ကြာအင်းဆိပ်ကြီးမြို့နယ် ခလယ်-တံခွန်တိုင်တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၁၅ ဦးထက်မနည်း ထိခိုက်သေဆုံး 

By YT (မဇ္ဈိမ)
16 July 2023
ကြာအင်းဆိပ်ကြီးမြို့နယ် ခလယ်-တံခွန်တိုင်တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၁၅ ဦးထက်မနည်း ထိခိုက်သေဆုံး 

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ခလယ်-တံခွန်တိုင်ကျေးရွာအုပ်စု၊ ခလယ်တံခွန်တိုင် ရွာနှင့်ပုလိန်ရွာတဝိုက်တွင်ဖြစ်ပွားခဲ့သောတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၁၅ ဦးထက်မနည်း ထိ ခိုက်သေဆုံးခဲ့ကြောင်း KNLA သတင်းရင်းမြစ်ထံမှ သိရသည်။

“ဇူလိုင်လ ၁၄ ရက်နေ့ မနက်ပိုင်းကနေ စဖြစ်တာပေါ့။ လက်နက်ကြီးက တောက်လျှောက်ပစ်တယ်ဗျ၊ ည ၇ နာရီလောက်ထိ ပစ်တာရှိတယ်။ ၁၂၀ မမတွေ၊ ၁၂၂ တွေနဲ့ပစ်တာ၊ လက်နက်ကြီးနဲ့ လမ်းကြောင်းရှင်း ပေးပြီး စစ်ကြောင်းထိုးတဲ့သဘောပေါ့။ ထိတွေ့တိုက်ပွဲမှာ သူတို့ဘက်ကအထိနာတော့ လေကြောင်း ပစ် ကူသုံးတယ်၊ လေကြောင်းပစ်ခတ်မှုကြောင့် ပျက်စီးတာတွေရှိတယ်” ဟု KNLA သတင်းရင်းမြစ်က မဇ္ဈိမ ကို ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁၄ ရက်နေ့က အဘစ်-ခလယ်-တံခွန်တိုင် ကားလမ်းမှတဆင့် ကြာအင်းဆိပ်ကြီးမြို့ နယ် ခလယ်-တံခွန်တိုင်ကျေးရွာအနောက်ဘက်သို့ အင်အားဖြည့်ရန် စစ်ကြောင်းထိုးလာသော အင်အား ၈၀ ဝန်းကျင်ရှိ စစ်ကောင်စီတပ်အား တပ်မဟာ (၆) KNLA ပူးပေါင်းတပ်ဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့ရာ မှ တိုက်ပွဲပြင်းထန်လာခဲ့ခြင်းဖြစ်သည်။

“အတွင်းသတင်းအရတော့ သူတို့ဘက်ကတော့ အကျအဆုံးနဲ့ အထိအခိုက်က ၁၅ ယောက်လောက် ရှိပါ တယ်။ ပူးပေါင်းတပ်ဖွဲ့ဘက်က နဂါးနီက သုံးယောက်၊ တောင်ညိုက နှစ်ယောက် စုစုပေါင်း ငါးယောက် ဒဏ်ရာရထားပါတယ်” ဟု အဆိုပါ သတင်းရင်းမြစ်က ပြောသည်။

ထိတွေ့တိုက်ပွဲသည် ညနေပိုင်းအထိပြင်းထန်ခဲ့ကာ အဘစ်ကျေးရွာအခြေစိုက် အမှတ် (၃၁၈) အမြောက် တပ်မှ လက်နက်ကြီး ပစ်ကူခဲ့ပေးပြီး Mi 35 ရဟတ်ယာဉ်ဖြင့် လေကြောင်းတိုက်ခိုက်မှုပါ ပြုလုပ်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်၏ လက်နက်ကြီးဖြင့်ပစ်ခတ်မှု၊ လေကြောင်းတိုက်ခိုက်မှုတို့ကြောင့် ပုလိန်နှင့် ခလယ်- တံခွန်တိုင်ကျေးရွာအတွင်းရှိ နေအိမ်အချို့ ထိခိုက်ပျက်စီးမှုရှိသော်လည်း လူသူအထိအခိုက် မရှိခဲ့ကြောင်း သိရသည်။ 

တိုက်ပွဲခေတ္တနားစဉ်အချိန်အတွင်း စစ်ကောင်စီတပ်သားများသည် အဘစ်-ခလယ်-တံခွန်တိုင် ကားလမ်း အတိုင်းဖြတ်သွားသည့် အရပ်သားကားတစီးအား ပစ်ခတ်ခဲ့ရာ ကားပေါ်ပါလာသည့် အရပ်သားနှစ်ဦး သေဆုံးခဲ့ကြောင်း KNLA သတင်းရင်းမြစ်နှင့် ဒေသခံတဦးထံမှ သိရသည်။

“စစ်ဘေးရှောင်လာတာထင်တယ်။ ကားပေါ်မှာ အဝတ်ထုပ်တွေရော အခြားအထုပ်အပိုးတွေ ပါတယ်ဗျ။ သူတို့လည်း တိုက်ပွဲငြိမ်ပြီဆိုပြီး ဖြတ်သွားမိတာထင်ပါတယ်။ ဘယ်သူမှ သွားမကြည့်ရဲဘူးဗျ။ ညပိုင်းကျမှ သွားကြည့်လို့ရတယ်။ အမျိုးသားချည်းပဲ နှစ်ဦးပါ” ဟု ကြာအင်းဆိပ်ကြီးမြို့နယ်မှ သတင်းရင်းမြစ်တဦး ကမဇ္ဈိမကို ပြောသည်။

ဇူလိုင်လ ၁၆ ရက်နေ့ မွန်းလွဲ ၂ နာရီ ၅၀ မိနစ်တွင် ဆက်သွယ်မေးမြန်ချက်အရ စစ်ကြောင်းထိုးလာသော အဆိုပါ စစ်ကောင်စီတပ်သားများသည် ကြာအင်းဆိပ်ကြီးမြို့နယ်၊ ငြိမ်းချမ်းမြိုင်အနောက်ဘက်ရှိ တောင် ကုန်းတွင် ခေတ္တအထိုင်ချနေကြကြောင်း သိရသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁၁ ရက်နှင့် ၁၂ ရက်နေ့ကလည်း ငြိမ်းချမ်းမြိုင်တွင် စစ်ကောင်စီတပ်သားများနှင့် တပ်မဟာ (၆) KNLA ၊ PDF ပူးပေါင်းတပ်ဖွဲ့များအကြား တိုက်ပွဲများဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ငါးဦးသေဆုံး၍ ၁၃ ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။ 

ဇူလိုင်လ ၁၂ ရက်နေ့ တိုက်ပွဲတွင်လည်း စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သေးပြီး ပုလိန်ကျေးရွာမှ နေအိမ်အချို့ ထိမှန်ပျက်စီးခဲ့သေးသည်။

စာတည်း။  ။စောဖေ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly