မုံရွာ၊မြေနဲကျေးရွာအနီးတိုက်ပွဲ စစ်ကောင်စီတပ်သား ၂ ဦးသေဆုံး ၃ဦးဒဏ်ရာရဟုဆို

By လွှမ်းမိုး (မဇ္ဈိမ)
17 July 2023
မုံရွာ၊မြေနဲကျေးရွာအနီးတိုက်ပွဲ စစ်ကောင်စီတပ်သား ၂ ဦးသေဆုံး ၃ဦးဒဏ်ရာရဟုဆို
မြေနဲရွာကို Google Map မှ တွေ့ရစဉ်

စစ်ကိုင်းတိုင်း၊မုံရွာမြို့နယ်၊မြေနဲကျေးရွာအနီးတွင် ကင်းစခန်းဆောက်နေသည့် စစ်ကောင်စီတပ်ဖွဲ့ကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရသွားကြောင်း Myanmar’s Royal Dragon Army(MRDA)စေတန်တပ်ခွဲ၊တပ်ခွဲမှူးက မစ္စျိမကိုပြောသည်။

မြေနဲကျေးရွာအနီးတွင် ဘန်ကာကျင်းများတူး၍ ကင်းစခန်းဆောက်နေသည့် စစ်ကောင်စီတပ်ကို  ယမန်နေ့ဇူလိုင်လ ၁၆ ရက် ည ၇ နာရီခွဲခန့်တွင် MRDA စေတန်တပ်ခွဲနှင့် မုံရွာဗိုလ်တာဇံပျောက်ကြားတပ်ဖွဲ့တို့က  အလစ်အငိုက် တိုက်ခိုက်ခဲ့ခြင်းဟု သိရသည်။

“မြေကော်ကားတွေသုံးပြီး ရှေ့တန်းကင်းစခန်းအတွက် ဘန်ကာကျင်းတွေ ဆောက်လုပ်နေတဲ့ စစ်ကောင်စီကင်းစခန်းကို ဝင်ပစ်ခဲ့တာ ဖြစ်ပါတယ်။ လက်နက်ငယ် လက်နက်ကြီးတွေနဲ့ နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု မိနစ် ၃၀ ခန့် ရှိခဲ့ပါတယ်ဗျ။ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် စစ်သားနှစ်ဦးသေဆုံးပြီး သုံးဦးပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း အတွင်းသတင်းပေးအရ သိရတယ်” ဟု MRDAစေတန်တပ်ခွဲ၊ တပ်ခွဲမှူးကပြောသည်။

စစ်ကောင်စီတပ်သားများ သေဆုံးမှုနှင့်ပတ်သက်ပြီး မဇ္ဈိမအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။ လတ်တလောတွင် ကင်းစခန်းတည်ဆောက်မှု ရပ်သွားကြောင်း ဒေသကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။

စစ်ကောင်စီတပ်သည် မြေနဲကျေးရွာအနီးတွင် မကြာခဏတိုက်ခိုက်ခံနေရသောကြောင့် ကင်းစခန်းတည်ဆောက်ရန်ကြိုးစားနေခြင်းဟုသိရသည်။ မြေနဲကျေးရွာသည် မုံရွာ-မန္တလေးကားလမ်းမဖြတ်သွားသည့် ရွာဖြစ်သည်။ ထိုနေရာတဝိုက်တွင် စစ်ကောင်စီတပ် မကြာခဏတိုက်ခိုက်ခံနေရပြီး  ပြီးခဲ့သည့် မေလ ၃၀ရက်ကလည်း စစ်ကောင်စီယာဉ်တန်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ခုနစ်ဦးသေဆုံးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးမဟာမိတ်များက သတင်းထုတ်ပြန်ခဲ့သည်။

စာတည်း - မောင်ကြီး
#mizzima
#မုံရွာမြို့နယ်
#မြေနဲကျေးရွာ
#ကင်းစခန်းဆောက်
#MRDAစေတန်တပ်ခွဲ
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly