မင်းတပ်မြို့နယ်ရှိစာသင်ကျောင်းများတွင် လေကြောင်းရန်ကြောင့် ကလေးငယ်များကို ပုန်းခိုနည်း သင်ပေးပြီး စာသင်ကြားနေရ

By 005 (မဇ္ဈိမ)
17 July 2023
မင်းတပ်မြို့နယ်ရှိစာသင်ကျောင်းများတွင် လေကြောင်းရန်ကြောင့် ကလေးငယ်များကို ပုန်းခိုနည်း သင်ပေးပြီး စာသင်ကြားနေရ

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၊ ပညာရေးဘုတ်အဖွဲ့မှဦးစီးဖွင့်လှစ်ထားသည့် စာသင်ကျောင်း များတွင် ဗုံးခိုကျင်းများတူးပြီး ပုန်းခိုနည်းသင်ပေးကာ စာသင်ကြားနေရကြောင်း ဆရာ၊ ဆရာမများထံမှ သိရသည်။

ကလေးငယ် ၁၀,၀၀၀ ကျော်ကို CDM ဆရာ၊ ဆရာမ ၃၀၀ ကျော်နှင့် စေတနာ့ဝန်ထမ်းများမှ ပညာသင် ကြားပေးနေပြီး ဒေသကာကွယ်ရေးတပ်ဖွဲ့များကလည်း ပုန်းခိုနည်းများ သင်ကြားပေးကြောင်း ဆိုသည်။

“ လေကြောင်းရန်ကြောင့် ကျွန်မတို့မင်းတပ်မြို့နယ်ထဲက ကျောင်းတွေအားလုံး ပိတ်ထားတာတော့ မရှိ ဘူး။ ရွာတွေဖက်က ဆရာမတွေကတင်ပြလာလို့ရှိရင် ပိတ်ခိုင်းထားတာပဲရှိတယ်။ လေကြောင်းပစ်ခတ်မှု အများဆုံးခံရတာ တိုက်နယ်အမှတ် (၂)၊ အမှတ် (၃) က ပိုပြီးခံရတယ်။ နောက်ပြီးတော့ ကျောင်းတွေမှာ ဗုံးခိုကျင်းတွေ တူးခိုင်းထားတာရှိတယ်။ ဆရာ၊ ဆရာမတွေကလည်း ကလေးတွေကို သင်ပေးထားတာ တွေရှိတယ်။ တချိုကျောင်းတွေမှာဆို CDF – Mindat အဖွဲ့ကလည်း လာပြီးတော့သင်ပေးတာ တွေရှိ တယ်။ အသံကြားတာနဲ့ ဘယ်လိုပုန်းရှောင်ရမယ်။ ဘယ်လိုပြေးရမလဲဆိုတာ တွေကိုသင်ပေးပါတယ်” ဟု မင်းတပ်မြို့နယ်ပညာရေးဘုတ်အဖွဲ့မှ တာဝန်ရှိသူတဦး ကပြောသည်။

ချင်းပြည်နယ်တစ်ခုတည်းတွင် လေကြောင်းမှ အကြိမ် ၄၀ ထက်မနည်း တိုက်ခိုက်ခံခဲ့ရကြောင်းလည်း မင်းတပ်မြို့နယ်ပညာရေးဘုတ်အဖွဲ့မှ တာဝန်ရှိသူကဆိုသည်။

စစ်ကောင်စီတပ်က တိုက်ပွဲမဖြစ်သည့် လူနေကျေးရွာများကိုသာမက ဘာသာရေးအဆောက်အအုံများ၊ ဘုရားကျောင်းများ၊ စာသင်ကျောင်းများကိုပါ လေကြောင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်လေ့ရှိကြောင်း လည်း ၎င်းကပြောသည်။

ပညာသင်ကြားနေသည့်ကလေးငယ်များအပေါ် လေကြောင်းနှင့်လက်နက်ကြီးများဖြင့် ပစ်ခတ်နေခြင်း သည် လူမျိုးသုဉ်းသတ်ဖြတ်မှုဖြစ်ကြောင်းလည်း ဆရာမတဦးက ဝေဖန်သည်။

CDF - Mindat မှလည်း ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်၏ လက်နက်ကြီးများ၊ လေကြောင်း ပစ်ခတ်မှုအန္တရာယ်များမှ ကာကွယ်နိုင်သော ဗုံးခိုကျင်းများကို (သတ်မှတ်ထားသည့် စံနှုန်းအတိုင်း) တူးထားကြရန် အသိပေးထုတ်ပြန်ထားသည်။

ပုံစာ - စာသင်ကျောင်းမှပြန်လာသည့် ကျောင်းသားများနှင့် လက်နက်ကြီးကျည်ကြောင့် ပျက်စီးခံခဲ့ရသည့်ကျောင်းများ။

စာတည်း ။ ။ Alden

စာမူတည်းဖြတ်။  ။စောဖေ

“Supported by the Staying Resilient Amidst Multiple Crises in Southeast Asia initiative of SEA Junction in partnership with CMB Foundation”

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly