ကန့်ဘလူ၊ ကျွန်းလှ၊ ကောလင်းမြို့နယ်များရှိ ကျေးရွာ ၂၅ ရွာအား စစ်ကောင်စီက ၄ လကျော်ကြာ လျှပ်စစ်မီးဖြတ်

By KMN (မဇ္ဈိမ)
17 July 2023
ကန့်ဘလူ၊ ကျွန်းလှ၊ ကောလင်းမြို့နယ်များရှိ ကျေးရွာ ၂၅ ရွာအား စစ်ကောင်စီက ၄ လကျော်ကြာ လျှပ်စစ်မီးဖြတ်
ဓာတ်ပုံ - ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ (ကန့်ဘလူခရိုင်)  (ကန့်ဘလူခရိုင်အတွင်းရှိ ဓာတ်အားလိုင်းဖြန့်ဖြူးသည့် တ‌နေရာအားတွေ့ရစဉ်)

စစ်ကိုင်းတိုင်းအတွင်းရှိ ကန့်ဘလူ၊ ကျွန်းလှနှင့် ကောလင်းမြို့နယ်တို့မှ ကျေးရွာ ၂၅ ရွာအား စစ်ကောင်စီက လေးလကျော်ကြာသည်အထိ လျှပ်စစ်မီးဖြတ်တောက်ထားကြောင်း ဒေသခံများက ပြော သည်။

ယင်းကျေးရွာများအား ပျူစောထီးတပ်ဖွဲ့များအထိုင်ချရာ ကျွန်းလှမြို့နယ်၊ ကံပေါက်ရွာရှိ လျှပ်စစ်ဓာတ် အားဖြန့်ဖြူးရေးဌာနမှ မီးပေးနေခြင်းဖြစ်ပြီး အနီးအနားရှိကျေးရွာများအား ၂၀၂၃ ခုနှစ်၊ မတ်လ ၁၁ ရက်နေ့မှစတင်ကာ လျှပ်စစ်မီးဖြတ်တောက်ထားခြင်း ဖြစ်သည်။ 

မီးဖြတ်ခံထားရသည့်ကျေးရွာများမှာ ကန့်ဘလူမြို့နယ်မှ မကျီးကုန်း၊ အင်ငုတ်တို၊ ညောင်ကုန်းနှင့် လက် ခုပ်ပင်၊ စုစုပေါင်းလေးရွာဖြစ်ကြောင်း ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ (ကန့်ဘလူခရိုင်) ထံမှသိရသည်။

အလားတူ ကျွန်းလှမြို့နယ်တွင် တောင်ယာဆိပ်၊ ဘတ်အင်းသရက်တော၊ သရက်တော၊ ကုက္ကိုကုန်း၊ တကုန်း၊ သံပုရာပင်စု၊ မြဘုံသာ၊ လွှတ်တိုက်၊ မဒေါင်၊ ဆွဲလှဲ၊ မြင်သာဦးနှင့် အောင်ရန်ကင်းစသည့် ၁၂  ရွာ ဖြစ်သည်။ 

ကောလင်းမြို့နယ်အတွင်းရှိ အောင်ချမ်းသာ၊ ပေတပင်၊ ရွာသစ်၊ ဇမ္ဗူရစ်၊ ခေါင်းဖြူ၊ ပန်းပရဲ၊ သစ်ဆိမ့်ကုန်း၊ ကြာအင်းနှင့် ယင်းတိုက်စသည့်  ကျေးရွာကိုးရွာမှာလည်း လျှပ်စစ်မီး ဖြတ်တောက်ခံထားရသည်။

အထက်ပါ ၂၅ ရွာအနက် အောင်ချမ်းသာနှင့် ပေတပင်ကျေးရွာတို့မှာ ၂၀၂၂ ခုနှစ် သြဂုတ်လအတွင်း အောင်ချမ်းသာကျေးရွာတိုက်ပွဲ ဖြစ်ပွားသည့်နေ့ကတည်းက ဖြတ်တောက်ခံရခြင်းဖြစ်ကြောင်း ဆိုကြ သည်။

“အောင်ချမ်းသာရွာက တရွာလုံး မီးရှို့ခံရသလို ဂျက်ဖိုက်တာနဲ့လည်းအပစ်ခံရတော့ မီးလိုင်းအကုန်ပြတ် သွားတာ။ ပေတပင်ရွာကျတော့ ရွာထဲထိုင်ထားတဲ့  ထရန်စဖော်မာကို ဂျက်ဖိုက်တာနဲ့ပစ်သွားတော့ လျှပ်စစ်မီးပြတ်သွားတာ ယနေ့အချိန်ထိပဲ ” ဟု ဒေသခံတဦးက ပြောသည်။

လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးဌာနရှိသည့် ကံပေါက်ရွာနှင့် လယ်လှကျေးရွာများရှိ ပျူစောထီးများသည် အနီးအနားကျေးရွာများအား လျှပ်စစ်ဓာတ်အားဖြတ်တောက်ထားသည့်အပြင် အတင်းအဓမ္မမဲနှိုက်၍ ပျူစောထီးသင်တန်းတက်ရောက်ခိုင်းမှုများရှိကြောင်း ၎င်းကဆိုသည်။

ထို့ပြင် သင်တန်းမတက်ရောက်လိုသူများထံမှလည်း ငွေကြေးတောင်းခံမှုများ ဆက်တိုက်ကျူးလွန်လျက် ရှိကြောင်း  ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ (ကန့်ဘလူခရိုင်)က သတင်းထုတ်ပြန် ထား သည်။

စာတည်း ။ ။ Alden
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly