ထိုင်းဒုတိယဝန်ကြီးချုပ်ပြောသည့် ဒေါ်အောင်ဆန်းစုကြည်၏သဘောထားဆိုသည်ကို သံသယရှိဟု NLD ထုတ်ပြန်

By ခက်နွေ၊ရွှေနွယ် (မဇ္ဈိမ)
14 July 2023
ထိုင်းဒုတိယဝန်ကြီးချုပ်ပြောသည့် ဒေါ်အောင်ဆန်းစုကြည်၏သဘောထားဆိုသည်ကို သံသယရှိဟု NLD ထုတ်ပြန်
Photo-EPA

အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး၌ ထိုင်းနိုင်ငံဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာဒွန်ပရာမွတ်ဝီနိုင်းပြောကြားသော ဒေါ်အောင်ဆန်းစုကြည်၏ သဘောထားဆိုသည့်စကားရပ်သည် စစ်မှန်သည်ဟု ယူဆရန် သံသယရှိကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဗဟိုကော်မတီက ယနေ့ ဇူလိုင်လ ၁၄ ရက်နေ့တွင် ထုတ်ပြန်သည်။

“ဒေါ်အောင်ဆန်းစုကြည်၏ သဘောထားဆိုသော ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး၏ ပြောကြားချက်များသည် ကာယကံရှင်ကိုယ်တိုင်နှင့် လွတ်လပ်စွာပူးတွဲပြောကြားနိုင်သောအခြေအနေမဟုတ်သည့်အတွက် စကားရပ်တိုင်းသည် စစ်မှန်သည်ဟုယူဆရန် ကျွန်ုပ်တို့ သံသယရှိသည်” ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် စစ်တပ်က မတရားဖမ်းဆီးခံရစဥ်ကာလတွင် (က)ဗဟိုအလုပ်အမှု ဆောင်အဖွဲ့များ လွတ်လပ်စွာ စုံညီအစည်းအဝေး မကျင်းနိုင်ဘဲ သူမအနေဖြင့် မည်သည့်သဘောထားများ၊ ဆုံးဖြတ်ချက်များ ချမှတ်နိုင်မည်မဟုတ်(ခ) ပြည်သူလူထုကိုသာအခြေခံပြီး ပြည်သူလူထု၏ ဆန္ဒသဘောထားကို မည်သည့်အခါမှ ဆန့်ကျင်မည်မဟုတ်ပါ စသည့် သဘောထားများနှင့် ယခု ထိုင်းနိုင်ငံဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြား ရေးဝန်ကြီး၏ ပြောကြားချက်များမှာ ကွဲလွဲ‌နေကြောင်း NLD ဗဟိုအလုပ်ကော်မတီက ဖော်ပြသည်။

ထိုင်းနိုင်ငံ၏ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးမစ္စတာဒွန်ပရာမွတ်ဝီနိုင်းသည် ပြီးခဲ့သည့် ဇူလိုင်လ ၉ ရက်နေ့က မြန်မာနိုင်ငံသို့နေ့ချင်းပြန်လာရောက်ခဲ့ပြီးနောက် စစ်ကောင်စီ၏ သဘောတူညီချက်ဖြင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို သွားရောက်တွေ့ဆုံခဲ့သည်ဟု ပြောကြားခဲ့သည်။ထို့နောက် အင်ဒိုနီးရှားနိုင်ငံ၊ဂျာကာတာမြို့ တွင်ကျင်းပသည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး ဒုတိယနေ့  ဇူလိုင်လ ၁၂ ရက်နေ့တွင် နိုင်ငံတကာသတင်းထောက်များကမေးမြန်းရာ ယင်းကဲ့သို့ ထုတ်ဖော်ပြောကြားခြင်းဖြစ်ပြီး  "သူမ ကျန်းမာပါတယ်။ တွေ့ဆုံဆွေးနွေးရေးကို သူမကထောက်ခံပါတယ်။ ဒီတွေ့ဆုံမှုဟာ မြန်မာ့မိတ်ဆွေအနေနဲ့ချဉ်းကပ်ခဲ့တာပါ။ ကျွန်တော်တို့ ငြိမ်းချမ်းတဲ့တွေ့ဆုံရေးကိုမြင်ချင်ပါတယ်”ဟု ပြောဆိုခဲ့သည်။

ထိုပြောဆိုချက်များသည် သံသယရှိဖွယ်ဖြစ်ပြီး အတည်မပြုနိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ပြောရေးဆိုခွင့်ရှိသူအချို့က ထုတ်ဖော်ပြောကြားပြီးနောက် NLD ပါတီဗဟိုကော်မတီက ယနေ့တွင် တရားဝင်ထုတ်ပြန်လာခြင်းဖြစ်သည်။

မြန်မာ့နိုင်ငံရေးပြဿနာများ ပြေလည်ရေးလမ်းစအဖြစ် အရေးပါလှသော ဒေါ်အောင်ဆန်းစုကြည်၏ ဆန္ဒသဘောထားကို ပြည်သူလူထုထံသို့ လွတ်လပ်စွာတင်ပြနိုင်ရန် အာဆီယံခေါင်းဆောင်များအနေဖြင့် အာဆီယံဘုံသဘောတူညီချက် ၅ ရပ်နှင့်အညီ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မတရားဖမ်းဆီးခံထားရသော နိုင်ငံရေးအကျဥ်းသားများအားလုံး အမြန်ဆုံးလွတ်မြောက်၍ လွတ်လပ်စွာသဘောထားအမြင်ဖော်ထုတ်နိုင်မှုကို အားစိုက်လုပ်ဆောင်သင့်ကြောင်းလည်းNLD ပါတီဗဟိုကော်မတီက တိုက်တွန်းထားသည်။

"ထိုင်းနိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့သည်ဖြစ်စေ၊ မတွေ့သည်ဖြစ်စေ သူ့ရဲ့ပြောကြားချက်တွေကို အတည်ပြုဖို့ယုံမှားသံသယဖြစ်တယ်။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ မတရားဖမ်းဆီးချုပ်နှောင်ခံထားရစဉ်မှာ သူ့အနေနဲ့ တရားဝင်ထုတ်ပြောပိုင်ခွင့်လည်းမရှိဘူး။ ဒါပေမယ့် အာဆီယံအနေနဲ့ ကြိုးပမ်းချင်တယ်ဆိုရင် ဘုံသဘောတူညီချက် ၅ ရပ်ကိုအကောင်အထည်ဖော်နိုင်ဖို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေအားလုံးကိုလွှတ်ပေးပြီးမှ သူတို့အားလုံးရဲ့သဘောထားကို ထုတ်ဖော်ပြောဆိုခွင့်ပေးပါလို့ အစည်းအဝေးအမှီ တိုက်တွန်းလိုက်တဲ့စာပါ” ဟု NLD ဗဟိုအလုပ်ကော်မတီဝင် ဦးထွန်းမြင့်က မဇ္ဈိမကိုပြောသည်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီးနှင့် ဒေါ်အောင်ဆန်းစုကြည်သည် ဇူလိုင်လ ၉ ရက်နေ့တွင် တစ်နာရီခွဲနီးပါးကြာတွေ့ဆုံခဲ့ကြောင်း စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက  ထုတ်ဖော်ပြောဆိုထားသည်။

"ထိုင်းနိုင်ငံခြားရေးဝန်ကြီးက လက်ရှိမှာ အာဆီယံရဲ့ တရားဝင်တာဝန်ရှိပုဂ္ဂိုလ်မဟုတ်ပေမယ့် ဒီလိုတွေ့ဆုံတယ်ဆိုတာဟာ စစ်ကောင်စီကို နိုင်ငံတကာကအသိအမှတ်ပြုဖို့ တရားဝင်မှုရရှိအောင်လို့ တစိတ်တပိုင်းကြိုးပမ်းတယ်လို့ပဲမြင်ပါတယ်” ဟု ဦးထွန်းမြင့်က ဆိုသည်။

အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တွင် ဇူလိုင်လ ၁၁ ရက်မှ ဇူလိုင်လ ၁၃ ရက်နေ့ထိ ကျင်းပခဲ့ပြီးအမျိုးသားညီညွတ်ရေးအစိုးရကိုရော စစ်ကောင်စီကိုပါ အစည်းအဝေးတက်ရောက်ခွင့်မပေးဘဲ ချန်လှပ်ထားသည်။ယနေ့ ဇူလိုင် ၁၄ ရက်နေ့တွင် အာဆီယံဒေသရေးရာညီလာခံနှင့် အရှေ့အာရှ နိုင်ငံခြားရေးဝန်ကြီးများ ထိပ်သီး အစည်းအဝေးကို ဆက်လက်ကျင်းပမည်ဖြစ်ကြောင်းသိရသည်။

စာတည်း - မောင်ကြီး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required