စစ်ကောင်စီတပ်က ကား ၆၅ စီးဖြင့် ဧရာဝတီတိုင်းတွင် ပေါ်ဆန်းစပါးများ လိုက်လံဝယ်ယူ 

By မင်းထက် (မဇ္စျိမ)
16 July 2023
စစ်ကောင်စီတပ်က ကား ၆၅ စီးဖြင့် ဧရာဝတီတိုင်းတွင် ပေါ်ဆန်းစပါးများ လိုက်လံဝယ်ယူ 
ဓာတ်ပုံ - မော်လမြိုင်ကျွန်းမြို့သို့ စပါးဝယ်ယူရန်ရောက်ရှိလာသည့် စစ်ကောင်စီတပ်ကားများ

ဧရာဝတီတိုင်းအတွင်း မြို့နယ်အချို့ရှိ ဆန်စက်များမှ ပေါ်ဆန်းစပါးများကို စစ်ကောင်စီတပ်က စစ်ကားအကြီး ၆၅ စီးဖြင့် လိုက်လံဝယ်ယူခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များထံက ပြောသည်။ 

ပြီးခဲ့သည့် ဇူလိုင်လ ပထမပတ်အတွင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်များ စီးနင်းလိုက်ပါလာသည့် စစ်ကား ၆၅ စီး သည် ဖျာပုံ၊ ဘိုကလေး၊ ဝါးခယ်မ ၊မော်လမြိုင်ကျွန်းနှင့် မြောင်းမြ စသည့်မြို့နယ်များတွင် ထိုသို့လိုက်လံဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

ဇူလိုင်လ ၆ ရက်တွင်  မော်လမြိုင်ကျွန်းမြို့သို့ ထိုစစ်ကားများရောက်ရှိလာခဲ့ပြီး ဆန်စက် ငါး ခုမှ ပေါ်ဆန်းစပါး တင်းပေါင်း ၁၀,၀၀၀ ကိုဝယ်ယူသွားခဲ့သည်ဟု မော်လမြိုင်ကျွန်းမြို့ခံ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦးက ပြောသည်။

မော်လမြိုင်ကျွန်းမြို့ရှိ ဦးသိန်းစိုးဦး၏ တိမ်တံခွန်ဆန်စက်မှ စပါးတင်း ၃,၀၀၀၊ ဦးဝင်းထွန်း၏ ရွှေပြည်ကျော်ဆန် စက်မှစပါးတင်း ၃,၀၀၀၊ ဦးဇော်နိုင်ထွေး၏ ဧက္ကရာဇ်ဆန်ဘစက်မှ စပါးတင်း ၁,၀၀၀ ၊ဦးညွန့်လွင်၏ ထိပ်တန်းဆန် စက်မှစပါးတင်း ၁,၀၀၀ နှင့် ကျိုက်ပိဆန်စက်မှစပါးတင်း ၂,၀၀၀ ကို ဝယ်ယူသွားခဲ့ခြင်းဖြစ် သည်ဟု ၎င်းကဆိုသည်။

"စစ်ကားတွေမြို့ထဲဝင်လာတော့ သို့လော သို့လော သတင်းတွေထွက်လာပြီး ပြည်သူတွေက စိုးရိမ်တာပေါ့။ အမှန်က မော်လမြိုင်ကျွန်းမြို့ကထွက်တဲ့ စပါးအချောတွေကို စစ် တပ်ကလာဝယ်တာပါ။ စစ်ကားတွေပေါ်မှာ ဖျာပုံ၊ ဘိုကလေး၊ မြောင်းမြ၊ ဝါးခယ်မဘက်က ဝယ်လာတဲ့စပါးတွေလည်း ပါလာတယ် "ဟု နိုင်ငံရေးတက်ကြွလှုပ်ရှားသူက ပြောသည်။

မော်လမြိုင်ကျွန်းမြို့နယ်တွင် စပါးအချော(ပေါ်ဆန်းစပါး) တင်း ၁၀၀ လျှင် ၂၄ သိန်း ပေါက်စျေးရှိသော်လည်း စစ်ကောင်စီတပ်ဖွဲဲ့များက  စပါးတင်း ၁၀၀ လျှင် ၂၈ သိန်းစျေးပေး၍ ဝယ်ယူသွားခဲ့ကြောင်းသိရသည်။

"မြို့နယ်စီမံကောင်စီက ဗိုလ်မှူးမင်းလွင်နဲ့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသီဟဇော်တို့နှစ်ယောက်ပေါင်းပြီး လာဝယ်တဲ့စစ်တပ်ကို ၂၈ သိန်းစျေးနဲ့ရောင်းလိုက်တယ်လို့ကြားတယ် ။ကျွန်တော်ထင်တာတော့ မော်ကျွန်းမှာ စပါးစျေးမြင့်တယ်လို့ပြောပြီး အဲဲဒီနှစ်ယောက်ကကြားထဲက လုပ်စားသွားတာဖြစ်နိုင်တယ်"ဟု ၎င်းကဆိုသည်။

စစ်ကောင်စီတပ်ဖွဲ့များသည် မည်သည့်ရည်ရွယ်ချက်ဖြင့် ပေါ်ဆန်းစပါးများ လိုက်လံဝယ်ယူခဲ့သည်ကို အတိအကျမသိရကြောင်း ဆက်လက်ပြောသည်။

ထိုသို့ စစ်ကောင်စီတပ်ကား ၆၅ စီးဖြင့် ပေါ်ဆန်းစပါးများလိုက်လံဝယ်ယူခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့များသည် ဇူလိုင်လ ပထမပတ်အတွင်းက ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်ဘက်သို့လည်း သွားရောက်ခဲ့သည်ဟုသိရပြီး ထိုမှတစ်ဆင့် ရန်ကုန် ဘက်သို့ ပြန်ထွက်သွားခဲ့သည်ဟု သတင်းရင်းမြစ်များက ပြောသည်။

သို့သော် စစ်ကောင်စီတပ်ကားများ မည်သည့်နေရာသို့ ထွက်ခွာသွားသည်ကို မဇ္စျိမအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိပေ။

စစ်ကောင်စီတပ်ဖွဲ့များက ပေါ်ဆန်းစပါးများလိုက်လံဝယ် ယူနေမှုနှင့် ပတ်သက်၍ ဧရာဝတီ တိုင်းအတွင်းရှိ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦးက"စစ်တပ်က စပါးစျေးကို စျေးကစားဖို့ဝယ်တာဖြစ်နိုင်သလို၊ တပ်အရာရှိတွေရဲ့ မိသားစုတွေအတွက် ရိက္ခာစုဆောင်းတာလည်းဖြစ်နိုင်တယ်။ ပေါ်ဆန်းစပါးဆိုတော့ ရိုးရိုး အခြားအဆင့်စစ်သားတွေအတွက် ရိက္ခာဝယ်တာတော့ မဖြစ်နိုင်ဘူး"ဟုဝေဖန်သုံးသပ်သည်။

ဆန်အိတ် ၁,၀၀၀ တစ်နည်းအားဖြင့် ဆန်တန်ချိန် ၅၀ (သို့မဟုတ်) စပါးတင်း ၅,၀၀၀ နှင့်အထက် သိုလှောင်ပါက မှတ်ပုံတင်ရမည်ဟု စစ်ကောင်စီလက်အောက်ခံ စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနက၂၀၂၃ ခုနှစ် မေ လ ၉ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့သေးသည်။

စာတည်း။    ။အောင်ကျော်ဖြိုး

“Supported by the Staying Resilient Amidst Multiple Crises in Southeast Asia initiative of SEA Junction in partnership with CMB Foundation”
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly