နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၁၃ ဇူလိုင် ၂၀၂၃)

By မဇ္ဈိမ 
13 July 2023
နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၁၃ ဇူလိုင် ၂၀၂၃)

အမျိုးသားညီညွတ်ရေး အစိုးရ
•    နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်ပြီး ထိုင်းနိုင်ငံခြားရေး ဝန်ကြီး ဒွန်ပရာမွတ် ဝီနိုင်း၏ ပြောကြားချက်မှာ နိုင်ငံရေး လုပ်ကြံမှု တစ်ခုဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က ပြောသည်။
•    စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်တွင် မူးယစ်ဆေးဝါး ရောင်းချသူ ၁ ဦးကို ကလေးမြို့နယ် ပြည်သူ့ ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ကြောင်း NUG အစိုးရ၏ စစ်ကိုင်းတိုင်း ပြည်ထဲရေး နှင့် လူဝင်မှု ကြီးကြပ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
•    အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေး နှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီး ဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးသည်  အမေရိကန် ပြည်ထောင်စုသို့ ရောက်ရှိနေပြီး  ဇူလိူင် ၁၁ ရက်တွင် ကယ်လီဖိုးနီးယား ပြည်နယ်မှ မြန်မာ မိသားစုများ နှင့် ရင်းရင်းနှီးနှီး တွေဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
•    အမျိုးသားညီညွတ်ရေးအစိုးရ၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ဒုဝန်ကြီး David Gum Awng က ပြီးခဲ့တဲ့ ဇွန်လအတွင်း အီတလီနိုင်ငံကို သွားရောက်ပြီး ပါးမားမြို့ နှင့် ရောမမြို့များတွင် မြို့တော်ဝန်၊ အစိုးရ တာဝန်ရှိသူများ လွှတ်တော်အမတ်များ အီတလီရောက် မြန်မာများ နှင့် တွေ့ဆုံခဲ့ပြီး လက်ရှိ မြန်မာနိုင်ငံ အခြေအနေ၊ တော်လှန်ရေး တိုးတက်အောင် မြင်မှုများ နှင့် အီတလီ-မြန်မာနှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်များကို တွေ့ဆုံ ဆွေးနွေးခဲ့သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်ပြန်ထားသည်။
•    အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟို ကော်မတီနှင့် မန္တလေးတိုင်း၊ မကွေးတိုင်းမှ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့များ တွေ့ဆုံ ဆွေးနွေးပွဲကို ဇူလိုင် ၁၂ ရက်၊ မွန်းလွဲ ၁ နာရီခန့်တွင် ပြုလုပ်ခဲ့ကြသည်။
•    PDF အမည်အသုံးပြုပြီး စီးပွားရေးသမားများကို ခြိမ်းခြောက်ငွေတောင်းမှုများ ပြုလုပ် နေသည်ဟု ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ဇူလိုင် ၁၁ ရက်က အသိပေး ထုတ်ပြန်လိုက်သည်။
တော်လှန်ရေး လှုပ်ရှားမှုများ
•    စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် မြောက်ခြမ်း သပိတ်အင်အားစုများ ဦးဆောင်ကာ ယနေ့ ဇူလိုင် ၁၃ ရက်တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
•    စစ်ကိုင်းတိုင်း၊ ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံ သပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဇူလိုင် ၁၃ ရက်တွင် ဖက်ဆစ်စစ်တပ် တော်လှန်ရေး ချီတက်ဆန္ဒပြခဲ့ကြောင်း သိရသည်။
•    စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်တွင် သွေးမအေးတဲ့ ရွှေနွယ်သွေး လူထုသပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဇူလိုင် ၁၃ ရက်တွင် စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
•    စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ သုံးဆင့်ကန်ရွာမှ ပြည်သူ ၁ ဦးကို အကြမ်းဖက် စစ်တပ်က မီးရှို့ သတ်ဖြတ်ပြီး နေအိမ် ၁၀၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဝက်လက်မြို့နယ် လူထု သပိတ်တိုက်ပွဲ ကော်မတီထံမှ သိရသည်။
•    စစ်ကိုင်းတိုင်း ၊ ခင်ဦးမြို့ပေါ်၊ အောင်မင်္ဂလာရပ်ကွက် အရှေ့ပိုင်းရှိ စစ်ကောင်စီတပ်စခန်းကို ဇူလိုင် ၁၁ ရက်၊ ည ၁၁ နာရီခွဲခန့်က ဒေသကာကွယ်ရေးတပ်ဖွဲ့များက ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦး သေဆုံးသွားကြောင်း Myanmar’s Royal Dragon Army (MRDA) စေတန်တပ်ခွဲက ပြောသည်။
•    စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တွင် ကျေးရွာများကို မီးရှို့ဖျက်ဆီးနေသည့် အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို ဇူလိုင် ၈ ရက်၊ နံနက် ၅ နာရီခွဲခန့်က ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက် ခဲ့ကြောင်း Joker SBDF ပကဖ အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
•    စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ သုံးဆင့်ကန်ရွာမှ ပြည်သူ ၁ ဦးကို ဇူလိုင် ၁၃ ရက်၊ နံနက် အစောပိုင်းတွင် အကြမ်းဖက် စစ်တပ်က မီးရှို့ သတ်ဖြတ်ပြီး နေအိမ် ၁၀၀ ကျော်ကို မီးရှို့ ဖျက်ဆီးခဲ့ကြောင်း ဝက်လက်မြို့နယ် လူထုသပိတ်တိုက်ပွဲကော်မတီထံမှ သိရသည်။
•    စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ အလုံမြို့ရှိ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) တပ်အတွင်း ကို ၁၀၇ မမ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၁ ဦး သေဆုံးပြီး စစ်ဗိုလ် အဆင့်ရှိသူ အပါအဝင် ၉ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း ပြည်သူ့ ကာကွယ် ရေးအဖွဲ့- မုံရွာမြို့နယ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
•    စစ်ကိုင်းတိုင်း၊ ယင်မာပင်မြို့နယ်၊ မြို့ကြီးရွာကို ဇူလိုင် ၁၂ ရက်၊ ညနေ ၄ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်က Mi-35 ရဟတ်ယာဥ်ဖြင့် ပစ်ခတ်ပြီး စစ်ကြောင်းက ကျေးရွာကို ဝင်ရောက်မီးရှို့နေကြောင်း ဒေသခံ ပြည်သူများက ပြောသည်။
•    စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ ခွက်ခွင်းကျေးရွာထိပ်ရှိ ဇရပ်အနီး ယနေ့ ဇူလိုင် ၁၃ ရက်၊ နံနက် ၄ နာရီခွဲခန့်က နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုဖြစ်ပြီး  တိုက် ပွဲပြင်းထန်ခဲ့ရာ အကြမ်း ဖက်စစ်သား ၃၀ ခန့် မျက်မြင်သေဆုံးသွားကြောင်း ကျောက်ဆည်ခရိုင် တပ်ရင်း ၁ (နဂါးနီ တပ်ရင်း) မှ ဒုတပ်ရင်းမှူးဆရာလေးက ပြောသည်။
•    စစ်ကိုင်းဖိုရမ် ဖြစ်မြောက်ရေးအဖွဲ့၏ အစည်းအဝေး ဆုံးဖြတ်ချက်နှင့်အညီ စစ်ကိုင်းဒေသ အတွင်း စစ်ဘေးဒဏ်ခံစားနေရသည့် ဒေသပြည်သူများကို ကူညီကယ်တင်နိုင်ရန် စစ်ကိုင်းဖိုရမ် စစ်ကိုင်းပြည်သူ့ ဖေးမကူ ကွန်ရက် ကို ဖွဲ့စည်းလိုက်ကြောင်း စစ်ကိုင်းဖိုရမ်၏ ပြောခွင့်ရပုဂ္ဂိုလ် ကိုစိုးဝင်းဆွေက ပြောသည်။
•    ၂၀၂၃ ခုနှစ် ပထမခြောက်လ အတွင်း၌ ရန်ကုန်မြို့ပြတော်လှန်ရေး မြေပေါ်မြေအောက်ရဲဘော် ၁၀၀ ကျော် ဖမ်းဆီးခံရကြောင်း ရန်ကုန်တော်လှန်ရေးအင်အားစုတစ်ခုထံမှ သိရသည်။
•    မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ဖလံအို စံပြကျေးရွာကို ဇူလိုင် ၁၂ ရက်တွင် အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးမှုကြောင့် ပြည်သူပိုင် နေအိမ် ၃၀ ကျော် ပြာကျခဲ့ကြောင်း ဒေသခံပြည်သူများက ပြောသည်။
•    မကွေးတိုင်း၊ ဆော-ကျောက်ထုလမ်းပိုင်းကို ဖြတ်သန်းသွားလာခြင်း မပြုလုပ်ကြရန် ဂန့်ဂေါခရိုင် အမှတ် (၁၃) တပ်ရင်းက ထုတ်ပြန်လိုက်သည်။
•    မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့လက်ဝှေ့ ချန်ပီယံ ဖြစ်ခဲ့ဖူးသည့် မြန်မာ့ရိုးရာ လက်ဝှေ့ကျော် တူးတူး (နဂါးမာန်) သေဆုံးသွားပြီ ဖြစ်ကြောင်း ယနေ့ ဇူလိုင် ၁၃ ရက်က မြို့နယ်ရဲစခန်းကနေ မိသားစုကို ခေါ်ယူအတည်ပြု လက်မှတ်ရေးထိုးစေခဲ့သည်ဟု မိသားစုနဲ့ နီးစပ်သူ တစ်ဦး၏ ပြောဆိုချက်ကို ကိုးကားပြီး မဲခေါင်သတင်းဌာနတွင် ဖော်ပြထားသည်။
•    မန္တလေးမြို့ပေါ်က စစ်ကောင်စီတပ်စခန်းများကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့သည့် နတ်ဆိုး မြေအောက်တော်လှန်ရေး အဖွဲ့ခေါင်းဆောင်  ဖမ်းဆီးခံလိုက်ရသည်ဟု တော်လှန်ရေး အဖွဲ့အချို့ထံမှ သိရသည်။
•    ဧရာဝတီတိုင်း၊ ကြံခင်းမြို့နယ်တွင် စကြဝတေးမင်းကြီး သပိတ် ကော်မတီက ယနေ့ ဇူလိုင် ၁၃ ရက်တွင် စစ်အာဏာရှင် တော်လှန်ရေး ဆန္ဒပြခဲ့ကြောင်း သိရသည်။
•    တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ ဇဟာကျေးရွာအနီးရှိ ရေး-ထားဝယ် ပြည်ထောင်စုလမ်းမကြီး ပေါ်၌ ဇူလိုင် ၁၂ ရက်၊ ညနေပိုင်းက စစ်ကားတစ်စီး ပစ်ခတ်ခံရပြီး အရာခံဗိုလ် အပါဝင် သုံးဦး သေဆုံးကြောင်း Dawei Guerrilla Revolutionary Force- DGRF အဖွဲ့ထံမှ သိရသည်။
•    တနင်္သာရီတိုင်း ၊ ထားဝယ်ခရိုင် ၊ လောင်းလုံးမြို့နယ်၊ ခမောင်းတောင်ရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ရမ်းသန်းပစ်ခတ်မှုကြောင့် ဒေသခံအသက် ၁၇ နှစ်ရွယ် အမျိုးသမီးတစ်ဦး သေဆုံးကာ အသက် ၁၁ နှစ်အရွယ် ကလေးငယ်တစ်ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံက သိရ သည်။
•    တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ မောင်းမကန် နယ်မြေရဲစခန်းကို ဇူလိုင် ၁၃ ရက်၊ နံနက် ၄ နာရီခန့်က အမည်မသိ သေနတ်သမားများက ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း ဒေသတွင်း သတင်ရင်းမြစ်များထံမှ သိရသည်။
•    ကရင်နီ (ကယား) ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်ရှိ စစ်ဘေးရှောင် ပြည်သူများကို ထိုင်းနိုင်ငံမှ မနန်းက လှူဒါန်းပေးမှုဖြင့် ကျေးလက်မြေအဖွဲ့ တာဝန်ခံ ဦးဇော်မင်းထိုက်က ယနေ့ ဇူလိုင် ၁၃ ရက်တွင် မုန့်ဟင်းခါး၊ အီကြာကွေး၊ စမူဆာ၊ ပဲလိပ် နှင့် ကောက်ညှင်းလိပ် တို့ကို သွားရောက် လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
•    ကရင်နီ (ကယား) ပြည်နယ်၊ ကျောက်ပဲညိုကျေးရွာကို ဇူလိူင် ၁၂ ရက်၊ ညနေပိုင်းတွင် စစ်ကောင်စီက တိုက်လေယာဥ်ဖြင့် ဗုံးကျဲမှု  ကြောင့် PDF တပ်ဖွဲ့ဝင်နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဖားဆောင် PDF တာဝန်ရှိသူတစ်ဦးက ပြောသည်။
•    အကြမ်းဖက်စစ်တပ်က အာဏာသိမ်းပြီးနောက် အရပ်သားပြည်သူများကို သတ်ဖြတ်လျက် ရှိရာမှာ ဇူလိုင် ၁၂  ရက်အထိ စာရင်းများအရ ကျဆုံးခဲ့ရသူ ၃၇၈၅ ဦးအထိ ရှိပြီ ဖြစ်သည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP)က ထုတ်ပြန်လိုက်သည်။
တိုင်းရင်းသား လက်နက်ကိုင်များ
•    ချင်းပြည်နယ်၊ တွန်းဇံမြို့ အထက ကျောင်း၌ ကင်းစောင့်နေသော စစ်သားများကို ဇူလိုင် ၁၃ ရက်၊ နံနက် ၁၀ နာရီခန့်တွင် ပစ်ခတ်တိုက်ခိုက်ရာ ၁ ဦး သေဆုံးပြီး ၆၀ မမ တစ်လက် အပါ အဝင် သေနတ် ၂ လက် သိမ်းဆည်းရရှိခဲ့ကြောင်း CDF-Tonzang တပ်ဖွဲ့မှ အထွေထွေအတွင်း ရေးမှူး ထန်ဆွန်းမုန်က ပြောသည်။
•    ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ချင်းကာကွယ်ရေးတပ်ဖွဲ့-ပလက်ဝမှ ပြီးခဲ့သည့် ရက်ပိုင်းက အသက်မပြည့်သေးသည့် ကျောင်းသူ/သားများအား အတင်းအဓ္ဓမ ဖမ်းဆီးခေါ်ဆောင်ခဲ့သည်ဟု ဆိုသည်မှာ သတင်းအမှားဖြစ်ကြောင်း CDF ပလက်ဝက ဇူလိုင် ၁၀ ရက်က သတင်းထုတ်ပြန် ထားသည်။
•    ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့မှာ ဇူလိုင် ၆ ရက်မှ ဇူလိုင် ၁၁ ရက်အထိ အကြမ်းဖက် စစ်ကောင်စီတပ်က အရပ်သား ၂၀ ဦးကို ဖမ်းဆီးခဲ့ပြီး ဖမ်းဆီးခံရသူများထဲက အများစုကို ထောင်ဒဏ်ချမှတ်မည်ဟု မိသားစုဝင်များကို စစ်တပ်ဘက်က ပြောဆိုကြောင်း ကရင်အမျိုးသားအစည်းအရုံးဗဟို (KNU) က သတင်းထုတ်ပြန်ထားသည်။
•    ကချင်ပြည်နယ်၊ လိုင်ဇာမြို့၊ KIA ဌာနချုပ်အနီး အကြမ်းဖက် စစ်တပ်၏ ရိက္ခာနှင့် လက်နက်များ သယ်ဆောင်လာသော စစ်ကြောင်းကို ဇူလိုင် ၁၂ ရက်၊ နံနက် ၁၀ နာရီခွဲခန့်က KIA က ကြားဖြတ်တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ထိခိုက် သေဆုံးသူ များပြားကြောင်း KIA သတင်း ရင်းမြစ်များထံမှ သိရသည်။
•    ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၊ ဒေါ့ဖုန်းယာန်မြို့နယ်ခွဲ၊ ခလားတောင်ဒေသ၌ ယနေ့ ဇူလိုင် ၁၃ ရက်၊ နံနက်ပိုင်းက ကချင်လွတ်လပ် ရေး တပ်မတော် (KIA) နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က သေဆုံးထိခိုက် များပြားခဲ့သည်ဟု ကချင်ဒေသ စစ်ရေး သတင်းရင်းမြစ်က ပြောသည်။
•    ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ သိုင်းငင်းရှိ စစ်ကောင်စီတပ်စခန်းကို တော်လှန်ရေး တပ်ဖွဲ့များ က စခန်းသိမ်းနိုင်ရန် တိုက်ခိုက်ရာ၌ ကျဆုံးခဲ့သည့် ရဲဘော် ၄ ဦးမှာ ချင်းကာကွယ်ရေးတပ် (CDF) နှင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) တပ်ဖွဲ့လေးဖွဲ့မှ ရဲဘော်များ ဖြစ်ကြောင်း တိုက်ပွဲ တွင် ပါဝင်ခဲ့သည့် CDF-CDM စီးယင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။
စစ်ကောင်စီ
•    ထိုင်းနိုင်ငံဒုတိယဝန်ကြီးချုပ် နှင့် နိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာ ဝီနိုင်း နှင့် ဒေါ်အောင်ဆန်း စုကြည်တို့သည် ဇူလိုင် ၉ ရက်က ၁ နာရီခွဲ နီးပါးခန့် တွေ့ဆုံ ဆွေးနွေးမှု ပြုလုပ်ခဲ့သည်ဟု စစ်ကောင်စီ သတင်းထုတ်ပြန်ရေး ခေါင်းဆောင် ဇော်မင်းထွန်းက ပြောသည်။
•    ဇူလိုင် ၁၉ ရက် အာဇာနည်နေ့တွင် ရန်ကုန်မြို့ရှိ အာဇာနည်ဗိမာန်၊ ဗိုလ်ချုပ်ပြတိုက် နှင့် အတွင်းဝန်ရုံး (ယခင် ဝန်ကြီးများရုံး)တို့ကို လာရောက်မည့် ပြည်သူများ အနေဖြင့် လက်ကိုင် ဖုန်း ယူဆောင်ခွင့် မပြုကြောင်း စစ်ကောင်စီသတင်းစာတွင် အသိပေး ကြေညာ ထားသည်။
•    စစ်ကောင်စီ လက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) နှင့် RCSS ကိုယ်စားလှယ်အဖွဲ့တို့ ဇူလိုင် ၁၂ ရက်က ပြုလုပ်သည့် ဆွေးနွေးပွဲ ဒုတိယနေ့အပြီးတွင် သဘောတူညီချက်များကို လက်မှတ်ရေး ထိုးခဲ့ကြောင်း သိရသည်။
•    ကုမ္ပဏီ ၁၀ ခု၏ နိုင်ငံခြားငွေများ ဝယ်ယူရောင်းချလဲလှယ်ပေးခွင့် လိုင်စင်ရုပ်သိမ်း လိုက် သည်ဟု စစ်ကောင်စီ လက်အောက်ခံမြန်မာနိုင်ငံတော် ဗဟိုဘဏ်က ဇူလိုင် ၁၂ ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။
•    ယခုဘဏ္ဍာနှစ် သုံးလအတွင်း ထိုင်းနိုင်ငံကို ပြောင်းဖူးတန်ချိန် ၆၃၇၆၆ တန် တင်ပို့ထားပြီး အမေရိကန်ဒေါ်လာ သန်း ၂၀ နီးပါး ရရှိထားသည်ဟု စစ်ကောင်စီ လက်အောက်ခံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။
•    မွန်ပြည်နယ် ၊ ကျိုက်ထိုမြို့နယ် ၊ သိမ်ဇရပ်မြို့၊ သိမ်ဇရပ် ရဲစခန်းမှ ဒုရဲအုပ် မျိုးသီဟသည် ဇူလိုင် ၁၂ ရက်တွင် အရက်မူး၍ ကားမောင်းရာ စစ်တောင်း တံတားအဟောင်းထိပ်တွင် ဆိုင်ကယ် စီး လာသည့် မိသားစု ၃ ဦးကို တိုက်မိခဲ့ပြီးနောက် သေနတ်ဖောက် ရမ်းကား၍ ထွက်ခွာသွား ကြောင်း ဒေသခံပြည်သူများ ထံမှ သိရသည်။
ဇူလိုင် ၁၃ ရက် သုံးသပ်ချက်
•    စစ်ကောင်စီမှဒေါ်လာ လိုအပ်ချက်များနေသည့်အတွက် နိုင်ငံခြားငွေလဲလှယ်ရေးလုပ်ငန်းများကို အကြောင်းပြချက်မျိုးစုံဖြင့် နှိပ်ကွပ်ကာ လိုင်စင်ပိတ်သိမ်းပြီး ဒေါ်လာဈေးကွက်ကို ချုပ်ကိုင်ထား ခြင်းဖြစ်သည်။
•    စစ်ကောင်စီသည် မြေပြင်တွင် အထိနာနေသည့်အတွက် လေယာဉ်ကိုသာ အားထားတိုက်ခိုက် နေရသည့် အနေအထားကိုရောက်နေသည်။ယင်းကြောင့် တိုက်ပွဲများတွင် လေယာဉ်ပစ်ကူ မရ ရှိလျှင် စစ်ကောင်စီတပ်များ ပို၍ အထိနာဖွယ်ရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly