ဝေါမြို့နယ် အမတ် ဦးမောင်ဒီ ကျိုက်စကောထောင်မှ ပဲခူးဆေးရုံသို့ ပို့ဆောင်ထားရ

By ရွှေနွယ်( မဇ္ဈိမ )
14 July 2023
ဝေါမြို့နယ် အမတ် ဦးမောင်ဒီ ကျိုက်စကောထောင်မှ ပဲခူးဆေးရုံသို့ ပို့ဆောင်ထားရ

ပဲခူးတိုင်းအရှေ့ခြမ်း ဝေါမြို့နယ်၏ ၂၀၂၀ ခုနှစ်ရွေးကောက်ပွဲအနိုင်ရ တိုင်းဒေသကြီးအမှတ် (၁) လွှတ်တော်ကိုယ်စားလှယ် ဦးမောင်ဒီသည် ကျိုက်စကောအကျဉ်းထောင်တွင် အကျဉ်းကျနေရာမှ ကျန်းမာရေးအခြေအနေဆိုးဝါးလာသဖြင့် ပဲခူးဆေးရုံသို့ ပို့ဆောင်ထားရကြောင်း ဦးမောင်ဒီနှင့်နီးစပ်သည့်အသိုင်းအဝိုင်းမှ သိရသည်။

ကျိုက်စကောထောင်၏ ထောင်ဆေးရုံအုပ်မှ ပြီးခဲ့သည့် ဇူလိုင် ၆ ရက်နေ့တွင် မိသားစုထံသို့ " ဦးမောင်ဒီအား ဇူလိုင်လ ၇ ရက်နေ့တွင် ပဲခူးဆေးရုံသို့ပို့ဆောင်မည်" ဖြစ်ကြောင်း အကြောင်းကြားလာခြင်းဖြစ်သည်ဟု သိရသည်။

"လက်ရှိ ပဲခူးဆေးရုံမှာ ဆေးကုသမှုခံနေရဆဲပါ။ ဆေးရုံရောက်တော့ အူတွေက ပုပ်တောင်နေပြီပြောတယ်၊ တန်းပြီးခွဲစိတ်ရတယ်။ အလုံးတွေ့တယ်တဲ့။ ၁၀ ရက်အကြာမှာ ရောဂါရဲ့အခြေအနေ ဘာရောဂါဆိုတာ သိရမယ်ပြောတယ်။ အူမကြီးကင်ဆာဖြစ်နိုင်ခြေရှိတယ်လို့လည်း သိထားရပါတယ်” ဟု ဝေါမြို့နယ် အမှတ်(၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ရီရီထိုက်မှ မဇ္ဈိမကို ပြောသည်။

ဦးမောင်ဒီသည် ယခင်က ရောဂါအခံများရှိသည်ဟု မကြားဖူးကြောင်းနှင့် အကျဉ်းကျပြီးနောက်ပိုင်းမှ ယခုကဲ့သို့ ကျန်းမာရေးဆိုးဝါးခြင်းဖြစ်ကြောင်းလည်း ဒေါ်ရီရီထိုက်က ပြောသည်။

ဦးမောင်ဒီသည် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဇူလိုင်လ ၂ ရက်နေ့က ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး ပုဒ်မ ၅၀၅ (က) နှင့်အတူ မတရားအသင်း ဆက်သွယ်ရေးအက်ဥပဒေပုဒ်မ ၁၇ (၂) တို့ဖြင့် တရားစွဲဆိုခံရကာ ထောင်ဒဏ်ချမှတ်ခံထားရခြင်းဖြစ်သည်။

ဦးမောင်ဒီ၏ နောက်ဆက်တွဲ ကျန်းမာရေးအခြေအနေများနှင့်ပတ်သက်၍ မဇ္ဈိမအနေဖြင့် ဆက်လက်စုံစမ်းနေသည်။

လူ့အခွင့်အရေးချိုးဖောက်မှု မှတ်တမ်းများကောက်ယူရေးအဖွဲ့ (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်) (National League for Democracy – Human Rights Documentary Team) (NLD-HRDT) မှ ပြုစုထားသည့် စာရင်းအချက်အလက်များအရ  စစ်အာဏာသိမ်းပြီးချိန်မှစတင်ကာ၂၀၂၃ ခုနှစ် မေလ ၃၁ ရက်နေ့အထိ စစ်အာဏာသိမ်းမှုကိုဆန့်ကျင်သောကြောင့် လွှတ်တော်ကိုယ်စားလှယ် ၇၇ ဦး အပါအဝင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင် ၁,၂၀၀ ဦးအား စစ်ကောင်စီမှ ဖမ်းဆီးထိန်းသိမ်းထားကြောင်း သိရသည်။

ထိုသို့ဖမ်းဆီးထားစဉ်အတွင်းနှင့် အကြောင်းမဲ့ သတ်ဖြတ်ခံရသူ ၃,၈၁၈ ဦးရှိသည့်အနက် ထိုအထဲတွင်လွှတ်တော်ကိုယ်စားလှယ် နှစ်ဦးအပါအဝင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီဝင် ၉၃ ဦး ပါဝင်ကြောင်း NLD-HRDT၏ အချက်အလက်များအရ သိရသည်။

ပဲခူးတိုင်း ဒိုက်ဦးမြို့ရှိ ကျိုက်စကောအကျဉ်းထောင်သည် ယခုလပိုင်းအတွင်းတွင် နိုင်ငံရေးအကျဉ်းသားများအား ထောင်တွင်းဖိနှိပ် နှိပ်စက်မှုများနှင့်အတူ အကျဉ်းသားသတ်ဖြတ်ခံရမှုများလည်းရှိနေသည့် အကျဉ်းထောင်ဖြစ်သည်။

ပြီးခဲ့သည့် ဇွန်လ ၂၇ ရက်နေ့တွင် ထောင်ပြောင်းရန် ဟုဆိုကာ အကျဉ်းသား ၃၇ ဦးအား ကျိုက်စကောထောင်အတွင်းမှ ခေါ်ထုတ်သွားပြီးနောက် ဇူလိုင်လ ၇ ရက်နေ့နှင့် ၈ ရက်နေ့တို့တွင် ခေါ်ထုတ်သွားခံရသူများအနက်မှ ကိုခန့်လင်းနိုင်နှင့် ကိုပြည့်ဖြိုးဟိန်းတို့၏ မိသားစုများထံသို့ သေဆုံးကြောင်း အကြောင်းစာများ ရောက်ရှိလာခဲ့သည်။

၂၀၂၃ ခုနှစ် မေလမှစတင်ကာ လက်ရှိအချိန်အထိ ဒိုက်ဦးထောင်တွင် စစ်ကောင်စီတပ်၏ စစ်ဆေးခံရသူ ၇၀ ကျော်ရှိနေပြီး စစ်ကြောရေးတွင် ကိုသန့်ဇင်ဝင်းအပါအဝင် ရှစ်ဦးသေဆုံးကာ သာယာဝတီထောင်သို့ ပြောင်းရွှေ့မည်ဟုဆိုကာ ခေါ်ထုတ်ပစ်သတ်ခံရသူ ၁၄ ဦးအထိရှိကြောင်း ဒိုက်ဦးအကျဉ်းထောင်နှင့် နီးစပ်သူတစ်ဦးမှ မဇ္ဈိမသို့ပြောဆိုထားသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required