စစ်ကောင်စီက အာဇာနည်ကုန်းနှင့် ဝန်ကြီးများရုံးတွင် လုံခြုံရေးတိုးမြှင့်ချထား

By ဂန္ဒမာ (မဇ္ဈိမ)
17 July 2023
စစ်ကောင်စီက အာဇာနည်ကုန်းနှင့် ဝန်ကြီးများရုံးတွင် လုံခြုံရေးတိုးမြှင့်ချထား
ဓာတ်ပုံ - ရန်ကုန်မြို့တွင်း၌ စစ်ဆေးရေးဆောင်ရွက်နေသည့် စစ်ကောင်စီတပ်နှင့်လက်အောက်ခံအဖွဲ့များ (ပုံဟောင်း)

ဗဟန်းမြို့နယ်ရှိ အာဇာနည်ကုန်းနှင့် ဗိုလ်တထောင်မြို့နယ်ရှိ ဝန်ကြီးများရုံးတို့တွင် လုံခြုံရေး တိုးမြှင့်ချထားပြီး အာဇာနည်နေ့အခမ်းအနားအတွက် ပြင်ဆင်‌မှုပြုလုပ်နေကြောင်း မျက်မြင်တွေ့ရှိသူ၏ ပြောပြချက်အရ သိရသည်။

“အဲဒီနှစ်နေရာမှာ လုံခြုံရေးပိုချထားတာ တွေ့ရတယ်။ စစ်တာဆေးတာတွေတော့ အဲဒီလောက်မလုပ်ဘူး။ အာဇာနည်ကုန်းဆိုလည်း အထဲမှာ အသေးစား တယောက်စာဘန်ကာလေးတွေ ချထားတယ်။ အခမ်း အနားအတွက် ပြင်ဆင်နေတာတွေ့ရတယ်။ ပွဲနေရာထိုင်ခင်းတွေလည်း အဖွဲ့စုံပဲပြင်နေတာတွေ့ရတယ်။ အထဲတွေမှာတော့ အထူးလုံခြုံရေးချထားတယ်။ ခြံစည်းရိုးဘေးပတ်ပတ်လည်တွေမှာလည်း သေနတ် တွေနဲ့ တကိုယ်စာနေရာယူထားကြတယ်။ အဲဒီထဲဝင်မယ့်သူတွေကိုတော့ စစ်ရင်စစ်မယ့် သဘောရှိတယ်” ဟု ပြောသည်။

လက်ရှိတွင်  အာဇာနည်းကုန်းရှိသည့် ဗဟန်းမြို့နယ်တွင် လုံခြုံရေးတိုးမြှင့်တပ်စွဲထားမှုများရှိကာ ဝန်ကြီး များရုံးပတ်ဝန်းကျင်တွင်လည်း ပုံမှန်ထက်လုံခြုံရေးတင်းကြပ်ထားကြောင်း ရန်ကုန်မြေပြင် ကင်းထောက် တဦးက ပြောသည်။

“အာဇာနည်းကုန်းမှာ တယ်လီဖုန်းလှိုင်းဖြတ်စက် (Jammer)တပ်ဆင်ခြင်းတွေ ဆောင်ရွက်နေပါတယ် ။ ဗဟန်းနဲ့ထိစပ်နေတဲ့မြို့နယ်တွေမှာ ဧည့်စစ်တာ၊ ကင်းလှည့်တာတွေ ပိုလုပ်လာပါတယ်။ ဝန်ကြီးများရုံး ဘက်မှာလည်း ပုံမှန်ထက် လုံခြုံရေးတင်းကြပ်ထားပါတယ်။ ဝန်ကြီးများရုံး ပတ်ဝန်းကျင်ကလမ်းတချို့ကို ကားပေးမဖြတ်ဘဲ စစ်တပ်ကပိတ်နေတာတွေ့ရပါတယ်။ အဲဒီမြို့နယ်တွေမှာ အသွားအလာလုံခြုံရေး အထူးဂရုစိုက်ဖို့လိုပါတယ်” ဟု ဆိုသည်။

လာမည့် ဇူလိုင်လ ၁၉ ရက်နေ့တွင်ကျရောက်မည်ဖြစ်သော (၇၆)နှစ်မြောက် အာဇာနည်နေ့တွင် စစ်ကောင်စီတပ်နှင့် လက်အောက်ခံအဖွဲ့များက အစစ်အဆေးများ ပိုမိုပြုလုပ်လာနိုင်သောကြောင့် ပြည်သူများအနေဖြင့် အရေးကြီးကိစ္စများမှလွဲ၍ အပြင်ထွက်ခြင်းမပြုကြရန်နှင့် တော်လှန်ရေးအင်အားစု များအနေဖြင့် မိမိအဖွဲ့၏ ချမှတ်ထားသည့်လုံခြုံရေးစည်းကမ်းများကို အတိအကျလိုက်နာရန် ရန်ကုန်ရှိ တော်လှန်ရေးအင်အားစုတခုက အသိပေးသည်။

အာဇာနည်ကုန်းနှင့် ဝန်ကြီးများရုံးတို့တွင် လုံခြုံရေးတိုးမြှင့်ထားမှုများကို ကြည့်ခြင်းအားဖြင့် တော်လှန် ရေးအင်အားစုများ၊ မြို့ပြပြောက်ကျားများ၏ ဆန္ဒထုတ်ဖော်ခြင်း၊ တိုက်ခိုက်မှုပြုလုပ်ခြင်းတို့ မပြုလုပ် နိုင်ရန် ၂၄ နာရီပတ်လုံး စောင့်ကြည့်နေခြင်းဖြစ်နိုင်ကြောင်း ရန်ကုန်မြို့နေ ဒေသခံတဦးက မှတ်ချက်ပြု သည်။

စစ်ကောင်စီအာဏာသိမ်းပြီးနောက် (၇၄) နှစ်မြောက်နှင့် (၇၅) နှစ်မြောက် အာဇာနည်နေ့အခမ်းအနား နှစ်ကြိမ်ကျင်းပခဲ့ပြီး အရပ်သားအစိုးရလက်ထက်က ကာကွယ်ရေးဦးစီးချုပ်အဖြစ် တက်ရောက်ခဲ့သည့် အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ခြင်းမပြုတော့ဘဲ ယမန်နှစ် ကပြုလုပ်သည့် (၇၅)နှစ်မြောက်အခမ်းအနားသို့ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းတက်ရောက်ခဲ့သည်။

စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly