ရွှေကျင်တွင် တိုက်ပွဲများနှင့် စစ်ကောင်စီ​၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့် ဒေသခံ ၁၅,၀၀၀ နီးပါး ထွက်ပြေးတိမ်းရှောင်နေရ 

By YT (မဇ္ဈိမ)
16 July 2023
ရွှေကျင်တွင် တိုက်ပွဲများနှင့် စစ်ကောင်စီ​၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့် ဒေသခံ ၁၅,၀၀၀ နီးပါး ထွက်ပြေးတိမ်းရှောင်နေရ 
ဓါတ်ပုံ- စစ်ကောင်စီတပ်​၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒဏ်ရာရသည့် ရွာသားနှင့် ပျက်စီးမှုများ (KNU)

ကရင်အမျိုးသားအစည်းအရုံး (KNU) ၊ တပ်မဟာ (၃) ထိန်းချုပ်နယ်မြေဖြစ်သည့် ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်တွင် တိုက်ပွဲများနှင့် စစ်ကောင်စီတပ်​၏ လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် နှစ်ပတ်အတွင်း ဒေသခံပြည်သူ ၁၄,၁၁၇ ဦး ထွက်ပြေးတိမ်းရှောင်နေရကြောင်း KNU ဗဟိုက ယမန်နေ့ ဇူလိုင်လ ၁၅ ရက်က သတင်းထုတ်ပြန်သည်။ 

တိုက်ပွဲများကြောင့် ကျေးရွာ ကိုးရွာနှင့် လူ့အခွင့်အရေးချိုးဖောက်ခံရမှုများကြောင့် ကျေးရွာ ၁၆ ရွာမှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရခြင်းဖြစ်သည်။ 

"လက်နက်ကြီးနဲ့ပစ်တာက ပစ်နေတာပဲ။ ထွက်ပြေးတိမ်းရှောင်တာက ရွာလုံးကျွတ်တော့ မဟုတ်ဘူး။ တချို့လူတွေက နေခဲ့ကြတယ်" ဟု ဒေသတွင်း သတင်းရင်းမြစ်တစ်ဦးက မဇ္ဈိမကိုပြောသည်။ 

ဇူလိုင်လ ၁ ရက်နေ့မှ ဇူလိုင်လ ၁၄ ရက်နေ့အထိ နှစ်ပတ်တာအတွင်း ရွှေကျင်မြို့နယ်၌ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ (၃) တပ်ရင်း (၇)၊ PDF ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီအကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ 

ထို့အပြင် နှစ်ပတ်တာအတွင်း စစ်ကောင်စီခြေမြန်တပ်ရင်း ခမရ (၂၀)နှင့် ခြေလျင်တပ်ရင်း ခလရ (၂၆၄) တို့မှ စစ်ကောင်စီတပ်သားများ​၏ လက်နက်ကြီးပစ်ခတ်မှု၊ ဖမ်းဆီးမှုကြောင့် ရွှေကျင်မြို့နယ်တွင် ဒေသခံတစ်ဦး ထိခိုက်ဒဏ်ရာရထားပြီး ဒေသခံနေအိမ်သုံးလုံး ပျက်စီးခဲ့ကာ ဒေသခံသုံးဦး ဖမ်းဆီးခံထားရကြောင်း ဆိုသည်။ 

" အဖမ်းခံထားရတာက ပျဉ်ရေအရှေ့ဘက်ကမ်းရွာက အုပ်ချုပ်ရေးမှူးလင်မယား၊ သူ့ကို စစ်ကောင်စီကပဲ အုပ်ချုပ်ရေးမှူး ခန့်ထားတာပဲ။ ညောင်လေးပင်ကနေ ပြန်လာရင်း ဖမ်းခံလိုက်ရတာ။ နောက်တစ်ယောက်ကတော့ ရွာသားပဲဗျ။  နာမည်တော့ မသိဘူး" ဟု ဒေသတွင်း သတင်းရင်းမြစ်တစ်ဦးက မဇ္ဈိမကိုပြောသည်။ 

စစ်ကောင်စီတပ်သားများသည် ဒေသခံများ ဝယ်ယူလာသည့် ရိက္ခာပစ္စည်းများအား သိမ်းဆည်းမှုများပြုလုပ်နေပြီး ဆန်နှင့် ဓါတ်ဆီအား ရွှေကျင်မြို့နယ်အတွင်းသို့ လုံးဝသယ်ယူခွင့်မပြုကြောင်းလည်း ဖော်ပြထားသည်။ 

ရွှေကျင်မြို့နယ် ပျဉ်ရေကျေးရွာ၊ ဝိုင်ကျွန်းကျေးရွာ၊ သိုက်တူးကုန်းကျေးရွာ၊ ညောင်ပင်ကြီးရွာသစ်၊ ညောင်ပင်ကြီး ရွာမ၊ စပ်စုကျေးရွာ၊ သက်ကယ်ကုန်းကျေးရွာ၊ အင်္ဂနီကျေးရွာ၊ ကျောက်တန်းကျေးရွာနှင့် စံဖဲကျေးရွာ စသည့် ကျေးရွာ ၁၆ ရွာမှ ဒေသခံများမှာ ထွက်ပြေးတိမ်းရှောင်နေကြရခြင်းဖြစ်သည်။ 

ဇူလိုင်လ ၂ ရက်နေ့မှ ဇူလိုင်လ ၁၄ ရက်နေ့အတွင်း မုန်းမြို့နယ်၌ စစ်ကောင်စီတပ်​၏ လက်နက်ကြီးဖြင့်ပစ်ခတ်မှု၊ အကြောင်းမဲ့ သတ်ဖြတ်မှုကြောင့် ဒေသခံတစ်ဦးသေဆုံးပြီး ငါးဦးထိခိုက်ဒဏ်ရာရခဲ့ကာ ဒေသခံ ၃,၃၃၅ ဦးထက်မနည်း ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ပြီးခဲ့သည့် ဇူလိုင်လ ၁၄ ရက်နေ့က KNU  ဗဟိုက ထုတ်ပြန်ထားသေးသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required