လုပ်ငန်းပေါင်းဟာ ၁၃၈ ခုအထိရှိလာနေပြီး အဲဒီ အတွက် စုံစမ်းစစ်ဆေးမှုတွေကို ပြုလုပ်သွားမယ်လို့ ဆိုခဲ့ပါတယ်။ အဓိကအနေနဲ့ မြန်မာပြည်ကို ပစ္စည်းတွေ တင်ပို့တာနဲ့ပတ်သက်တဲ့ စာရွက်စာတမ်းတွေ၊ ငွေပေးငွေယူ အထောက်အထားတွေ အစရှိတဲ့ အသေးစိတ် အချက် အလက်တွေကို ပိုမိုသိရှိနိုင်ဖို့ လုပ်ဆောင်နေပြီး တကယ်ပဲ စင်္ကာပူက ပို့ကုန်တွေဟာ လက်နက်တွေထုတ်လုပ်မှုနဲ့ ဆက်စပ်နေသလားဆိုတာ စုံစမ်းနေတယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ မေလက ထုတ်ပြန်ခဲ့တဲ့ မစ္စတာ တွမ်အင်ဒရူးရဲ့ အစီရင်ခံစာမှာကတည်းက စင်ကာပူ အခြေစိုက်လုပ်ငန်း ၄၀ ကျော်ဟာ မြန်မာစစ်တပ်အတွက် လက်နက်နဲ့ ဆက်စပ်ပစ္စည်းတွေတင်ပို့ခဲ့တယ်ဆိုပြီး ဖော်ပြခဲ့တာဖြစ်ပါတယ်။ အခုလို မြန်မာစစ်ကောင်စီကို ထောက်ပံ့နေတဲ့ စင်ကာပူ အခြေစိုက်လုပ်ငန်းတွေ ထပ်တိုးလာတာနဲ့ပတ်သက်ပြီး စင်ကာပူ ပါလီမန်ကိုယ်စားလှယ်တွေ ကြားမှာ လည်း အတော်လေး ဂယက်ရိုက်နေခဲ့ပါတယ်။ 

ဒီကိစ္စနဲ့ပတ်သက်ပြီး ပါလီမန်ကိုယ်စားလှယ်တွေရဲ့ မေးခွန်းတွေကို စင်ကာပူ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဗီဗီယန် ကတော့ စုံစမ်းစစ်ဆေးမှုတွေလုပ်နေကြောင်း စာနဲ့ ပြန်လည်ဖြေကြားထားခဲ့ပါတယ်။ စင်ကာပူအစိုးရဟာ စစ်ကောင်စီနဲ့ ဆက်စပ်နေတဲ့ လုပ်ငန်း နောက်ထပ် ၉၁ ခုကို ဖော်ထုတ်တွေ့ရှိပြီး မစ္စတာ တွမ်အင်ဒရူး အရင်က ဖော်ထုတ်ထားတဲ့ ၄၁ ခုစာရင်းမှာ ပေါင်းထည့်ထားတယ်လို့ဆိုပါတယ်။ အခုအရေအတွက်ဟာ ကနဦးစာရင်းကို ကြားဖြတ် ဖြည့်စွက်တာဖြစ်ပြီး စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ ဆိုထားပါတယ်။ ထပ်မံဖော်ထုတ်တွေ့ရှိ တဲ့ လုပ်ငန်းတွေထဲက ၉ ခုဟာ စင်ကာပူစာရင်းနှင့် ကော်ပိုရိတ်လုပ်ငန်းကြီးကြပ်မှု အာဏာပိုင်အဖွဲ့မှာ ဆက်လက် မှတ်ပုံတင်ထားတာမရှိတော့ဘဲ တရားဝင်အဖွဲ့အစည်းအဖြစ် လုပ်ကိုင်တာ မရှိတော့ဘူးလို့ ဆိုပါတယ်။ အဲဒီလုပ် ငန်းတွေမှာ တိုက်လေယာဉ်အတွက် အစိတ်အပိုင်းနဲ့ အပိုပစ္စည်း လွှဲပြောင်းပေးတာ၊ မြန်မာရေတပ်အတွက် ကိရိ ယာတွေ၊ ရေဒီယိုဆက်သွယ်ရေး၊ သုတေသနနဲ့ အီလက်ထရွန်းနစ် စစ်ရေးနဲ့ ပတ်သက်တဲ့ ကိရိယာတွေ လွှဲပြောင်း ပေးတဲ့ လုပ်ငန်းတွေပါဝင်တယ်လို့ စင်ကာပူ နိုင်ငံခြားရေးဝန်ကြီး ကဆိုထားပါတယ်။ စင်ကာပူအခြေစိုက်လုပ်ငန်း တွေက မြန်မာစစ်တပ်ကိုတင်ပို့တယ်လို့ မစ္စတာ တွမ်အင်ဒရူးရဲ့ အစီရင်ခံစာမှာဖော်ပြထားတဲ့ အမေရိကန်ဒေါ်လာ ၂၅၄ သန်းတန်တဲ့ လက်နက်နဲ့ ဆက်စပ်ပစ္စည်းတွေရဲ့ အသေးစိတ်တွေကို စင်ကာပူအစိုးရက လေ့လာနေကြောင်း လည်း မစ္စတာ ဗီဗီယန်ကပြောထားပါတယ်။ ဒါ့အပြင် စင်ကာပူအစိုးရအနေနဲ့ မြန်မာမှာ လက်နက်မဲ့အရပ်သား တွေကို အကြမ်းဖက်ရာမှာသုံးမယ့် အန္တရာယ်မြင့်မားတဲ့ လက်နက်တွေနဲ့ စစ်ဘက်အသုံးပြုဖို့ အလားအလာ ရှိတယ်လို့ယူဆရတဲ့ စစ်ဘက်နဲ့အရပ်ဘက် နှစ်မျိုးသုံးပစ္စည်းတွေ လွှဲပြောင်းပေးတာကို တားဆီးတဲ့မူဝါဒကို ဆက်လက်အကောင်အထည်ဖော်ဖို့ ကတိကဝတ်ဆက်ပြုကြောင်းလည်းဆိုခဲ့ပါတယ်။  

စင်ကာပူအစိုးရဟာ မြန်မာအပေါ် အထွေထွေကုန်သွယ်ရေး ပိတ်ပင်မှု ချမှတ်ထားတာမရှိဘဲ လွန်ခဲ့တဲ့နှစ်မှာ စင်ကာပူနဲ့ မြန်မာကြား ကုန်သွယ်မှုအနေနဲ့ စင်ကာပူ ဒေါ်လာ ၅ ဒသမ ၈ ဘီလီယံ (အမေရိကန်ဒေါ်လာ ၄ ဒသမ ၃ ဘီလီယံ)ဖိုး ရှိခဲ့တာဖြစ်ပါတယ်။ ဒါကိုကြည့်မယ်ဆိုရင် စင်ကာပူအနေနဲ့ စစ်ကောင်စီအပေါ် အရေးယူပိတ်ဆို့ တာတွေနဲ့ပတ်သက်ပြီး အနောက်နိုင်ငံတွေရဲ့ဖိအားတွေရှိနေပေမယ့် သူတို့စီးပွားရေးထိခိုက်မယ့် အခြေအနေမျိုး ကိုတော့ ရှောင်ရှားနေချင်ပုံရပါတယ်။ Burma camping ယူကေအဖွဲ့ဒါရိုက်တာ မာ့ခ်ဖာမနာကတော့ စင်ကာပူ အပေါ်မှာ နိုင်ငံတကာဖိအားတွေ၊ တိုက်တွန်းချက်တွေရှိနေပေမယ့် လက်ရှိအချိန်အထိ အဲဒီဖိအားတွေကို ပူးပေါင်း ဆောင်ရွက်တာမရှိသေးဘဲ ဆက်ပြီးအံတုနေဆဲဖြစ်တယ်လို့ ဆိုထားပါတယ်။ မြန်မာစစ်တပ်ကို လက်နက်တပ် ဆင်ရာမှာရော ဘဏ္ဍာငွေတွေ စီးဝင်ရာမှာရော စင်ကာပူက အဓိကအရေးပါတဲ့နေရာမှာဆက်ရှိနေဆဲလို့လည်းဆို ပါတယ်။ အမေရိကန်၊ ယူကေ၊ အီးယူနဲ့ ကနေဒါတို့ကနေ မြန်မာစစ်တပ်အပေါ်မှာချမှတ်ထားတဲ့ ပိတ်ဆို့အရေး ယူမှုတွေဟာ စင်ကာပူအပေါ်မှာ သက်ရောက်မှုမရှိပါဘူး။ ဒါကြောင့် နိုင်ငံတကာပိတ်ဆို့မှုတွေကို လက်တွေ့ အကောင်အထည်ဖော်တဲ့အခါ စင်ကာပူဟာ ဟာပေါက် ယိုပေါက်တစ်ခုအသွင်ဖြစ်လာနေပါတယ်။ စင်ကာပူ အစိုးရအနေနဲ့လည်း ဒီလိုဖြစ်နေတာကိုပြင်ဆင်ပြောင်းလဲဖို့ရာ စိတ်ဆန္ဒရှိပုံမရဘူးလို့လည်း မာ့ခ်ဖာမနာက ဆိုပါ တယ်။ မြန်မာနိုင်ငံမှာ တစ်ကျော့ပြန်စစ်အာဏာသိမ်းမှုအပေါ် စင်ကာပူက အစပိုင်းမှာတော်တော်လေး ဝေဖန်ခဲ့ တာမှန်ပါတယ်။ ဒါပေမဲ့ ဝေဖန်မှုတွေရဲ့နောက်ဆက်တွဲ ဘယ်လိုအရေးယူကိုင်တွယ်မှုမျိုးကိုမှမလုပ်ခဲ့ပါဘူး။ အဓိပ္ပာယ်ကတော့ စင်ကာပူဟာ မြန်မာစစ်တပ်ဆီ လက်နက်နဲ့ဘဏ္ဍာငွေကြေးတွေ စီးဝင်နေတဲ့ဖြစ်ရပ်တွေကို သူတို့မြေပေါ်မှာဆက်လက်ခွင့်ပြုနေခဲ့တာဖြစ်ပါတယ်။ သူတို့ရဲ့ဘဏ်တွေ၊ ကုမ္ပဏီတွေ ဒီကိစ္စတွေမှာ ပါဝင် ပတ်သက်နေတာကိုလည်း ဆက်ပြီးခွင့်ပြုထားတာဖြစ်ပါတယ်။  

အဲဒီလို မြန်မာစစ်တပ်ဆီ စီးဝင်မှုတွေသာမက စစ်အရာရှိကြီးတွေ၊ စစ်တပ်နဲ့ နီးစပ်တဲ့ခရိုနီတွေ၊ မြန်မာပြည်သူ တွေဆီကနေ မတရားသဖြင့် ခေါင်းပုံဖြတ်ယူထားတဲ့ ဓနဥစ္စာတွေကို စင်ကာပူမြေမှာ လာရောက် သိုဝှက်ထား ရှိတာကိုလည်း စင်ကာပူက ခွင့်ပြုထားတာဖြစ်ပါတယ်။ ဒီလိုခွင့်ပြုထားတာတွေကို ထိန်းချုပ်ကိုင်တွယ်ဖို့ရာ စင်ကာပူအပေါ်မှာလည်း နိုင်ငံတကာ ဖိအားတွေ၊ တိုက်တွန်း ချက်တွေရှိနေပါတယ်။ လက်ရှိအချိန်ထိတော့ အဲဒီဖိအားတွေကို ပူးပေါင်းဆောင်ရွက်တာမရှိသေးဘဲ ဆက်ပြီး အံတုနေဆဲဖြစ်တယ်လို့ မာ့ခ်ဖာမနာက ဆိုထားပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အစီရင်ခံစာတင်သွင်းသူ မစ္စတာ တွမ်အင်ဒရူးရဲ့ အစီရင်ခံစာ တွေထွက်လာပြီးနောက်မှာတော့ စင်ကာပူအနေနဲ့ တော်တော်လေး လှုပ်လှုပ်ရှားရှားဖြစ်လာတာ တွေ့ရပါတယ်။ တွမ်အင်ဒရူးရဲ့ အစီရင်ခံစာဟာ စင်ကာပူအတွက်သာမက မြန်မာ့အရေးပေါ်အာရုံစိုက်နေတဲ့ အနောက်နိုင်ငံတွေ အပေါ်ကိုလည်း သတိပေးရာ ရောက်ခဲ့တယ်လို့ထင်ပါတယ်။ အကျိုးဆက်အနေတဲ့ မြန်မာစစ်တပ်အပေါ်မှာ ပိတ်ဆို့ကန့်သတ်တာတွေ ထိရောက်ဖို့ဆိုရင် ဘဏ်စနစ်တွေ၊ ဘဏ်လုပ်ငန်းတွေလည်း ကိုင်တွယ်ဖို့လိုတယ် ဆိုတာကို အမေရိကန်က သဘောပေါက်ကြောင်းပြလာတာဖြစ်ပါတယ်။ မြန်မာစစ်တပ်ဆီကို စီးဝင်နေတဲ့ ဘဏ္ဍာငွေစီးကြောင်းကို ဖြတ်တောက်ဟန့်တားရာမှာ စင်ကာပူရဲ့အခန်းကဏ္ဍကို လျစ်လျူရှု မျက်ကွယ်ပြု ချန်ထားလို့ မဖြစ်နိုင်ဘူးဆိုတဲ့ အချက်ကိုလည်း အမေရိကန်က သိမြင်လာပုံရပါတယ်။ လက်ရှိမှာ အမေရိကန်နဲ့ စင်ကာပူကြား မြန်မာအရေးနဲ့ ပတ်သက်လို့ဆွေးနွေးနေတာတွေရှိပြီး အဓိကအနေနဲ့ စင်ကာပူမှာရှိနေတဲ့ ဘဏ္ဍ လုပ်ငန်းတွေကို မြန်မာစစ်တပ်အတွက် အသုံးမချနိုင်ဖို့အတွက် ဆွေးနွေးညှိနှိုင်းတာတွေပြုလုပ်နေတယ်လို့ သိရပါတယ်။ အမေရိကန်အပြင် ယူကေနဲ့ အီးယူတို့လည်း အလားတူပြောဆိုမှုတွေရှိနေတယ်လို့ဆိုနေကြတာပါ။  

မစ္စတာ တွမ်အင်ဒရူးရဲ့ အစီရင်ခံစာထွက်လာပြီးနောက် စင်ကာပူအစိုးရက တရားဝင်တုံ့ပြန်ဖြေဆိုတာ၊ ရှင်းချက် ထုတ်တာတွေ လုပ်တာကိုကြည့်ရင် သူတို့အပေါ်မှာ ဖိအားတွေသက်ရောက်နေပြီဆိုတာလည်းသေချာပါတယ်။ Burma camping ယူကေ အဖွဲ့ဒါရိုက်တာ မာ့ခ်ဖာမနာကတော့ မြန်မာစစ်တပ်ကို လက်နက်တွေလွှဲပြောင်းပေး ရာမှာ စင်ကာပူအစိုးရ မပါဝင်ဘူး မပတ်သက်ဘူးဆိုတာ ဟုတ်ကောင်းဟုတ်နိုင်ပေမယ့် စင်ကာပူအခြေစိုက် ကုမ္ပဏီတွေရဲ့အခန်းကဏ္ဍ ကြီးကြီးမားမားရှိနေတဲ့အချက်ကတော့ ဘယ်လိုမှမျက်ကွယ်ပြု လျစ်လျူရှုထားလို့ မရဘူးလို့ဆိုပါတယ်။ ဒီလိုပြည်တွင်းပြည်ပအဖွဲ့အစည်းတွေရဲ့ဝေဖန်မှုတွေမြင့်တက်လာပြီးနောက် စင်ကာပူ အစိုးရရဲ့သိသာတဲ့တုံ့ပြန် မှုတွေကိုတော့တွေ့နေရပါတယ်။ စင်ကာပူနိုင်ငံအတွင်း လိုင်စင်မရှိဘဲ ငွေလွှဲလုပ်ငန်း တွေမလုပ်ဖို့ စင်ကာပူ အာဏာပိုင်တွေက ထုတ်ပြန်ခဲ့သလို စင်ကာပူအခြေစိုက် United Overseas Bank (UOB) ဘဏ်ကလည်း စစ်ကောင်စီ လက်အောက်ခံ Myanmar Airways International (MAI) လေကြောင်းလိုင်းနဲ့ သက်ဆိုင်တဲ့ ဘဏ်စာရင်း ငါးခုစလုံးကို သြဂုတ် ၁၅ ရက်ကစပြီး ပိတ်သိမ်းတော့မယ်လို့ ကြေညာခဲ့တာဖြစ်ပါ တယ်။  

စင်ကာပူ နိုင်ငံခြားရေးဝန်ကြီး ဗီဗီယန်ကလည်း မြန်မာနိုင်ငံဟာ ဘဏ္ဍာရေးအရေးယူ မှုလုပ်ငန်းအဖွဲ့(FATF)ရဲ့ အမည် ပျက်စာရင်းမှာ ပါဝင်နေလို့ စင်ကာပူက ဘဏ္ဍာရေးအဖွဲ့အစည်းတွေအနေနဲ့ မြန်မာက အန္တရာယ်ကြီးမား တဲ့ ဖောက်သည်တွေနဲ့ ငွေပေးငွေယူတွေမှာ လုံလောက်တဲ့ လုံ့လစိုက်ထုတ်မှု ပြုလုပ်ရမယ်လို့ဆိုထားပါတယ်။ FATF ဆိုတာ ကမ္ဘာ့ငွေကြေးခဝါချမှုနဲ့ အကြမ်းဖက်ဝါဒ ငွေကြေးထောက်ပံ့မှု တားဆီးဖို့ ရည်ရွယ်တဲ့ အစိုးရတွေရဲ့ စောင့်ကြည့်အဖွဲ့ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့နှစ် အောက်တိုဘာလအတွင်း မြန်မာကို ငွေးကြေးခဝါချမှု၊ အကြမ်း ဖက်ဝါဒ ငွေကြေးထောက်ပံ့တာနဲ့ နျူကလီးယား၊ ဓာတု ဒါမှမဟုတ် ဇီဝလက်နက်တွေ ပျံ့ပွားတာကို ငွေကြေး ထောက်ပံ့တာတို့ကို တားဆီးဖို့ ချို့ယွင်းချက်များစွာရှိတဲ့ အန္တရာယ်မြင့်မားတဲ့ တရားစီရင် ရေးနယ်ပယ်တွေ စာရင်းမှာ မြန်မာနိုင်ငံကို ထည့်သွင်းထားခဲ့တာဖြစ်ပါတယ်။ လတ်တလောမှာ စင်ကာပူအစိုးရအနေနဲ့ မစ္စတာ အင်ဒရူးရဲ့ အစီရင်ခံစာပါအချက်အလက်တွေနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးသွားမယ်လို့ဆိုထားပေမယ့် ဘယ် အတိုင်းအတာအထိ မြန်မာစစ်ကောင်စီနဲ့ပတ်သက်နေတဲ့ ကုမ္ပဏီတွေကို အရေးယူတာနဲ့ သတိပေးချက်တွေ လုပ်မလဲဆိုတာကတော့ စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly