အနောက်ဖိလစ်ပိုင်ပင်လယ်ဆိုင်ရာ အနုညာတစီရင်ဆုံးဖြတ်ချက်ကို ထောက်ခံကြောင်း ဥရောသမဂ္ဂအဖွဲ့ဝင် နိုင်ငံများ ထပ်မံအတည်ပြု

အနောက်ဖိလစ်ပိုင်ပင်လယ်ဆိုင်ရာ အနုညာတစီရင်ဆုံးဖြတ်ချက်ကို ထောက်ခံကြောင်း ဥရောသမဂ္ဂအဖွဲ့ဝင် နိုင်ငံများ ထပ်မံအတည်ပြု

ဖိလစ်ပိုင်နိုင်ငံရှိ ဥရောပသမဂ္ဂ ကိုယ်စားလှယ်အဖွဲ့နှင့် ဥရောပသမဂ္ဂ(EU) အဖွဲ့ဝင် ၂၇ နိုင်ငံအနက်မှ ၁၆ နိုင်ငံသည် ဇူလိုင် ၁၁ ရက်တွင် ပူးတွဲကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီး အနောက်ဖိလစ်ပိုင်ပင်လယ် ဆိုင်ရာ ဖိလစ်ပိုင်နိုင်ငံ၏ ရပိုင်ခွင့် အခွင့်အရေးများကို အသိအမှတ်ပြုသည့် အမြဲတမ်းခုံသမာဓိရုံး၏ ၂၀၁၆ စီရင်ဆုံးဖြတ်ချက်ကို ထောက်ခံကြောင်း ထပ်မံ အတည်ပြုလိုက်သည်။

တရုတ်က တစ်ဖက်သတ် သတ်မှတ်ထားသော  ရေပိုင်နက်သတ်မှတ်မျဉ်း (nine-dash-line) ကို အသုံးပြု၍ ပိုင်နက်အငြင်းပွားတောင်းဆိုမှုအား ပယ်ချခဲ့သည့် အဆိုပါ စီရင်ဆုံးဖြတ်ချက်သည် ဇူလိုင်လ ၁၂ ရက်တွင် ၇ နှစ် ပြည့်မြောက်ခဲ့ပြီ ဖြစ်သည်။
 
ယင်းအမှုကို ဖိလစ်ပိုင်က ဘန်နစ်ဂ်နိုအကွီနို(၃) အစိုးရ လက်ထက် ၂၀၁၃ ခုနှစ်တွင် တရားစွဲဆိုခဲ့ခြင်း ဖြစ်ပြီး ရိုဒရီဂို ဒူတာတေး အစိုးရ လက်ထက် ၂၀၁၆ ခုနှစ်တွင် အဆိုပါ စီရင်ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့ခြင်း ဖြစ်သည်။ ထိုစီရင်ဆုံးဖြတ်ချက်ကို အသိအမှတ်ပြု လက်ခံရန် တရုတ်က ငြင်းဆိုထားသည်။ 

ယင်းကြေညာချက်ကို သံရုံးများတစ်ဆင့် ဇူလိုင်လ ၁၁ ရက်တွင် ထုတ်ပြန်ခဲ့သည့် နိုင်ငံများမှာ ဘယ်လ်ဂျီယံ၊ ချက်၊ ဒိန်းမတ်၊ ဂျာမနီ၊ အိုင်ယာလန်၊ ဂရိ၊ စပိန်၊ ပြင်သစ်၊ အီတလီ၊ နယ်သာလန်၊ ပိုလန်၊ သြစတြီးယား၊ ရိုမေးနီးယား၊ စလိုဗက်ကီးယား၊ ဖင်လန်နှင့် ဆွီဒင်နိုင်ငံတို့ ဖြစ်သည်။ ၎င်းတို့၏ ကြေညာချက် အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်သည်။

တောင်တရုတ်ပင်လယ်အရေးနှင့်ပတ်သက်၍ တရုတ်နိုင်ငံအပေါ် ဖိလစ်ပိုင်နိုင်ငံ၏ တိုင်ကြားချက်ကို အနုညာတစီရင်ဆုံးဖြတ်ရာတွင် ကုလသမဂ္ဂ ပင်လယ်ဥပဒေဆိုင်ရာ ကွန်ဗင်းရှင်း(UNCLOS)ပါ နောက်ဆက်တွဲ (၇)အရ ဖွဲ့စည်းထားသော ခုံရုံးက ချမှတ်ခဲ့သည့် စီရင်ဆုံးဖြတ်ချက်သည် ဇူလိုင်လ ၁၂ ရက်တွင် (၇) နှစ်မြောက် နှစ်ပတ်လည်သို့ ရောက်ရှိခဲ့ပြီ ဖြစ်သည်။ 

UNCLOS တွင် ပြဋ္ဌာန်းထားသည့် အငြင်းပွားမှုဖြေရှင်းရေး ယန္တရားများသည် တရားဥပဒေစိုးမိုးမှုကို အခြေခံသော နိုင်ငံတကာစည်းမျဉ်းအား ထိန်းသိမ်း မြှင့်တင်ရာတွင် အထောက်အကူဖြစ်စေပြီးအငြင်းပွားမှုများကို ဖြေရှင်းရန် မရှိမဖြစ်လိုအပ်ကြောင်း ဥရောပသမဂ္ဂက ထပ်မံပြောကြားလိုသည်။

အနုညာတခုံရုံး၏ ဆုံးဖြတ်ချက်သည် အရေးပါသော မှတ်တိုင်တစ်ခုဖြစ်ပြီး ယင်းတရားစွဲဆိုမှုများတွင် ပါဝင်သည့် အမှုသည်များအပေါ် တရားဝင်စည်းနှောင်မှု ရှိသည့်အပြင် ၎င်းတို့အကြား အငြင်းပွားမှုများကို ငြိမ်းချမ်းစွာ ဖြေရှင်းရာတွင် အသုံးဝင်သော အခြေခံအချက်ဖြစ်သည်။

ကုလသမဂ္ဂ ပင်လယ်ဥပဒေဆိုင်ရာ ကွန်ဗင်းရှင်း(UNCLOS) တွင် ပြဋ္ဌာန်းထားသော လွတ်လပ်ခွင့်များ၊ ရပိုင်ခွင့်များနှင့် တာဝန်များ အထူးသဖြင့် ရေကြောင်းသွားလာမှုနှင့် ဖြတ်ကျော်ပျံသန်းမှုဆိုင်ရာ လွတ်လပ်ခွင့်များ ကို လိုက်နာရန်မှာ အရေးပါသည့် အခြေခံအချက်ဖြစ်ကြောင်း ဥရောပသမဂ္ဂက ထပ်မံ ပြောကြားလိုသည်။ 

ဥရောပသမဂ္ဂ(EU) အနေဖြင့် ကုလသမဂ္ဂ ပင်လယ်ဥပဒေဆိုင်ရာ ကွန်ဗင်းရှင်း (UNCLOS)တွင် ပြဋ္ဌာန်းထားသည့် အတိုင်း အားလုံး၏အကျိုးစီးပွားအတွက် နိုင်ငံတကာဥပဒေနှင့်အညီ အင်ဒို-ပစိဖိတ်ဒေသတွင် ရေးကြောင်းသွားလာထောက်ပံ့ရေး လမ်းကြောင်းများ လွတ်လပ်၊ ပွင့်လင်း လုံခြုံစိတ်ချမှု ရရှိစေရန် သန္နိဋ္ဌာန်ချထားသည်။ 
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly