သယ်ယူပို့ဆောင်ရေးကဏ္ဍတွင် ရင်းနှီးမြုပ်နှံမှုပိုမိုလုပ်ဆောင်ရန် မြန်မာအစိုးရကို အာရှဖွံ့ဖြိုးမှုဘဏ် တိုက်တွန်း

သယ်ယူပို့ဆောင်ရေးကဏ္ဍတွင် ရင်းနှီးမြုပ်နှံမှုပိုမိုလုပ်ဆောင်ရန် မြန်မာအစိုးရကို အာရှဖွံ့ဖြိုးမှုဘဏ် တိုက်တွန်း

ရန်ကုန်၊ဧပြီ၊ ၃ ။          ။ တိုင်းပြည်စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် သယ်ယူပို့ဆောင်ရေးကဏ္ဍတွင် ရင်းနှီးမြုပ်နှံမှုများပိုမိုလုပ်ဆောင်ရန် လိုအပ်မည်ဖြစ်ကြောင်း အာရှဖွံ့ဖြိုးမှုဘဏ်(ADB) က မြန်မာအစိုးရသစ်ကို တိုက်တွန်းအကြံပြုလိုက်သည်။

မြန်မာနိုင်ငံ၏ ဂျီဒီပီသည် ပြီးခဲ့သည့်နှစ်ပိုင်းအတွင်းတွင် ၁ ရာခိုင်နှုန်းသာမြင့်တက်ခဲ့ကာ ၃ ရာခိုင်နှုန်း မှ ၄ ခိုင်နှုန်းအထိမြင့် တက်ရန်အတွက် သယ်ယူပို့ဆောင်ရေးကဏ္ဍတွင် ရင်းနှီးမြုပ်နှံမှုများလုပ်ဆောင်သင့်ကြောင်း ADB ကနောက်ဆုံးထုတ်ပြန် ထားသော မြန်မာနိုင်ငံဆိုင်ရာအစီရင်ခံစာထဲတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံအနေဖြင့် ပြည်ပနိုင်ငံများ၏ နိုင်ငံတကာသယ်ယူပို့ဆောင်ရေးစံနှုန်းများကို လိုက်မီရန်အတွက် ယခုနှစ်မှ ၂၀၃၀ ခုနှစ်အတွင်းတွင် အမေရိကန်ဒေါ်လာ သန်း ၆၀ ခန့်ရင်းနှီးမြုပ်နှံရန် လိုအပ်မည်ဟု ADB မှအရာရှိတစ်ဦးက ပြောကြားသည်။

မြန်မာနိုင်ငံ၏ လမ်း၊တံတာများနှင့် သယ်ယူပို့ဆောင်ရေးလမ်းကြောင်းများသည် အိမ်နီးချင်းနိုင်ငံများနှင့် ယှဉ်ပါကလည်း များစွာနောက်ကျကျန်နေပြီး အခြေခံအဆောက်အဦကဏ္ဍတွင် ရင်းနှီးမြုပ်နှံမှုများစွာ လုပ်ဆောင်ရန်လိုအပ်နေကြောင်း လည်း ယင်းအစီရင်ခံစာတွင် ဖော်ပြထားသည်။

သယ်ယူပို့ဆောင်ရေးကဏ္ဍသို့ နိုင်ငံခြားရင်းနှီးမြုပ်နှံမှု ဝင်ရောက်မှုမှာလည်းများစွာနောက်ကျကျန်နေရစ်ပြီး အကျိုးဆက်အဖြစ် ကျေးလက်ဒေသဖွံ့ဖြိုးမှုနှင့် အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးနိုင်မှုလည်း နည်းပါးနေသေးသည် ဟုလည်း ADB ၏အစီရင်ခံစာတွင် ဖော်ပြထားသေးသည်။

တရားဝင်ထုတ်ပြန်သည့် ကိန်းဂဏန်းများအရဆိုလျှင် ၁၉၈၈ မှ ၂၀၁၅ ခုနှစ်၊ စက်တင်ဘာလအထိကာလအတွင်းတွင် မြန်မာ့ သယ်ယူပို့ဆောင်ရေးကဏ္ဍသို့ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုဝင်ရောက်မှုမှာ အမေရိကန်ဒေါ်လာ ၃.၄၂၄ ဘီလျံရှိပြီး စုစုပေါင်း နိုင်ငံခြားရင်းနှီးမြုပ်နှံမှုပမာဏ၏ ၅ . ၉၆ ရာခိုင်နှုန်းသာရှိသည်။

အစိုးရသစ်လက်ထက် ပြောင်းလဲပြင်ဆင်ဖွဲ့စည်းလိုက်သည့် ဝန်ကြီးဌာန ၂၁ ခုတွင် သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနလည်းပါဝင်လျှက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly