တွန်းဇံမြို့ အ.ထ.က ကျောင်းတွင် တပ်စွဲထားသည့်စစ်တပ်တိုက်ခိုက်ခံရပြီးသေဆုံးမှုရှိ

By ပါခွီး (မဇ္စျိမ)
13 July 2023
တွန်းဇံမြို့ အ.ထ.က ကျောင်းတွင် တပ်စွဲထားသည့်စစ်တပ်တိုက်ခိုက်ခံရပြီးသေဆုံးမှုရှိ

ချင်းပြည်နယ်၊ တွန်းဇံမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်တိုက်ခိုက်ခံရပြီး တစ်ဦးသေဆုံးကာ သေနတ်နှစ်လက်သိမ်းဆည်းရမိခဲ့ကြောင်း CDF – Ton Zang ကထုတ်ပြန်သည်။

စစ်ကောင်စီတပ်အင်အား ၁၀ ဦးခန့်ဖြင့်တပ်စွဲထားသည့် အဆိုပါကျောင်းကို ဇူလိုင်လ ၁၃ ရက်၊ ၁၀ နာရီခန့်တွင် ကျောင်းသား၊ ကျောင်းသူများ ကျောင်းတက်နေသည့်အချိန်၌ ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“ ကျနော်တို့က အဲဒီစာသင်ကျောင်းမှာတပ်မစွဲဖို့ ဗုံးခွဲပြီးသတိပေးထားပြီးပြီ။ အဲဒီအပြင် စစ်ကောင်စီရဲ့ ပညာရေးမှူးကလည်း ကျနော်တို့ကိုစိန်ခေါ်ထားတဲ့အတွက် ဝင်တိုက်ခဲ့တာပါ ” ဟု CDF – Ton Zang ပြောရေးဆိုခွင့်ရှိသူ ထန်ဆွင်းမုန် မဇ္စျိမသို့ပြောသည်။

တိုက်ပွဲဖြစ်ပွားချိန် ၁၅ မိနစ်အချိန်အတွင်း စစ်ကောင်စီတပ်သားတစ်ဦးသေဆုံးပြီး ကျန်တပ်သားများထွက်ပြေးသွားကြကာ ၎င်းတို့ကိုင်ဆောင်သည့် မောင်းပြန်တစ်လက်နှင့် ၆၀ မမ တစ်လက် သိမ်းခဲ့ခြင်းဖြစ်ကြောင်းဆိုသည်။

အဆိုပါစစ်ကောင်စီတပ်သားများသည် နေ့ခင်းပိုင်းကျောင်းဖွင့်ချိန်သာ လာရောက်စောင့်ဆိုင်းနေခြင်းဟု ထန်ဆွင်းမုန်ကဆိုသည်။

ထို့ကြောင့် အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့ရခြင်းဖြစ်ပြီး စစ်ကောင်စီတပ်သားများမှလွဲ၍ အခြားထိခိုက်သူမရှိခဲ့ဟုလည်းပြောသည်။

ချင်းကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်များသည် စစ်ကောင်စီတပ်သားများကို ကျောင်းခန်းများအတွင်း လိုက်လံရှာဖွေခဲ့ပြီး ထပ်မံမတွေ့ရှိရသောကြောင့် အထိအခိုက်မရှိပြန်လည်ဆုတ်ခွာခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

ပစ်ခတ်မှုအပြီး မွန်းတည့် ၁၂ နာရီတွင် ကျောင်းသား၊ ကျောင်းသူများကို ကျောင်းဆင်းပေးလိုက်ပြီးနောက် စစ်ကောင်စီတပ်က အထက်တန်းကျောင်းသို့ စစ်ကားတစ်စီးနှင့် ထပ်မံအင်အားဖြည့်တင်းထား ကြောင်းဆိုသည်။

အဆိုပါကျောင်းတွင် စစ်ကောင်စီတပ်စွဲထားခြင်းနှင့် စစ်ကောင်စီယန္တရားလည်ပတ်မှုကို လက်မခံနိုင်သဖြင့် ဇွန်လ ၂၀ ရက်နေ့က CDF – Ton Zang က ဗုံးဖောက်ခွဲ သတိပေးခဲ့ပြီးဖြစ်သည်။

ယင်းနောက် တွန်းဇံမြို့နယ်ပညာရေးမှူးနှင့် အထွေထွေအုပ်ချုပ်ရေးမှူးတို့က စစ်ကောင်စီယန္တရားလည်ပတ်စေသည် သာမက ချင်းကာကွယ်ရေးတပ်ဖွဲ့အပေါ် ပြင်းထန်သောစကားလုံးများဖြင့် စိန်ခေါ်ပြောဆိုခဲ့သည့်အတွက် CDF – Ton Zang က ဇူလိုင်လ ၅ ရက် တွင် ဖမ်းဝရမ်းထုတ်ပြန်ခဲ့သေးသည်။

စာတည်း ။။ Alden
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly