နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၁၇ ဇူလိုင် ၂၀၂၃) 

နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၁၇ ဇူလိုင် ၂၀၂၃) 
Photo - AFP

အမျိုးသားညီညွတ်ရေး အစိုးရ 

  • အမေရိကန်နိုင်ငံ၊ ဆန်ဖရန်စစ္စကိုမြို့တွင် ဇူလိုင် ၁၆ ရက်က NUG အစိုးရ ပြည်ထောင်စုဝန်ကြီး နှင့် နွေဦးတော်လှန်ရေး ထောက်ပို့ ပြည်သူများ တွေ့ဆုံဆွေးနွေးခဲ့​ကြောင်း သိရသည်။ 

  • အမျိုးသားညီညွတ်ရေး အစိုးရ ၊ လူအခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက မွေးနေ့ အမှတ်တရအဖြစ် စစ်ကိုင်းမြို့နယ်၊ မီးဘေးသင့်ပြည်သူများကို ထောက်ပံ့လှူဒါန်းငွေ ပေးအပ်ခဲ့ကြောင်း သိရသည်။ 

  • အမျိုးသားညီညွတ်ရေးအစိုးရ၊ တရားရေးဝန်ကြီးဌာန၊ ကြားကာလ တရားစီရင်ရေးဆိုင်ရာ ဦးစီး ဌာန နှင့် မြေပြင်တရားရုံး (၂၈) ရုံးမှ တရားသူကြီးများ တွေ့ဆုံဆွေးနွေးပွဲကို ဇူလိုင် ၁၅ ရက်၊ နံနက် ၁၀ နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။ 

  • အမျိုးသားညီညွတ်ရေး အစိုးရ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟို ကော်မတီ နှင့် စစ်ကိုင်းတိုင်းလွှတ်တော်ကိုယ်စားပြုကော်မတီဝင်များ တွေ့ဆုံ ဆွေးနွေးမှုကို ဇူလိုင် ၁၆ ရက်၊ မွန်းလွဲ ၁ နာရီတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။ 

  • တနင်္သာရီမြို့နယ်၏ နယ်စပ်ကုန်သွယ်ရေးလမ်းပိုင်းဖြစ်သည့် ထုံခါ - မောတောင် နယ်စပ် ကုန်သွယ်ရေးလမ်းကို ဇူလိုင် ၁၆ ရက်ကစပြီး ခရီးသွားလာခွင့်ကို ယာယီပိတ်သိမ်းလိုက်ကြောင်း တနင်္သာရီ ပကဖက ဇူလိုင် ၁၆ ရက်စွဲဖြင့် ထုတ်ပြန်လိုက်သည်။ 

တော်လှန်ရေး လှုပ်ရှားမှုများ 

  • စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်တွင် စစ်အာဏာရှင် ဆန့်ကျင်ရေးအတွက် ယင်းမာပင် မြောက်ခြမ်း သပိတ်အင်အားစုက ဇူလိုင် ၁၇ ရက်၊ နံနက်ပိုင်းက ချီတက် သပိတ်မှောက် ကြကြောင်း သိရသည်။ 

  • စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်က အကြမ်းဖက် စစ်ကောင်စီ လက်ပါးစေ ဆားတောင်ရဲစခန်းကို လာသည့် အကြမ်းဖက်စစ်ကားတစ်စီးကို စစ်ကိုင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ရာ ၄ ဦး ထိမှန်ပြီး သေဆုံးနိုင်သည်ဟု Fight for Federal က ယနေ့ သတင်း ထုတ်ပြန်သည်။ 

  • စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်တွင် ဇူလိုင် ၁၅ ရက်၊ နံနက်ပိုင်းတွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်း နှင့် ကံထူးမ ရဲစခန်းကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ရွှေဘို ခရိုင် အမှတ် ၈ တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ 

  • စစ်ကိုင်းတိုင်း၊ ကောလင်းမြို့၊ မင်းတဲကြီးရပ်ကွက် အနောက်ဘက် လက်ခုပ်ပင်အနီးတွင် ဇူလိုင် ၁၄ ရက်က လက်လုပ်သေနတ်ဖြင့် ဓားပြတိုက်နေသည့် စစ်သား ၂ ဦးကို ကောလင်း PDF တပ်ဖွဲ့ က ဖမ်းဆီးခဲ့ပြီး ၁ ဦး သေဆုံးကာ ၁ ဦး အရှင်ဖမ်းမိခဲ့ကြောင်း Kawlin Info မှ တာဝန် ရှိသူ တစ်ဦးက ပြောသည်။ 

  • စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့၊ အမှတ်(၂၈) ရဲတပ်ရင်းကို ဇူလိုင် ၁၁ ရက်၊ နေ့လယ် ၁၂ နာရီခန့် က ရှော့တိုက်ဒုံးနှစ်လုံးဖြင့် ပစ်ခတ်ခဲ့ရာ စစ်ကောင်စီဘက်တွင် သုံးဦးသေဆုံးပြီး ရဲတပ်ရင်းထဲမှ ဟောင်ဝင်ဇာအမြောက် ပျက်စီးသွားကြောင်း ချင်းတွင်းဂဠုန်ရာဇာ ပြောက်ကျားတပ်ဖွဲ့ (CGYDF) က ဇူလိုင် ၁၆ ရက်တွင် သတင်းထုတ်ပြန်သည်။ 

  • စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ အင်းရွာသစ် ရပ်ကွက်တွင် ယင်းမာပင်ခရိုင် ပညာရေးမှူး ဒေါ်သီတာချို သည် ဇူလိုင် ၁၄ ရက်က ၎င်း၏ အိမ်ရှေ့တွင် သေနတ်ဖြင့် ပစ်သတ် ခံလိုက်ရကြောင်း ဒေသခံ များထံက သိရသည်။ 

  • စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ မဲနောကျေးရွာကို ဇူလိုင် ၁၆ ရက်၊ နံနက် ၄ နာရီခွဲခန့်က စစ်တပ် က ပစ်ခတ်ဝင်ရောက်စီးနင်းပြီး ပစ္စည်းများ လုယက်ကာ ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးသွား ကြောင်း ဒေသခံပြည်သူများက ပြောသည်။ 

  • စစ်ကိုင်းတိုင်းအတွင်းရှိ ကန့်ဘလူ၊ ကျွန်းလှ နှင့် ကောလင်းမြို့နယ်တို့မှ ကျေးရွာ ၂၅ ရွာအား စစ်ကောင်စီက လေးလကျော် ကြာသည်အထိ လျှပ်စစ်မီးဖြတ်တောက်ထားကြောင်း ဒေသခံ များက ပြောသည်။ 

  • မကွေးတိုင်း၊ မကွေးမြို့ရှိ အကြမ်းဖက် စစ်တပ်၏ လေတပ်စခန်းကို ဇူလိုင် ၁၇ ရက်၊ နံနက် အစောပိုင်း ၁ နာရီခန့်က ၁၀၇ မမ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဆီဂိုဒေါင် ထိမှန် ပေါက်ကွဲခဲ့ပြီး သေဆုံးထိခိုက်မှုများရှိကြောင်း မကွေးခရိုင်အမှတ် ၂ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ 

  • မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ကမ္မမြို့ပေါ်တွင် ဇူလိုင် ၁၄ ရက်၊ ည ၈ နာရီခွဲခန့်က PDF တပ်ဖွဲ့ များ လက်နက်ချရန် စစ်တပ်က ရေးသားထားသော ဆိုင်းဘုတ်ကို ဖြုတ်ချပြီး စစ်သားများ အလင်းဝင်ရန် ဆိုင်းဘုတ်သစ် ပြန်ထောင်ခဲ့ကြောင်း People's Defense Force Kamma မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ 

  • မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ သာစည်မြို့ရှိ စစ်မှူထမ်းဟောင်းဖြစ်သူ စစ်ကောင်စီခန့် ရပ်ကွက် အုပ်ချုပ်ရေးမှူးတစ်ဦးအား ဇူလိုင် ၁၆ ရက်၊ ညနေ ၄ နာရီ မိနစ် ၄၀ ခန့်က ရှင်းလင်း ခဲ့ကြောင်း THAZI People's Defence Force TZ PDF အဖွဲ့၏ ပြန်ကြားရေး တာဝန်ခံက ပြောသည်။ 

  • တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ မောင်းမကန်ရဲစခန်းကို ဇူလိုင် ၁၃ ရက်၊ နံနက် အစော ပိုင်းက လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ရာ ရဲ ၂ ဦး သေဆုံးခဲ့ကြောင်း လောင်းလုံး မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - LLPDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ 

  • အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါ ပြည်နယ်၊ ဂျက်ဆင်ဘေးမြို့တွင် နွေဦးတော်လှန်ရေး ရန်ပုံငွေ စျေးရောင်းပွဲ နှင့် တွေ့ဆုံပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။ 

တိုင်းရင်းသား လက်နက်ကိုင်များ 

  • ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဝင်းရေးမြို့၊ ပုလိန်ကျေးရွာ နှင့် ခလယ် ကျေးရွာ အကြား မီးသွေးကုန်းဝန်းကျင်တွင် ဇူလိုင် ၁၄ ရက်က အကြမ်း ဖက် စစ်တပ်နှင့် ဒေသ ကာကွယ်ရေး တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်တပ်က ပြည်သူ ၂ ဦးကို ပစ်သတ် သွားကြောင်း Lion Battalion Commando - ဗျူဟာ စစ်ကြောင်းမှ ရဲဘော် အညာသားက ပြောသည်။ 

  • ကရင်ပြည်နယ်တွင် ၆ လတာအတွင်း တိုက်ပွဲပေါင်း ၂၂၂၂ ကြိမ်ဖြစ်ပွားပြီး အကြမ်းဖက် စစ်တပ် ဘက်မှ စစ်သား ၂၃၃၃ ဦးသေဆုံးခဲ့ကြောင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ဌာနချုပ်က ထုတ်ပြန်ထားသည်။ 

  • ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ် နယ်မြေ၊ ဒူးပလာယာခရိုင်၊  တပ်မဟာ (၆)၊ KNDO တပ်ရင်း (၆) တွင် ဇူလိုင် ၁၆ ရက်က (၇၆) နှစ်မြောက် ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့နေ့ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်ဟု သိရသည်။ 

  • အချင်းချင်းမညီညွတ်ပါက ရန်သူစစ်ကောင်စီ ဖြိုခွင်းစရာမလိုဘဲ ပြိုကွဲသွားမည်ဟု KNDO စစ်ဦး စီးချုပ် ဗိုလ်မှူးချုပ် စောရှီးလေက ဇူလိုင် ၁၆ ရက်က ကရင် အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO)နေ့ အခမ်းအနားတွင် သတိပေး ပြောသည်။ 

  • ကရင်နီ (ကယား)ပြည်နယ်တွင် တိုက်ပွဲများပြင်းထန်နေပြီး မိဘပြည်သူများအနေဖြင့် မြေပြင်အတွက် ကျည်အတောင့် တစ်သောင်း ကမ်ပိန်းကို ပူးပေါင်းပါဝင်ပေးကြပါရန် မေတ္တာရပ်ခံပါကြောင်း ကယား (ကရင်နီ) တော်လှန်ရေး တပ်ပေါင်းစု (KRU) ဥက္ကဋ္ဌ၏ ပြောဆိုချက်ကို ကိုးကားပြီး ရန်ကုန်ခေတ်သစ်သတင်းဌာနတွင် ဖော်ပြထားသည်။ 

  • မွန်ပြည်နယ်၊ သထုံမြို့နယ်ရှိ ကျေးရွာများကို ဇူလိုင် ၁၁ ရက်၊ မွန်းလွဲ ၁ နာရီခွဲခန့်က အကြမ်းဖက်စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ပြည်သူ ၁ ဦးသေဆုံးပြီး စာသင်ကျောင်း၊ ဆေးခန်းနှင့်နေအိမ် ၂ လုံး ထိမှန်ပျက်စီးခဲ့ကြောင်း ကေအဲန်ယူ−ဗဟို က ထုတ်ပြန်ထားသည်။ 

  • ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်၊ ခိုမုန်းရွာအနီးရှိ စစ်ကောင်စီ ယာယီတပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က ဇူလိုင် ၁၆ ရက်၊ ညနေပိုင်းက စီးနင်း တိုက်ခိုက် ဖျက်ဆီးနိုင်ခဲ့ကြောင်း ကချင်စစ်ရေး သတင်းရင်းမြစ်ကပြောသည်။ 

စစ်ကောင်စီ 

  • လာမည့် ဇူလိုင်လကုန်တွင် ကျင်းပရမည့် အမျိုးသားကာကွယ်ရေး နှင့် လုံခြုံရေး (ကာလုံ) ကောင်စီအစည်းအဝေး ခေါ်ယူရန် နီးကပ်လာချိန်၌ ယာယီသမ္မတအမည်ခံ မြင့်ဆွေကို စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်က ယမန်နေ့တွင်  နေပြည်တော်ရှိ ၄င်းတည်ထား သည့် ရုပ်ပွားတော်တည်ဆောက်ပြီးစီးမှု အခြေအနေကို ရှင်းလင်းတင်ပြရာတွင် လူမြင်ကွင်းသို့ ခေါ်ထုတ်ပြခဲ့သည်။ 

  • အိန္ဒိယ နှင့် မဲခေါင်ဒေသခွဲ (၅) နိုင်ငံတို့ ပါဝင်သည့် မဲခေါင်-ဂင်္ဂါ ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများ (၁၂)ကြိမ်မြောက်အစည်းအဝေးသို့ စစ်ကောင်စီ လက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေ တက်ရောက်ခဲ့ပြီး အလှည့်ကျ ပူးတွဲဥက္ကဋ္ဌ တာဝန်ကို လာအိုနိုင်ငံထံမှ လွဲပြောင်းရယူခဲ့ကြောင်း စစ်ကောင်စီ သတင်းစာတွင် ဖော်ပြထားသည်။ 

  • (၁၂)ကြိမ်မြောက် မဲခေါင်-ဂင်္ဂါပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး နှင့် ဘင်းမ်စတက် နိုင်ငံခြားရေးဝန်ကြီးများ၏ သီးသန့်အစည်းအဝေးသို့ တက်ရောက်ရန် ထိုင်းနိုင်ငံ သို့ ရောက်ရှိနေသည့် စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေ နှင့် ထိုင်း နိုင်ငံခြားရေး ဝန်ကြီး ဒွန်ပရာမွတ်(ဒ်)ဝီနိုင်း တို့ ဇူလိုင် ၁၆ ရက်က တွေ့ဆုံ ဆွေးနွေး ခဲ့ကြောင်း စစ်ကောင်စီ ဘက်က ထုတ်ပြန်ထားသည်။ 

  • အလုပ်သမားများထံမှ ဝန်ဆောင်ခငွေများ ကြိုတင်ရယူပြီး ပြည်ပတွင် အလုပ်လုပ်ကိုင်ရန် မစီစဉ်ပေးနိုင်မှုနှင့် ပြဿနာဖြစ်နေသည့် ပြည်ပအလုပ်အကိုင်အေဂျင်စီ (၂) ခုကို  လုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင် ရာသက်ပန် ပိတ်သိမ်းလိုက်ကြောင်း စစ်ကောင်စီ လက်အောက်ခံ အလုပ် သမားဝန်ကြီးဌာနက သိရသည်။ 

  • မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေဖြင့် ဒစ်ဂျစ်တယ် ငွေပေးချေမှုစနစ် ပိုမိုဖွံ့ဖြိုး တိုးတက် လာစေရန် နှင့် နိုင်ငံ၏ စီးပွား ရေးတိုးတက်မှုကို တစ်ဖက်တစ်လမ်းက အထောက် အကူ ပြုနိုင်ရေးအတွက် လိုအပ်သည်များကို ဆက်လက်ဆောင်ရွက်သွားမည်ဟု စစ်ကောင်စီ လက် အောက်ခံ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်ကြေညာထားသည်။ 

  • ခါးရိုးကောက်သည့် ရောဂါခွဲစိတ်ကုသခြင်းများကို ပြီးခဲ့တဲ့ ၂၀၀၅ ခုနှစ်ကစပြီး တစ်နှစ်ကို ပျှမ်းမျှ(၁၂) ဦးခန့်  ခွဲစိတ်ကုသပေးခဲ့ရာ လက်ရှိ အချိန်အထိ စုစုပေါင်း လူနာအယောက် (၂၀၀)ကျော်ကို အောင်မြင်စွာ ခွဲစိတ်ကုသပေးနိုင်ခဲ့သည်ဟု စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာနက သိရသည်။ 

  • ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်းတွင်ရှိသည့် ဘူတာတချို့ကို အသစ်ပြန်လည်တည်ဆောက် သွားမည် ဖြစ်သည်ဟု စစ်ကောင်စီ လက်အောက်ခံ မြန်မာ့မီးရထားက သိရသည်။ 

  • ရွှေ နှင့် ပြုလုပ်ထားသည့် လက်ဝတ်ရတနာများ ပြည်ပနိုင်ငံအားလုံးကို တင်ပို့ရာတွင် အခွန် သုညရာခိုင်နှုန်းဖြင့် တင်ပို့နိုင် ပြီဖြစ်သည်ဟု ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်း (YGEA) ဥက္ကဋ္ဌ ဦးမျိုးမြင့်၏ ပြောဆိုချက်ကို ကိုးကားပြီး One News သတင်းဌာနတွင် ဖော်ပြ ထားသည်။ 

  • စစ်ကောင်စီ အခြေစိုက်ရာ နေပြည်တော်ကို တိုက်ခိုက်မည်ဟု NUG နှင့် တော်လှန်ရေး တပ်များ ဘက်က တရားဝင်ထုတ်ဖော်ပြောဆို ကြေညာလာခြင်းကြောင့် စစ်ရုံး အပါအဝင် နေပြည်တော် စစ်ကောင်စီ ဝန်ကြီးဌာနများ၊ အဝင်အထွက်များအားလုံးတွင် လုံခြုံရေး ပိုမိုတိုးမြှင့်လာကြောင်း နေပြည်တော် ဝန်ထမ်းများ နှင့် ပြည်သူများထံမှ သိရသည်။ 

  • မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက် ၂ နှစ်ခွဲနီးပါး ကြာမြင့်လာချိန်တွင် မော်တော်ကား စျေး နှုန်းများ ၅ ဆကျော် မြင့်တက်သွားပြီး စစ်ကောင်စီက ဒေါ်လာငွေ မရှိတော့၍ ကားတင်သွင်းခွင့် အားလုံးကို ပိတ်ပင်ထားကြောင်း ပြည်တွင်းကားစျေးကွက်အတွင်းမှ စုံစမ်းသိရှိချက်ကို ကိုးကားပြီး ရန်ကုန်ခေတ်သစ်သတင်းဌာနတွင် ဖော်ပြထားသည်။ 

  • ကချင်လွတ်လပ်ရေး တပ်မတော် (KIA) နှင့် စစ်ကောင်စီတပ်အကြား တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွား နေသည့် ဝိုင်းမော်မြို့နယ် နမ့်ဆန်ယာန်ဒေသနှင့် နယ်မြေချင်းဆက်စပ်နေသည့် မိုးမောက် မြို့နယ် ဒေါ့ဖုန်းယာန် မြို့တွင် စစ်ကောင်စီတပ် နှင့် ရဲမိသားစုဝင်များကို ဗန်းမော်မြို့သို့ ရွှေ့ပြောင်း နေသည်ဟု ကချင်ဒေသသတင်းရင်းမြစ်အချို့က ပြောသည်။ 

  • ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်ရှိ အာဇာနည်ကုန်း နှင့် ဗိုလ်တထောင်မြို့နယ်ရှိ ဝန်ကြီးများ ရုံးတို့တွင် စစ်ကောင်စီက လုံခြုံရေး တိုးမြှင့်ချထားပြီး အာဇာနည်နေ့ အခမ်းအနားအတွက် ပြင်ဆင်‌မှုပြုလုပ်နေကြောင်း မျက်မြင်တွေ့ရှိသူ၏ ပြောပြချက်အရ သိရသည်။ 

  • တနင်္သာရီတိုင်းတွင် စစ်ကောင်စီတပ်သားများ လိုက်ပါလာသည့် လှေတစ်စီးသည် ဇူလိုင် ၁၆ ရက်၊ ည ၇ နာရီခန့်က လောင်းလုံးမြို့နယ်နှင့် ထားယ်မြို့နယ်အကြားတွင် ရှိသည့် မြစ်ဝတွင် နစ်မြုပ်ခဲ့ပြီး စစ်သား ၃၀ ခန့် ရေနစ် သေဆုံးဖွယ် ရှိသည်ဟု ဒေသခံများ၏ ပြောဆိုချက်ကို ကိုးကားပြီး ရန်ကုန်ခေတ်သစ်သတင်းဌာနတွင် ဖော်ပြထားသည်။ 

ဇူလိုင် ၁၇ ရက် သုံးသပ်ချက် 

  • ကာလုံအစည်းအဝေးခေါ်ယူရန် နီးကပ်လာချိန်တွင် အာဏာသိမ်း စစ်‌ခေါင်းဆောင် မင်းအောင်လှိုင်သည် ၎င်းခန့်အပ်ထားသည့် ရုပ်သေးရုပ် ယာယီသမ္မတအမည်ခံ မြင့်ဆွေကို လူလုံးထုတ်ပြလာခြင်းသည် အာဏာသိမ်း သက်တမ်းတိုးရန် အရိပ်အမြွက် ထုတ်ပြခြင်းပင် ဖြစ်သည်။ 

  • စစ်ကောင်စီအနေဖြင့် ဒစ်ဂျစ်တယ်ငွေပေးချေမှု တိုးတက်အောင် ဆောင်ရွက်မည် ဆိုသော်လည်း တစ်ဖက်မှာ ဒစ်ဂျစ်တယ်ငွေပေးချေမှုအကောင့်များကို ပိတ်ပစ်ခြင်း အင်တာနက် ဖြတ် တောက်ခြင်းများ ပြုလုပ်နေသည်အတွက် တကယ်လက်တွေ့နှင့် မကိုက်ညီသည်ကို တွေ့ရသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly