အာဆီယံနိုင်ငံခြားရေးဝန်ကြီးများက မြန်မာအကြမ်းဖက်မှုများကို ထပ်မံရှုတ်ချ

အာဆီယံနိုင်ငံခြားရေးဝန်ကြီးများက မြန်မာအကြမ်းဖက်မှုများကို ထပ်မံရှုတ်ချ
Photo-AFP

အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံ၏ စည်းလုံးမှုအတွက် စမ်းသပ်မှုဖြစ်နေသော အရှိန်မြင့် ဖြစ်ပွားနေသည့် မြန်မာနိုင်ငံက အကြမ်းဖက်မှုများကို အာဆီယံနိုင်ငံခြားရေးဝန်ကြီးများက ကြာသပတေးနေ့တွင် ထပ်မံရှုတ်ချခဲ့ကြသည်။

၁၀ နိုင်ငံပါ အာဆီယံ၏ အဖွဲ့ဝင်ဖြစ်သည့် မြန်မာနိုင်ငံသည် ၂၀၂၁ အစောပိုင်း၌ စစ်အာဏာသိမ်းပြီး ဒီမိုကရေစီ လိုလားသော အတိုက်အခံများကို သွေးထွက်သံယို ဖြိုခွင်းမှုများနောက် တော်လှန်ရေးအဖွဲ့များနှင့် တိုင်းရင်းသားလူနည်းစုတပ်များ၏ လက်တုံ့ပြန် တိုက်ခိုက်ခြင်းများဖြင့် တိုက်ပွဲများ ဖြစ်ပွားနေသည်။

“လေကြောင်းတိုက်ခိုက်မှုများ၊ လက်နက်ကြီး ပစ်ခတ်မှုများနှင့် ပြည်သူပိုင်အဆောက်အအုံများအား ဖျက်ဆီးခြင်းအပါအဝင် ဆက်လက်ဖြစ်ပွားနေသော အကြမ်းဖက်မှုများကို မိမိတို့ အပြင်းအထန် ရှုတ်ချသည်”ဟု မည်သည်ကြောင့် နောက်ကျမှန်း မသိရသည့် ကြာသပတေးနေ့ နှောင်းပိုင်းမှ ထုတ်ပြန်လာသော ပူးတွဲကြေညာချက်တွင် အာဆီယံ ထိပ်တန်းသံတမန်များက ဆိုထားသည်။

မြန်မာနိုင်ငံက အရှိန်မြင့်ဖြစ်ပွားနေသော အကြမ်းဖက်မှုများကို ကိုင်တွယ်ဖြေရှင်းရာ၌ စည်းလုံးကြရန် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများကို အစည်းအဝေး၏ သဘာပတိ အင်ဒိုနီးရှားက ဗုဒ္ဓဟူးနေ့တွင် တိုက်တွန်းထားသည်။

မြန်မာစစ်ခေါင်းဆောင်များသည် အာဏာသိမ်းပြီးနောက် ကာလတိုအတွင်း သဘောတူခဲ့သော အကြမ်းဖက်မှုများ ရပ်တန့်ရေးနှင့် ကျယ်ပြန့်သော ဆွေးနွေးပွဲများ ပြုလုပ်ရေးတို့ကို တောင်းဆိုထားသည့် ငြိမ်းချမ်းရေး အစီအစဉ် ငါးရပ်ကို အကောင်အထည်ဖော်ရန် မျက်ကွယ်ပြုထားသည်။ ပိုမို ပြင်းပြင်းထန်ထန် ရှုတ်ချရန်အတွက် မလေးရှားက တိုက်တွန်းထားသည်။

“မဆင်မခြင် အကြမ်းဖက်မှု ချက်ချင်းရပ်တန့်ရေး၊ လူသားချင်း စာနာထောက်ထားမှု အကူအညီများ ပေးပို့နိုင်အောင် ဖန်တီးပေးရေးနှင့် အပြန်အလှန် ဆွေးနွေးပွဲများ ပေါ်ပေါက်ရေးတို့အတွက် အားလုံးသော သက်ဆိုင်သူများအနေဖြင့် ကြိုးပမ်းဖော်ဆောင်ရန်” ကိုလည်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးများက တိုက်တွန်းကြသည်။

အရှေ့တောင်အာရှဒေသ၏ အင်အားကြီးထွားလာသော အိမ်နီးချင်း တရုတ်နှင့် အာဆီယံအဖွဲ့အချို့ ရေပိုင်နက် အငြင်းပွားနေရသော တောင်တရုတ်ပင်လယ်အရေးကိုလည်း နိုင်ငံခြားရေးဝန်ကြီးများက ဆွေးနွေးခဲ့ကြသည်။

(မိုးသဲ ဘာသာပြန်သည်။)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required