အရေးပေါ်အခြေအနေ သက်တမ်းတိုးရန် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင် အရိပ်အမြွက်ပြော

အရေးပေါ်အခြေအနေ သက်တမ်းတိုးရန် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင် အရိပ်အမြွက်ပြော
Photo-AFP

စစ်တပ်အနေဖြင့် အရေးပေါ်အခြေအနေအား နောက်ထပ် သက်တမ်း ထပ်တိုးဖြစ်နိုင်ပြီး ကတိပြုထားသော ရွေးကောက်ပွဲ နှောင့်နှေးနိုင်ကြောင်းကို စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်က အရိပ်အမြွက်ပြောပြီး မတည်ငြိမ်မှုများ အဆုံးသတ်ရန် ပိုမို အားထုတ်ရန် လိုအပ်ကြောင်း ပြောဆိုသည်။

အရှေ့တောင်အာရှ၏ အပယ်ခံနိုင်ငံ မြန်မာနိုင်ငံသည် ပြီးခဲ့သော နှစ်နှစ်ကျော်က ဒေါ်အောင်ဆန်းစုကြည်၏ အစိုးရကို ဖြုတ်ချပြီး စစ်အာဏာသိမ်းကာ သဘောထားကွဲလွဲသူများကို အသေအပျောက်များသည့် ဖြိုခွင်းခြင်းများကြောင့် အကြမ်းဖက်မှုများဖြင့် ပျက်စီးကိန်းဆိုက်နေသည်။

စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်သော အသစ်ထူထောင်သည့် လက်နက်ကိုင်အဖွဲ့များကို စစ်ကောင်စီက တိုက်ပွဲဆင်နေရာ အရပ်သား ထောင်ပေါင်းများစွာ သေဆုံးထိခိုက်ဒဏ်ရာ ရကြသည်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ အုပ်ချုပ်ရေးအဖွဲ့သည် မတည်ငြိမ်မှုများ ဆက်လက်ဖြစ်ပွားနေသည်ကို အသိအမှတ်ပြုပြီးနောက် အာဏာသိမ်းပြီးချိန်မှစကာ အရေးပေါ်အခြေအနေကို အကြိမ်ကြိမ် သက်တမ်းတိုးထားခြင်းလည်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် “အကြမ်းဖက်ဖြစ်စဉ်များက ကျဆင်းသော်လည်း ဆက်လက်ဖြစ်ပွားနေသည်”ဟု အာဏာသိမ်းမှု ဆန့်ကျင်သော တော်လှန်ရေးတပ်များ၏ ဖြစ်ပွားနေဆဲ တိုက်ခိုက်မှုများကို ရည်ညွှန်းပြီး ကြာသပတေးနေ့က အကြီးတန်းအရာရှိများနှင့် တွေ့ဆုံရာ၌ မင်းအောင်လှိုင်က ပြောသည်။

“လုံခြုံရေး၊ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေး၊ ဥပဒေစိုးမိုးရေးတွေ အပြည့်အဝ အကောင်အထည်ဖော်ဖို့ လိုအပ်ချက်များစွာ ရှိနေတာကို မြင်တွေ့ရမှာ ဖြစ်တယ်”ဟု အဆိုပါ အစည်းအဝေးအား စစ်တပ်၏ သောကြာနေ့ ထုတ်ပြန်ချက်၌ မင်းအောင်လှိုင်က ပြောထားသည်။

ယခုနှစ်စမှစကာ အကြမ်းဖက်လုပ်ရပ် ရာပေါင်းများစွာအတွင်း လူပေါင်း ၇၈၂ ဦး အသတ်ခံရကြောင်း နောက်ထပ် အသေးစိတ်မဆိုဘဲ ၎င်းက ထပ်လောင်းပြောသည်။

အာဏာသက်ဝင်နေဆဲဟု စစ်ကောင်စီက ပြောထားသော စစ်တပ်က ရေးဆွဲခဲ့သည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အရေးပေါ်အခြေအနေ ရုပ်သိမ်းပြီး ခြောက်လအတွင်း ရွေးကောက်ပွဲများ ကျင်းပရန် လိုအပ်သည်။

ယခုနှစ် ဩဂုတ်လ၌ ရွေးကောက်ပွဲသစ်များ ကျင်းပမည်ဟု စစ်ကောင်စီက ကတိပေးထားသော်လည်း နိုင်ငံသည် “ပုံမှန်အခြေအနေသို့ ပြန်မရောက်သေး”ဟု အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီက ပြောပြီး နောက်တစ်ရက်၌ အရေးပေါ်အခြေအနေကို ဖေဖော်ဝါရီလအတွင်းက သက်တမ်းထပ်တိုးထားခြင်းပဲ ဖြစ်သည်။

(မိုးသဲ ဘာသာပြန်သည်။)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required