ကြာအင်းဆိပ်ကြီးမြို့နယ်မှ စစ်ကောင်စီတပ်ဖွဲ့၏ရှေ့တန်းစခန်းနှင့် မြို့ပေါ်ရှိရုံးများကို ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ တိုက်ခိုက်

By မောင်ခက်နွေ (မဇ္ဈိမ)
17 July 2023
ကြာအင်းဆိပ်ကြီးမြို့နယ်မှ စစ်ကောင်စီတပ်ဖွဲ့၏ရှေ့တန်းစခန်းနှင့် မြို့ပေါ်ရှိရုံးများကို ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ တိုက်ခိုက်

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့ပေါ်ရှိ ရဲစခန်း၊ ထွေအုပ်ရုံး၊ မြေစာရင်းရုံးနှင့် ခုတ်ခွား ရှေ့တန်းစခန်းတို့ကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က ပစ်ခတ်တိုက်ခိုက်မှုများပြုလုပ်ခဲ့သည်ဟု အထူး စစ်ဆင်ရေးတပ်ဖွဲ့(S.O.F)တာဝန်ရှိသူထံမှ သိရသည်။

ဇူလိုင်လ ၁၁ ရက်မှစတင်ကာ ဇူလိုင်လ ၁၆ ရက်နေ့အထိ ခြောက်ရက်တာအတွင်း ဒရုန်းဖြင့် တိုက်ခိုက် ခြင်းနှင့် မြေပြင်တိုက်ခိုက်ခြင်းများကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

“မနက်ပိုင်း တစ်ကြိမ်နှစ်နာရီလောက် အပြင်းအထန်တိုက်ပွဲဖြစ်တယ်။ နေ့ခင်းပိုင်းမှာ ရွာနားပတ်ချာ လည်ကို လေယာဉ်နဲ့ဗုံးလာကြဲသွားတယ်။ ညနေပိုင်းမှာလည်း အပြင်းအထန်ထိတွေ့တိုက်ပွဲထပ်ဖြစ် တယ်” ဟု ဇူလိုင်လ ၁၃ ရက်နေ့က ထိတွေ့တိုက်ပွဲအခြေအနေကို S.O.F  တာဝန်ခံ ကိုအောင်စံရှားက ပြောသည်။

ယင်းတိုက်ပွဲတွင် ကြာအင်းဆိပ်ကြီးဘက်သို့ အင်အား ၇၀ ခန့်ဖြင့် စစ်ကူလာသည့် စစ်ကောင်စီတပ်ဖွဲ့ စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

အဆိုပါထိတွေ့တိုက်ပွဲ၌ စစ်ကောင်စီတပ်သားငါးဦးသေဆုံးပြီး ၎င်းတို့ကို တိုက်ပွဲဖြစ်ပွားသည့် မက်ကတော်ကျေးရွာအနီးတွင် မြေမြှုပ်သွားခဲ့သည်ကို တွေ့ရသည်ဟု SOF တာဝန်ခံ ကိုအောင်စံရှားက ပြောသည်။

ယင်းအပြင်စစ်ကောင်စီတပ်ဖွဲ့က မက်ကတော်ရွာခံတဦးကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားပြီး ယနေ့အထိ ပြန်လွှတ်မပေးသေးကြောင်း ဒေသခံတဦးကပြောသည်။

စစ်ကောင်စီတပ်ဖွဲ့နှင့်ဖြစ်ပွားခဲ့သော တိုက်ပွဲများအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့(S.O.F) ၊ Cloud Wings ဒရုန်းတပ်ဖွဲ့နှင့် Federal Wings ဒရုန်းတပ်ဖွဲ့ တို့က ပူးပေါင်းတိုက်ခိုက်ကြခြင်းဖြစ်သည်ဟု သိရသည်။

ထိုတိုက်ခိုက်မှုများတွင် ခုတ်ခွားစခန်းအပါအဝင် ကြာအင်းဆိပ်ကြီးမြို့ရှိ မြို့နယ်ရဲစခန်း၊ ထွေအုပ်ရုံး၊ မြေစာရင်းရုံးတို့ပျက်စီးသွားပြီး စစ်ကောင်စီတပ်သားငါးဦးသေဆုံးကာ ၁၀ ဦးထက်မနည်း ပြင်းထန်ဒဏ် ရာရရှိခဲ့သည်ဟု ကိုအောင်စံရှားက  ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့က လေယာဉ်များဖြင့် ဗုံးကြဲခြင်း၊  ၁၂၀ မမ၊ ၈၁ မမ၊ ၆၀ မမ လက်နက်ကြီးများဖြင့် နေရာအနှံ့ ပစ်ခတ်ခြင်းများ ပြုလုပ်ခဲ့ပြီး KNLA ၊ S.O.F ၊ Cloud Wings ၊ Federal Wings ပူးပေါင်း တပ်ဖွဲ့ဘက်မှ ရဲဘော်တဦးဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့ကာ လက်နက်ခဲယမ်း၊ ပစ္စည်းများ ထိခိုက်မှု၊ ဆုံးရှုံးမှု တစုံတရာမရှိခဲ့ကြောင်း S.O.F က ထုတ်ပြန်ထားသည်။

အလားတူ ပြီးခဲ့သည့် ဇူလိုင်လ ၅ ရက်နေ့ကလည်း KNLA ၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ (S.O.F) ၊ Cloud Wings ဒရုန်းတပ်ဖွဲ့နှင့် မဟာမိတ်အဖွဲ့များ ပူးပေါင်းပြီး စစ်ကောင်စီလက်အောက်ခံ ခလရ(၂၈၃) တပ်ရင်း ဌာနချုပ်၊ ခုတ်ခွားစစ်စခန်း၊ အဘစ်စစ်ကောင်စီဂိတ်နှင့် ခလယ်တံခွန်တိုင်ရဲစခန်းတို့ကို တိုက်ခိုက်ခဲ့သေး သည်။

ထိုတိုက်ပွဲတွင် စစ်ကောင်စီလက်‌အောက်ခံ  အမတ(၃၁၈) အမြောက်တပ်မှ ဗိုလ်တဦးနှင့် တပ်သားတဦး သေဆုံးခဲ့ပြီး စစ်ကောင်စီတပ်သား ငါးဦးထက်မနည်း ပြင်းထန်ဒဏ်ရာရရှိခဲ့သည်ဟု  အထူးစစ်ဆင်ရေး တပ်ဖွဲ့(S.O.F) က ထုတ်ပြန်ထားသည်။

ဇွန်လ ၁၅ ရက်နေ့မှစကာ အထူးစစ်ဆင်ရေးတပ်ဖွဲ့-S.O.F အပါအဝင်  KNLA နှင့် PDF ပူးပေါင်းတပ်ဖွဲ့ ဝင်များသည် မော်လမြိုင်-ရေး-ထားဝယ် အမှတ်(၈)ပြည်ထောင်စုလမ်းမကြီး လုံခြုံရေးအတွက် နေ့စဉ် စစ်ဆေးလျက်ရှိကာ ကြည်ဖြူစွာ စစ်ဆေးခံကြပါရန်လည်း တိုက်တွန်းထားသည်။ 

စာတည်း။      ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။  ။စောဖေ

#ကရင်ပြည်နယ်
#ကြာအင်းဆိတ်ကြီးမြို့
#စစ်ကောင်စီတပ်
#တိုက်ခိုက်မှု

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly