မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီဝင်နှင့် ကာကွယ်ရေးခေါင်းဆောင်တို့ကို စစ်ကောင်စီတပ်မှ သတ်ဖြတ်

By ပါခွီး (မဇ္ဈိမ)
17 July 2023
မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီဝင်နှင့် ကာကွယ်ရေးခေါင်းဆောင်တို့ကို စစ်ကောင်စီတပ်မှ သတ်ဖြတ်
ဦးနေဦးနှင့် ဦးကုလား ကိုပစ်ခတ်သွားသည့် ကျည်ဆံခွံနှင့် မီးရှို့ခံထားရသည့် ဆိုင်ကယ်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီဝင် ဦးနေဦးနှင့် ကာကွယ်ရေး အဖွဲ့ခေါင်းဆောင်ဦးကုလားတို့ကို စစ်ကောင်စီတပ်မှသတ်ဖြတ်ခဲ့သဖြင့် ကျဆုံးသွားကြောင်း သိရသည်။

အရပ်ဖက်အဖွဲ့အစည်း ပူးပေါင်းဆောင်ရွက်ရေးကော်မတီကိုယ်စားပြု မုံရွာလူထုသပိတ်ဦးဆောင်ကော် မတီဝင်နှင့် ကာကွယ်ရေးအဖွဲ့ခေါင်းဆောင်တို့သည် မုံရွာမြို့နယ်အတွင်း တော်လှန်ရေးတာဝန်များ ထမ်း ဆောင်နေစဉ် ဇူလိုင်လ ၁၅ ရက်နေ့ နံနက် ၁၀ နာရီဝန်းကျင်တွင် စစ်ကောင်စီတပ်၏ သတ်ဖြတ်မှုကြောင့် ကျဆုံးသွားခဲ့ရခြင်းဖြစ်သည်။

“ကိုနေဦးကျဆုံးသွားတဲ့အတွက် အခုတော်လှန်ရေးလုပ်ငန်းတွေသာမက တော်လှန်ရေးပြီးလို့ မုံရွာမြို့ အတွက်ရော ဒေသတွင်းအတွက်ပါ ပြန်လည်ထူထောင်ရေးတွေထိအတွက်ပါ အားလျော့တာပေါ့ဗျာ။ ဒါနဲ့ ပတ်သက်လို့ တော်တော်ကြီးမားတဲ့ဆုံးရှုံးမှုလို့ မှတ်ချက်ပေးချင်ပါတယ်” ဟု အရပ်ဖက်အဖွဲ့အစည်းများ တွင် လုပ်ဖော်ကိုင်ဖက်တဦးဖြစ်ခဲ့သူ ကိုစိုးဝင်းဆွေက မဇ္စျိမကိုပြောသည်။

ဦးနေဦးနှင့်၎င်း၏မိသားစုသည် စားဝတ်နေရေးပြေလည်ရုံအတွက်သာ လက်ဖက်ရည်ဆိုင်ဖွင့်ခဲ့ပြီး နိုင်ငံ ရေးနှင့် ပရဟိတလုပ်များကို ပျော်မွေ့စွာလုပ်ကိုင်ခဲ့သူများဖြစ်ကြောင်း ဆိုသည်။

မဇ္စျိမကလက်ခံရရှိသည့် ဦးနေဦးနှင့် ဦးကုလားတို့၏ ရုပ်အလောင်းဓာတ်ပုံများတွင် အနီးကပ် ဦးခေါင်းကို ပစ်ခဲ့သည့် ဒဏ်ရာဖြင့်သေဆုံးခြင်းနှင့် ၎င်းတို့ ဆိုင်ကယ်ကိုမီးရှို့ထားသည်တွေ့ရပြီး ဖြစ်စဉ်အသေးစိတ် ကိုမူ သိရှိရခြင်း မရှိပေ။

ဦးနေဦးသည် ချင်းတွင်းမေတ္တာ လူမှုကယ်ဆယ်ရေးအသင်းတာဝန်ခံဖြစ်ပြီး ရပ်ရွာ အခြေပြုလုပ်ငန်းများ ကိုဆောင်ရွက်ရာမှ ၂၀၂၁ ခုနှစ် မြန်မာ့နွေဦးတော်လှန်ရေးအရေးတော်ပုံကြီးတွင် တော်လှန်ရေးတပ်ဦးမှ စစ်အာဏာရှင်ကိုတွန်းလှန်ခဲ့သူတဦးဖြစ်ကြောင်း မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီမှ ၎င်း ကျဆုံးခြင်းအတွက် ဝမ်းနည်းကျေကွဲခြင်းကို ဇူလိုင်လ ၁၇ရက် ယနေ့တွင်ထုတ်ပြန်ထားသည်။

၎င်းသည် ၂၀၂၁ ခုနှစ် မတ်လတွင် အဖမ်းဆီးခံခဲ့ရပြီး မုံရွာထောင်၊ မြင်းခြံထောင်များတွင်ထိန်းသိမ်းခံ ခဲ့ရပြီး ၂၀၂၂ ခုနှစ် နိုဝင်ဘာလတွင် လွတ်မြောက်ခဲ့ကြောင်း သိရသည်။

အကျဉ်းကျခံနေစဉ်အတွင်း ၎င်း၏သားဖြစ်သူ မုံရွာ PDF တပ်ဖွဲ့ဝင် ရဲဘော်ထင်ရှားသည်လည်း စစ်ကောင်စီတပ်ဖွဲ့များ၏ သတ်ဖြတ်ခြင်းကိုခံခဲ့ရသည်။

အကျဉ်းထောင်မှ လွတ်မြောက်ပြီးချိန်မှစတင်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ၊ ဒီမိုကရေစီအရေး လုပ်ငန်း များကို ရဲရဲရင့်ရင့် ဆက်လက်လုပ်ကိုင်ရင်း ကျဆုံးခဲ့ရခြင်းဖြစ်သဖြင့် အသက်ပေးလှူသွားသော ဦးနေဦး အား “ ဒီမိုကရေစီတိုက်ပွဲဝင် သူရဲကောင်းအာဇာနည်” အဖြစ် မော်ကွန်းတင်ကြောင်း မုံရွာမြို့နယ် ပြည်သူ လူထုကိုယ်စား မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီ၏ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ဦးနေဦးသည် မုံရွာမြို့ အလယ်ရပ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရပ်ကျေးကော်မတီဥက္ကဋ္ဌဖြစ်ပြီး တမြို့ နယ်လုံးမှ ရပ်ကျေးကော်မတီများနှင့်ဆက်သွယ်ရေးကောင်းမွန်ပြီး လေးစားခံရသူတဦးဖြစ်သောကြောင့် ရွေးကာက်ပွဲအောင်နိုင်ရေးလုပ်ငန်းများတွင် ပါတီ၏ အားကိုးရသူတစ်ဦးဖြစ်ကြောင်း သိရသည်။

ဦးနေဦးနှင့်အတူကျဆုံးခဲ့သည့် ဦးကုလားသည် ပြည်သူ့ကာကွယ်ရေးခေါင်းဆောင်တဦးဖြစ်ပြီး တော်လှန် ရေးတာဝန်များထမ်းဆောင်စဉ် ကျဆုံးခဲ့ရခြင်းဖြစ်ကြောင်းသိရပြီး ၎င်း၏ ကိုယ်ရေးအချက်အလက်များ ကို မဇ္စျိမအနေဖြင့် သိရှိနိုင်ခြင်း မရှိသေးပေ။

စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။  ။စောဖေ

#စစ်ကိုင်းတိုင်း
#မုံရွာမြို့
#မုံရွာလူထုသပိတ်

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly