ယင်းမာပင်ခရိုင် ပညာရေးမှူး နေအိမ်ရှေ့ ပစ်သတ်ခံရ

By 007 (မဇ္စျိမ)
16 July 2023
ယင်းမာပင်ခရိုင် ပညာရေးမှူး နေအိမ်ရှေ့ ပစ်သတ်ခံရ

မုံရွာမြို့၊  အင်းရွာသစ်ရပ်ကွက်တွင် ယင်းမာပင်ခရိုင် ပညာရေးမှူးဒေါ်သီတာချိုသည် ဇူလိုင်လ ၁၄ရက်က   ၎င်း၏ အိမ်ရှေ့တွင် သေနတ်ဖြင့် ပစ်သတ်ခံလိုက်ရကြောင်း ဒေသခံများထံက သိရသည်။ 

ဒေါ်သီတာချိုသည်  စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်တွင် တာ၀န်ထမ်းဆောင်ရမည်ဖြစ်သော်လည်း ၎င်း၏လုံခြုံရေး စိတ်မချသဖြင့် မုံရွာမြို့ အင်းရွာသစ်ရပ်ကွက်ရှိ ၎င်း၏နေအိမ်တွင် ခေတ္တလာရောက်နေထိုင်စဉ် အသတ်ခံလိုက်ရခြင်းဖြစ်ကြောင်း သိရသည်။

“ ကျောင်းကနေ အိမ်ပြန်အလာ အိမ်ပေါက်၀အရောက်မှာ အပစ်ခံလိုက်ရတယ်။ လူနှစ်ယောက်က သေနတ်နဲ့ ပစ်သွားတာပါ၊ တစ်ချက်တည်းနဲ့ နေရာမှာ တင်သေတယ်” ဟု မုံရွာဒေသခံတစ်ဦးကပြောသည်။

သေနတ်ဖြင့်ပစ်ခံရမှုကြောင့် ဒေါ်သီတာချိုတွင် လည်ပင်းဖောက်၀င်ဒဏ်ရာတစ်ချက်ရရှိပြီး အခင်းဖြစ်နေရာတွင် သေဆုံးသွားခြင်းဖြစ်ကြောင်း စစ်ကောင်စီထောက်ခံသည့် တယ်လီဂရမ်ချန်နယ်တွင် ဖော်ပြထားသည့် သတင်းများအရ သိရသည်။

လုပ်ဆောင်ခဲ့ကြောင်း ကြေညာသည့် အဖွဲ့အစည်းမရှိသေးသော်လည်း   PDF လက်ချက်ဖြစ်သည်ဟု ၎င်းသတင်းများက ဆိုသည်။

“တာ၀န်ကျတဲ့နေရာမှာ မနေရဲလို့ မုံရွာကသူ့အိမ်မှာပြန်နေနေတာသိပ်မကြာသေးဘူး။  ယာယီရုံးခန်းလုပ်ထားတဲ့ မုံရွာအထက(၃)ကျောင်းကိုနေ့စဉ် အသွားအလာလုပ်တယ်။  အဲဒီနေ့က ကျောင်းကအပြန်မှာ အိမ်ပေါက်ဝရောက်ရုံလေးရှိသေးတယ် အပစ်ခံလိုက်ရတာပါ” ဟု ဒေသခံတစ်ဦးကပြော သည်။

စစ်တပ်အာဏာသိမ်းပြီးနောက်  ပညာရေး၀န်ထမ်းအများစုက အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM)လုပ်ကြသော်လည်း ထိုအထဲတွင် ပညာရေးမှူးများပါ၀င်မှုမရှိသလောက်နည်းခဲ့သည်။

၎င်းတို့ကို  CDM တွင်ပါ၀င်ကြရန်  ပြည်သူနှင့်တော်လှန်ရေးအင်အားစုများက တိုက်တွန်းတောင်းဆိုခဲ့သော်လည်း CDM မလုပ်သည့်အပြင် CDM ပညာရေး၀န်ထမ်းများကိုပါ ဖိနှိပ်ခြိမ်းခြောက်ခြင်းများပြုလုပ်လာသဖြင့်ဒေသတချို့တွင် ခရိုင်နှင့်မြို့နယ်အဆင့်ပညာရေးမှူးများ သတ်ဖြတ်ခံရသည့်ဖြစ် စဉ်များပေါ်ပေါက်ခဲ့သည်။

၂၀၂၁ ခုနှစ် ဇွန်လ ၁၆ ရက်နေ့က၊ ရန်ကုန်တိုင်း ကျောက်တန်းမြို့နယ်တွင် မြို့နယ်ဒုတိယပညာရေးမှူးဦးအေးထွန်းဆိုသူ သတ်ဖြတ်ခံရပြီးနောက် ယမန်နှစ်က မကွေးတိုင်းအတွင်း ပခုက္ကူနှင့်နတ်မောက်မြို့တို့မှပညာရေးမှူးနှစ်ဦး အလားတူသတ်ဖြတ်ခံခဲ့ရသည်။

ထို့အပြင် အောက်တိုဘာလ ၂ ရက်နေ့တွင်၊ ရခိုင်ပြည်နယ် မောင်တောခရိုင်ပညာရေးမှူးဒေါက်တာမြင့်မြင့်စန်းဆိုသူ ဓားထိုးအသတ်ခံခဲ့ရပြီး အောက်တိုဘာလ ၁၇ ရက်နေ့တွင်လည်း ချင်းပြည်နယ် မတူပီမြို့ကမြို့နယ်ပညာရေးမှူးဦးတင်လွေးဆိုသူ သေနတ်ဖြင့်ပစ်သတ်ခံခဲ့ရသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly