လောင်းလုံးတွင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးပြီး အရပ်သားများကို ပစ်ခတ်ဖမ်းဆီး 

By ကိုရွှေမြိတ် (မဇ္ဈိမ)
16 July 2023
လောင်းလုံးတွင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးပြီး အရပ်သားများကို ပစ်ခတ်ဖမ်းဆီး 

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ် သကျက်တောကျေးရွာကို ဇူလိုင်လ ၁၅ ရက်နေ့က အင်အား ၁၀၀ ကျော်ခန့်ရှိ စစ်ကောင်စီတပ်မှ စစ်ကြောင်းထိုးပြီး ပစ်ခတ်မှုဖမ်းဆီးနေမှုကြောင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

စစ်ကောင်စီစစ်ကြောင်းသည် သကျက်တောကျေးရွာသို့ ဇူလိုင်လ ၁၅ ရက်နေ့ မွန်းလွဲ ၁ နာရီနှင့် ၃ နာရီ တို့တွင် ရေကြောင်းနှင့်ကုန်းလမ်းတို့မှဝင်ရောက်လာပြီး စာသင်ကျောင်းနှင့် ဘုန်းတော်ကြီးကျောင်းတို့၌ တပ်စွဲထားကြောင်း  လောင်းလုံးအခြေစိုက် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံမှ သိရသည်။

လောင်းလုံးအခြေစိုက် PDF ရဲဘော်တဦးက “မနေ့က စစ်တပ် စစ်ကြောင်းဝင်လာတယ်။ ဝင်လာတဲ့ အချိန် မှာ လက်နက်ကြီး လက်နက်ငယ်နဲ့ ပစ်ခတ်ပြီးဝင်လာတာမျိုးပါ။ အရပ်သားတဦး ပစ်ခတ်ခံရပြီး ရွာသား ၁၀ ဦးနီးပါး ဖမ်းဆီးခံထားရတယ်”ဟု ပြောသည်။

စစ်ကောင်စီတပ်မှပစ်ခတ်မှုကြောင့် သကျက်တောကျေးရွာနေ အသက် ၃၀ ကျော်အရွယ် ကိုအေးချမ်းဦး လက်မောင်းတွင် သေနတ်ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

သကျက်တောကျေးရွာတွင် စစ်ကောင်စီတပ်ဖွဲ့ကတပ်စွဲပြီး လက်နက်ကြီးဖြင့် ပစ်ခတ်နေမှုများရှိနေ၍ ဒေသခံများအား တန်ဖိုးကြီးပစ္စည်းများ၊ စာရွက်စာတန်းများကို သေချာသိမ်းဆည်းထားကြရန် ထားဝယ် ခရိုင်သပိတ်ကော်မတီ (DDMSC)အဖွဲ့မှလည်း သတိပေးချက်ထုတ်ပြန်ထားသည်။

“အရပ်သားတွေ ပစ်ခတ်ဖမ်းဆီးခံနေရလို့ ကျွန်တော်အဖွဲ့က သတိပေးချက် ထုတ်ပြန်တာမျိုးတော့ရှိ တယ်။ အဓိကတော့ တန်ဖိုးကြီးပစ္စည်းတွေကို သိမ်းဆည်းထားဖို့ ပြည်သူတွေကို သတိပေးထားတယ်”ဟု DDMSC အဖွဲ့မှ တာဝန်ရှိသူတဦးကပြောသည်။

မြိတ်ခရိုင် တနင်္သာရီမြို့နယ် သိန်ခွန်းကျေးရွာတွင်လည်း ဇူလိုင်လ ၁၅ ရက်နေ့ နံနက်ပိုင်းက တိုက်ပွဲများ ကြောင့် ဒေသခံ ၃,၀၀၀ နီးပါး ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

စာတည်း။  ။စောဖေ
စာမူတည်းဖြတ်။  ။စောဖေ

#တနင်္သာရီတိုင်း
#လောင်းလုံးမြို့နယ်
#စစ်ကြောင်းထိုး
#ပစ်ခတ်ဖမ်းဆီး
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly