မြင်းမူမြို့နယ် မဲနောကျေးရွာကို စစ်ကောင်စီတပ်ကမီးရှို့၍ နေအိမ် ၁၀၀ ခန့်ပျက်စီး

By MTO (မဇ္ဈိမ)
17 July 2023
မြင်းမူမြို့နယ် မဲနောကျေးရွာကို စစ်ကောင်စီတပ်ကမီးရှို့၍ နေအိမ် ၁၀၀ ခန့်ပျက်စီး

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ မဲနောကျေးရွာကို စစ်ဂောာင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ် အလုံး ၁၀၀ ခန့် မီးလောင်ပျက်စီးသွားကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီတပ်ဖွဲ့သည် ဇူလိုင်လ ၁၆ ရက်နေ့ နံနက်အစောပိုင်းတွင် မဲနောကျေးရွာအတွင်းသို့ စစ်ကြောင်းထိုးဝင်ရောက်ပြီးနောက် တနေ့လုံး ရွာအတွင်း၌တပ်စွဲထားခဲ့သည်။

ထို့နောက် ညအချိန်တွင် ကျေးရွာကိုမီးရှို့ ဖျက်ဆီးခဲ့ကြောင်း မြင်းမူမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့ မှ တာဝန်ရှိသူတဦးကပြောသည်။

၎င်းက “ မဲနောကျေးရွာကို စစ်ကောင်စီတပ်က ရုတ်တရက် ပစ်ခတ်ဝင်ရောက်လာလို့ ပြည်သူတွေ လည်း အစောကြီး ထွက်ပြေးကြရတာ။ တနေကုန်တပ်စွဲထားပြီး ညရောက်မှ အိမ်တွေထဲက ပစ္စည်းတွေယူပြီးမှ မီးရှို့တာ” ဟု အတည်ပြုပြောသည်။

စစ်ကောင်စီတပ်ဖွဲ့သည် ရွာအရှေ့ပိုင်းကို ဇူလိုင်လ ၁၆ ရက်နေ့ ည ၉ နာရီ ၅ မိနစ်ခန့်တွင် စတင်မီးရှို့ခဲ့ပြီး ဇူလိုင် ၁၇ ရက်နေ့ နံနက် ၂ နာရီခွဲတွင် ရွာအနောက်ပိုင်းကို မီးရှို့ခြင်းဖြစ်ကြောင်း မြင်းမူမြို့နယ်သတင်း မှန်ပြန်ကြားရေးအဖွဲ့က ဖော်ပြထားသည်။

စစ်ကောင်စီတပ်ဖွဲ့သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ မဲနောကျေးရွာအတွင်းသို့ စစ်ကြောင်းထိုးဝင်ရောက်ပြီး ပြည်သူများ၏ပစ္စည်းများကိုလုယက်ပြီးနောက် ရွာကိုမီးရှို့ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများကပြောသည်။ အဆိုပါစစ်ကြောင်းနှင့် မဲနောကျေးရွာမီးလောင်မှုအခြေအနေကို ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

စာတည်း ။ ။ Alden
စာမူတည်းဖြတ်။  ။စောဖေ

#မြင်းမူမြို့နယ်
#မဲနောကျေးရွာ
#မီးရှို့
#စစ်ကြောင်းထိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly