မန္တလေးမြို့ မောင်ဒိန်းရွှေဆိုင် ဓားပြတိုက်ခံရ သိန်း ၁,၄၀၀ ကျော်တန် ရွှေထည်များပါသွားဟုဆို

By 007 (မဇ္ဈိမ)
14 July 2023
မန္တလေးမြို့ မောင်ဒိန်းရွှေဆိုင် ဓားပြတိုက်ခံရ သိန်း ၁,၄၀၀ ကျော်တန် ရွှေထည်များပါသွားဟုဆို

မန္တလေးတိုင်း၊ အမရပူရမြို့နယ်၊ စာတိုးမြို့ပြင်ကြီးကျေးရွာအုပ်စု ၊ စက်ကွေ့ရပ် ရန်ကုန်-မန္တလေး ကားလမ်းဟောင်းနံဘေးရှိ မောင်ဒိန်းရွှေဆိုင် ယမန်နေ့ ဇူလိုင်လ ၁၃ရက် နံနက် ၁၁နာရီ ၄၅မိနစ်က ဓားပြတိုက်ခံရပြီး ငွေကျပ် သိန်း ၁,၄၀၀ ကျော် တန်ဖိုးရှိ ရွှေထည်ပစ္စည်းများ ပါသွားကြောင်း သတင်းရရှိသည်။

“ကားနဲ့လာပြီး ဓားပြဝင်တိုက်သွားတယ်၊ သေနတ်သံတော့ တစ်ချက်ကြားလိုက်သေးတယ်၊ ရွှေထည် သိန်းတစ်ထောင်ကျော်ဖိုး ပါသွားတယ်လို့ သိရတယ်၊ လူထိခိုက်မှုတော့ မရှိဘူး” ဟု ဒေသခံတစ်ဦးက ပြောသည်။

သေနတ်များကိုင်ဆောင်ထားသော လူလေးဦးပါဝင်ပြီး ကားနံပါတ်ကို တိပ်ဖြင့်အုပ်ထားသည့် ရိန်းဂျားအမျိုးအစား အဖြူရောင်မော်တော်ကားဖြင့် ရောက်လာကာ ဆိုင်အတွင်းဝင်ရောက်စဉ် သေနတ်တစ်ချက်ပစ်ဖောက်ခြိမ်းခြောက်ပြီး ဆိုင်ကောင်တာပုံးများအတွင်းမှ ရွှေဆွဲကြိုး ၄၁ကုံး(အလေးချိန် ၂၀ ကျပ်သား၊ တန်ဖိုး ကျပ်သိန်း ၅၈၀)၊ ရွှေနားကပ် ၁၃၇ ရံ(အလေးချိန် ၂၄ ကျပ်သား၊ တန်ဖိုး  ၇၀၈ သိန်းကျပ် )၊ ဟန်းချိန်း၂၁ခု(အလေးချိန် ၇ ကျပ်သား၊ တန်ဖိုး ၁၄၇ သိန်းကျပ်)နှင့်၊ ကလစ်လေးခု(အလေးချိန် တစ်ကျပ်သား၊ တန်ဖိုး ၂၉ သိန်းကျပ်)၊ စုစုပေါင်း ၁,၄၆၄ သိန်းကျပ် တန်ဖိုးရှိသော ရွှေထည်လက်ဝတ်ရတနာပစ္စည်းများကို ယူဆောင်သွားခြင်းဖြစ်ကြောင်း မန္တလေးတိုင်း ရဲတပ်ဖွဲ့အသိုင်းအဝိုင်းထံမှ သိရသည်။

“ဓားပြတွေက ရွာထဲဝင်ပြေးတယ်ဆိုလို့ အခုထိ အဲဒီရွာထဲ ပိုက်စိပ်တိုက် စစ်နေတယ်” ဟု ဒေသခံ နောက်တစ်ဦးက ပြောသည်။

အဆိုပါ ဓားပြအဖွဲ့သည် ပစ္စည်းများယူဆောင်သွားပြီးနောက် စာတိုးမြို့ပြင်ကြီးကျေးရွာအတွင်းသို့ မောင်းနှင်ထွက်ပြေးသွားကြောင်း စစ်ကောင်စီ၏ သတင်းများကို ဝါဒဖြန့်ပေးနေသည့် တယ်လီဂရမ်ချန်နယ်များက ဖော်ပြကြသော်လည်း ယနေ့နေ့လယ်ပိုင်းအထိ ဖမ်းဆီးရမိခြင်း မရှိသေးကြောင်း သိရသည်။

အာဏာသိမ်းပြီးနောက်ပိုင်း မန္တလေးတိုင်းအတွင်း လုယက်ဓားပြတိုက်မှု ဖြစ်စဉ်ပေါင်း ၄၀ နီးပါး ဖြစ်ပွားခဲ့ပြီး ထိုအထဲမှ အချို့ကိုသာ ဖော်ထုတ်နိုင်ကြောင်း စစ်ကောင်စီ၏ သတင်းများကို ဝါဒဖြန့်ပေးနေသည့် တယ်လီဂရမ်ချန်နယ်များ၏ ဖော်ပြချက်အရ သိရသည်။

စာတည်း။      ။ ဖူးသိမ်ကျ
စာတည်း။     ။သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required