မန္တလေးတွင် နာရီပိုင်းအတွင်း ပေါက်ကွဲမှု ၂ ကြိမ်ဖြစ်ပွား၊ မပေါက်ကွဲသေးသည့် လက်လုပ်မိုင်းများတွေ့ရှိ

By 007 (မဇ္စျိမ)
17 July 2023
မန္တလေးတွင် နာရီပိုင်းအတွင်း ပေါက်ကွဲမှု ၂ ကြိမ်ဖြစ်ပွား၊ မပေါက်ကွဲသေးသည့် လက်လုပ်မိုင်းများတွေ့ရှိ

မန္တလေးမြို့တွင် ဇူလိုင်လ ၁၅ ရက်နေ့ ညပိုင်းက နာရီပိုင်းအတွင်း ပေါက်ကွဲမှုနှစ်ကြိမ် ဖြစ်ပွား ခဲ့ပြီး မပေါက်ကွဲသေးသည့်မိုင်းများလည်းတွေ့ရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

“ည ၈ နာရီလောက်မှာ တကြိမ်၊ နောက် ၁၅ မိနစ်လောက်ခြားပြီးတော့ တကြိမ်၊ ပေါက်ကွဲမှုနှစ်ကြိမ် ဖြစ်ခဲ့ တယ်၊ ပထမတကြိမ်က ကျွန်တော်တို့ရပ်ကွက်က အုပ်ကြီးရုံးကို ဗုံးနဲ့ပစ်သွားတာပါ၊ အဲဒီရုံးက ခဏခဏ ဗုံးခွဲခံရလို့ တစ်လမ်းလုံးကိုပိတ်ဆို့ပြီး အသစ်ပြန်ဆောက်နေတဲ့ရုံးပါ၊ ဘာအထိအခိုက်မှတော့မဖြစ်ခဲ့ဘူး” ဟု မဟာအောင်မြေမြို့နယ် သံလျှက်မှော်အနောက်ရပ်ကွက်ရုံး ပေါက်ကွဲမှုနှင့်ပတ်သက်၍ ဒေသခံတဦး က ပြောသည်။

ဇူလိုင်လ ၁၅ ရက်နေ့ ည ၈ နာရီခန့်တွင် မဟာအောင်မြေမြို့နယ် သံလျှက်မှော်အနောက်ရပ်ကွက် (၄၁) လမ်းနှင့် ၄၂ လမ်းကြား၊ လမ်း ၉၀ နှင့် ၉၁ လမ်းကြားရှိ ရပ်ကွက်ရုံးကို လက်လုပ်ဗုံးဖြင့် ပစ်ခတ်ခံ ရပြီး နောက် ၁၅ မိနစ်ခန့်အကြာတွင် ပြည်ကြီးတံခွန်မြို့နယ်၊ ချမ်းမြသာယာရပ်ကွက် ၇၅ လမ်းနှင့် ၁၁၅ လမ်း ထောင့်ရှိ မြ၀တီဘဏ်ကိုလည်း လက်လုပ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်သွားခြင်းဖြစ်ကြောင်း မန္တလေးတိုင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သည့်အသိုင်းအဝိုင်းမှ သိရသည်။

ပေါက်ကွဲမှုနှစ်ခုစလုံးတွင် လူနှင့်အဆောက်အအုံထိခိုက်ပျက်စီးမှု မရှိခဲ့ကြောင်း နီးစပ်သူတဦးက ပြော သည်။

ယင်းနေ့ ညနေ ၅ နာရီခန့်ကလည်း ချမ်းမြသာစည်မြို့နယ်၊ ကန်သာယာရပ်ကွက် ၁၁၂ လမ်း၊ ၅၇ လမ်းနှင့် ၅၈ လမ်းကြားရှိအမှိုက်ပုံတွင် ရေသန့်ဘူးဖြင့်ပြုလုပ်ထားသော လက်လုပ်မိုင်းရှစ်လုံး တွေ့ရှိခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သည့် အသိုင်းအဝိုင်းမှ သိရသည်။

“မိုင်းရှစ်လုံးတွေ့တဲ့နေရာက စစ်မှုထမ်းဟောင်းရုံးနဲ့လည်း နီးတယ်၊ နောက်ပြီးတော့ ရုပ်ရှင်အစည်းအရုံး၊ စာတိုက် အဲဒါတွေနဲ့လည်းနီးတယ်”ဟု ဒေသခံတဦးက ပြောသည်။

ပေါက်ကွဲမှုဖြစ်စဉ်များနှင့်ပတ်သက်၍ မည်သည့်အဖွဲ့အစည်းက ပြုလုပ်သွားခြင်းဖြစ်ကြောင်း တစုံတရာ သတင်းထုတ်ပြန်လာခြင်း မရှိသေးပေ။
စာတည်း ။      ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။  ။စောဖေ
#မန္တလေးမြို့
#ပေါက်ကွဲမှု
#လက်လုပ်ဗုံး
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly