မြန်မာအပေါ် ထိုင်း၏ သံတမန်ရေး ချည်းကပ်မှုကို ထောက်ခံသည့် အာဆီယံအဖွဲ့ဝင်အချို့ ရှိ

မြန်မာအပေါ် ထိုင်း၏ သံတမန်ရေး ချည်းကပ်မှုကို ထောက်ခံသည့် အာဆီယံအဖွဲ့ဝင်အချို့ ရှိ
Photo-AFP

မြန်မာနိုင်ငံက အကျဉ်းချခံ ဒေါ်အောင်ဆန်းစုကြည်နှင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီး တွေ့ဆုံခဲ့ခြင်းအပါအဝင် မြန်မာဆီ ထိုင်း၏ သံတမန်ရေး ချည်းကပ်မှုနှင့် ပတ်သက်ပြီး အာဆီယံအဖွဲ့ဝင်အချို့က ထောက်ခံထားသည်ကို အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံ၏ ပူးတွဲထုတ်ပြန်ချက်၌ မှတ်ချက်ပြုထားသည်။

ဂျကာတာတွင် အင်္ဂါနေ့နှင့် ဗုဒ္ဓဟူးနေ့တို့၌ ကျင်းပခဲ့သော အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး အကျဉ်းချုပ်အဖြစ် ထုတ်ပြန်ချက်ကို ကြာသပတေးနေ့က ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန် ပရာမတ်ဝီနိုင်းက ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့ခြင်းအပါအဝင် မြန်မာနိုင်ငံဆီ မကြာသေးခင်က လာရောက်သည့် ခရီးစဉ်အား အာဆီယံအစည်းအဝေး၌ တင်ပြခဲ့သည်။ ထိုင်းနိုင်ငံသည် မြန်မာစစ်ကောင်စီနှင့် ဆွေးနွေးပွဲများကို အားပေးလျက်ရှိကြောင်း ဒွန်က အလေးအနက်ထား ပြောဆိုရာ အင်ဒိုနီးရှားနှင့် အခြားသော အာဆီယံအဖွဲ့ဝင်နိုင်ငံများက စစ်ကောင်စီအပေါ် တင်းမာစွာ ရပ်တည်လျက်ရှိခြင်းနှင့် တမူကွဲစေသည်။

မြန်မာအရေးတွင် ထိုင်းနိုင်ငံ၏ “မကြာသေးခင် လှုပ်ရှားဆောင်ရွက်မှုများ” သည် “အပေါင်းလက္ခဏာဆောင်သော တိုးတက်မှုများ” အဖြစ် အာဆီယံနိုင်ငံ တော်တော်တော်များများက ရှုမြင်ကြောင်း ပူးတွဲထုတ်ပြန်ချက်၌ မှတ်ချက်ချထားရာ ယင်းအရေးတွင် ကွဲလွဲမှုလည်း ရှိနေသည်ကို ထင်သာမြင်သာ ရှိစေသည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် ဒွန်တို့ တွေ့ဆုံဆွေးနွေးခဲ့ခြင်းကို အထူးတလည် ပြောဆိုထားသည်တော့ မရှိပေ။

သံတမန်ရေး အားထုတ်မှုများသည် “အာဆီယံဥက္ကဋ္ဌနှင့် ညှိနှိုင်းလုပ်ဆောင်မှု” ရှိသင့်သည်ဟု ထုတ်ပြန်ချက်၌ အလေးထား ဆိုထားရာ ထိုင်းနိုင်ငံအား အာဆီယံ၏ ခေါင်းဆောင်မှုကို လေးစားရန် သတိပေးခြင်း ဖြစ်ဟန်ရှိသည်။

အာဆီယံအဖွဲ့ဝင်များသည် ဒီမိုကရေစီ လိုလားသော ပြည်သူများကို အကြမ်းဖက်နေသည့် မြန်မာစစ်တပ်၏ လုပ်ရပ်မျာကို ထပ်မံရှုတ်ချခဲ့သည်။

အကြမ်းဖက်မှုများ ရပ်တန့်ရေးကဲ့သို့ မြန်မာနှင့် သဘောတူထားသော “သဘောတူညီချက် ငါးရပ်” အကောင်အထည်ဖော်မှုအပေါ် အာဆီယံအနေဖြင့် ဆန်းစစ်သွားမည်ဖြစ်ကာ တွေ့ရှိချက်ကို အာဆီယံထိပ်သီးအစည်းအဝေးသို့ တင်ပြသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်၌ ဆိုထားသည်။

(မိုးသဲ ဘာသာပြန်သည်။)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required