လေကြောင်းတိုက်ခိုက်မှုများကြောင့် ထိုင်းဘက်သို့ ကရင်နီပြည်သူ ၃,၀၀၀ ကျော် ထွက်ပြေး

လေကြောင်းတိုက်ခိုက်မှုများကြောင့် ထိုင်းဘက်သို့ ကရင်နီပြည်သူ ၃,၀၀၀ ကျော် ထွက်ပြေး
EPA-EFE

စစ်ကောင်စီတပ်နှင့် ကရင်နီတပ် KA တို့ကြား ဗုဒ္ဓဟူးနေ့က တိုက်ပွဲများကြောင့် ထိုင်းနိုင်ငံ မယ်ဟောင်ဆန်ပြည်နယ်သို့ ကရင်နီပြည်သူ ၃,၀၀၀ ကျော်ထက်မနည်း နယ်စပ်ဖြတ်ကျော် ထွက်ပြေးခိုလှုံကြသည်။

စစ်ကောင်စီတပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်များကြား ထိပ်တိုက် တိုက်ပွဲများက ကြာသပတေးနေ့အထိ ဆက်လက်ဖြစ်ပွားနေသည်ဟု နယ်စပ်ရင်းမြစ်တစ်ရပ်က ပြောသည်။

ဗုဒ္ဓဟူးနေ့ ည ၇ နာရီဝန်းကျင်တွင် မောင်းခရိုင်၏ တစ်ဖက် နယ်စပ်တစ်လျှောက်၌ စစ်ကောင်စီတပ်များက လေကြောင်းတိုက်ခိုက်မှုများ ဆင်နွှဲကြောင်း သိရသည်။

လွိုင်ကော်ရှိ စစ်ဘေးရှောင်စခန်းအပြင် ပစ်မှတ်များကို အနည်းဆုံး ခြောက်ကြိမ် လေကြောင်းတိုက်ခိုက်သည့်နောက်တွင် ကရင်နီပြည်သူ ၃,၃၃၁ ဦး နယ်စပ်ဖြတ်ကျော်ကာ မယ်ဟောင်ဆန်သို့ ခိုလှုံလာကြကြောင်း သတင်းရင်းမြစ်က ပြောသည်။

ခိုလှုံလာသော ကရင်နီပြည်သူများကို စေတနာ့ဝန်အဖွဲ့တစ်ရပ်နှင့် စစ်သားများက ကြီးကြပ်ထားမည်ဖြစ်ပြီး အခြေအနေ ကောင်းမွန်လာပါက အားလုံးကို ပြန်လည်ပို့ဆောင်မည်ဖြစ်ကြောင်း သိရသည်။

ကရင်နီပြည်နီမှ နိုင်ငံရေးအဖွဲ့အစည်းဖြစ်သော ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) သတင်းရင်းမြစ်တစ်ရပ်က လေကြောင်းတိုက်ခိုက်မှုများကြောင့် ထိုင်းဘက်သို့ ပြည်သူ ၅,၀၀၀ ကျော်ထက်မနည်း ခိုလှုံရန် ကြိုးစားကြသည်ဟု ပြောသည်။ တိုက်ခိုက်မှုအတွင်း တစ်ဦးသေဆုံးပြီး ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း သိရသည်။

ကြာသပတေးနေ့တွင် ထိုင်းနယ်စပ်အာဏာပိုင်များအနေဖြင့် ဆက်သွယ်ရေးဖျက်စက်များကြောင့် လေကြောင်းတိုက်ခိုက်မှု နောက်ထပ်သတင်းနှင့် မြေပြင်အခြေအနေကို သိရှိရခြင်း မရှိပေ။

ထိုင်းဘက် စစ်စခန်းတစ်ခုအနီးက KA အမာခံနယ်မြေတစ်ခုကို လေကြောင်းတိုက်ခိုက်မှုသစ်များ ဆင်နွှဲရန် စစ်ကောင်စီတပ်က ပြင်ဆင်နေကြောင်း သတင်းရင်းမြစ်က ဆိုသည်။ အဆိုပါ ထိုင်းစခန်းမှ စစ်သားများက လုံခြုံရေးတပ်လှန့်အနေအထား ရှိနေသည်။

ဇူလိုင် ၆ ရက်၌ KA နှင့် စစ်ကောင်စီတပ်များကြား တိုက်ပွဲများမှ လွတ်မြောက်ရန် မယ်ဆာရီအန်းဒုက္ခသည်စခန်းများသို့ မြန်မာဒုက္ခသည် ၅,၀၀၀ ကျော်ထက်မနည်း ထွက်ပြေးခိုလှုံလာကြပြီးနောက် ယခု နယ်စပ်တင်းမာမှုများ ထပ်မံဖြစ်ပွားခြင်း ဖြစ်သည်။

(မိုးသဲ ဘာသာပြန်သည်။)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required