မန္တလေးဆေးတက္ကသိုလ် ပါမောက္ခ  သေနတ်အတုဖြင့် အနုကြမ်းစီးခံရ

By 007 (မဇ္စျိမ)
16 July 2023
မန္တလေးဆေးတက္ကသိုလ် ပါမောက္ခ  သေနတ်အတုဖြင့် အနုကြမ်းစီးခံရ

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်ရှိ မန္တလေးဆေးတက္ကသိုလ်ပါမောက္ခ ဆရာ၀န်တစ်ဦးသည် ၎င်း၏နေအိမ်တွင်  ကော်သေနတ်အတုဖြင့်အနုကြမ်း စီးခံခဲ့ရကြောင်း နယ်မြေခံရဲတပ်ဖွဲ့နှင့်နီးစပ်သည့်အသိုက်အ၀န်းထံက သိရသည်။

ယမန်နေ့ ဇူလိုင်လ ၁၅ရက် နံနက် ၆ နာရီ မိနစ် ၃၀ ခန့်က  ပြည်ကြီးမျက်မှန်ရပ်ကွက် ၆၃(အေ)လမ်း၊ ၂၇ လမ်းနှင့် ၂၈ လမ်းကြားရှိ ၎င်း၏ နေအိမ်တွင် တစ်ဦးတည်းရှိနေစဉ် အမည်မသိ အမျိုးသားတစ်ဦး၀င်ရောက်လာပြီး  အနုကြမ်းစီး သွားခြင်းဖြစ်ကြောင်း ထိုဆရာဝန်နှင့် နီးစပ်သူတစ်ဦးကအတည်ပြုပြောသည်။ 

"ဆရာ၀န်ကြီးက ဈေးသွားဖို့ခြံတံခါးဖွင့်ထားပြီးမှ ပစ္စည်းတစ်ခုကျန်ခဲ့လို့ အိမ်ထဲပြန်၀င်အယူမှာ လူတစ်ယောက်အနောက်ကနေလိုက်လာပြီး အနုကြမ်း စီးတာပါ "ဟု ၎င်းကပြောသည်။ 

အနုကြမ်းစီးသူသည်  သေနတ်အတုဖြင့်ချိန်ရွယ်ခြိမ်းခြောက်ပြီး ဆရာ၀န် လည်ပင်းတွင်ဆွဲထားသော ပလက်တီနမ်ဆွဲကြိုးကို ဖြုတ်ခိုင်းရာ ဖြုတ်မပေးသဖြင့်  ပုဆိန်ဖြင့်ခုတ်ပြီး လုယူထွက်ပြေးသွားကြောင်း သိရသည်။

ထိုဆရာဝန်မှာ အသက် ၅၉ နှစ်အရွယ်ရှိပြီး  ရောဂါဗေဒဌာနမှ ဖြစ်ကာ အရိုးအသွား ၁၂ လက်မရှိသော ပုဆိန်ဖြင့် အခုတ်ခံရသဖြင့် ဦးခေါင်းဝဲဘက် ချိုစောင်း ပြတ်ရှဒဏ်ရာ နှစ်ချက်ရခဲ့၍ မန္တလေးဆေးရုံကြီးသို့ ပို့ပေးလိုက်ကြောင်း နှင့် သွားရောက်စစ်ဆေးရာမှ သေနတ်အတုကို တွေ့ရှိခဲ့ရကြောင်း ရဲနှင့်နီးစပ်သည့် အသိုက်အ၀န်းထံက သိရသည်။

လက်ရှိတွင် ဆရာ၀န်ကြီး၏သားဖြစ်သူက ချမ်းအေးသာစံမြို့နယ် အမှတ်(၃)နယ်မြေရဲစခန်းတွင် (ပ)၂၅၀/၂၀၂၃ ရာဇသတ်ကြီးပုဒ်မ ၃၉၄ ဖြင့် အမှုဖွင့်ထားသည်။

ချမ်းအေးသာစံမြို့နယ်တွင် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့ကလည်း ဆရာ၀န်တစ်ဦး၏နေအိမ်အနုကြမ်းစီးခံခဲဲ့ရဖူးသည်။

စာတည်း။ ။အောင်ကျော်ဖြိုး#Mizzima
#အနုကြမ်းစီး
#သေနတ်အတု
#မန္တလေးဆေးတက္ကသိုလ်ပါမောက္ခ
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly