ရိုဟင်ဂျာ ဒုက္ခသည်စခန်းကို စစ်ကောင်စီမှ ပြန်လည်ပြင်ဆင်ခွင့်မပြုသေး

By ဂျူချန်း (မဇ္ဈိမ)
13 July 2023
ရိုဟင်ဂျာ ဒုက္ခသည်စခန်းကို စစ်ကောင်စီမှ ပြန်လည်ပြင်ဆင်ခွင့်မပြုသေး

ရခိုင်ပြည်နယ်၊ စစ်တွေမြို့သို့ ဝင်ရောက်တိုက်ခတ်ခဲ့သည့် ဆိုင်ကလုန်းမုန်တိုင်း မိုခါကြောင့် ရိုဟင်ဂျာ ဒုက္ခသည်စခန်းများအပါအဝင် ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ၉၀ ရာခိုင်နှုန်းကျော် ပျက်စီးခဲ့ရကာ ပျက်စီးခဲ့သည့် ရိုဟင်ဂျာဒုက္ခသည်စခန်းများအား ပြုပြင်ခွင့်ကို စစ်ကောင်စီမှ ခွင့်မပြုသေးကြောင်း သိရသည်။

“စစ်တပ်က ပျက်စီးသွားတဲ့ camp တွေကို ပြန်လည်ပြုပြင်ခွင့် အခုအထိ မပေးသေးဘူး၊ အဲ့တော့ IDP(ဒုက္ခသည်) တွေက တာပေါ်လင်ရရ ဘာရရ ဖြစ်သလိုနေရတယ်။ ဘာလို့ဆို camp အကုန်လုံးနီးပါးက ခေါင်မိုးမရှိကြတော့ဘူးလေ၊ အဲ့ဒါကို ပြင်ဆင်ခွင့်မပေးသေးဘူးဆိုတော့ ဒီအတိုင်းပဲ နေနေရတာ” ဟု စစ်တွေမြို့ရှိ ရိုဟင်ဂျာဒုက္ခသည်များအား ကူညီဆောင်ရွက်ပေးနေသူတစ်ဦးက မဇ္ဈိမ ကိုပြောသည်။

ပျက်စီးသွားသည့် ဒုက္ခသည်စခန်းများ ပြန်လည်နေရာချခြင်း၊ ပြုပြင်ခြင်းနှင့် ပြောင်းရွှေ့ခြင်းများအတွက် ပြည်နယ်အစိုးရကို ခွင့်ပြုချက်တောင်းရပြီး စစ်ကောင်စီလက်အောက်ခံ ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ မိုခါမုန်တိုင်းတိုက်ခတ်ပြီး နှစ်လနီးပါးကြာသည့် လက်ရှိအချိန်အထိ ပြင်ဆင်ခွင့်မပြုသေးကြောင်း သိရသည်။

လက်ရှိအချိန်အထိ စစ်ကောင်စီထံမှ ထောက်ပံ့မှုများမရရှိကြသကဲ့သို့ ရိုဟင်ဂျာဒုက္ခသည်စခန်းများအတွက် ပေးထားသည့် ကူညီထောက်ပံ့ရေးပစ္စည်းများကို စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးလူကြီးများမှ စခန်းအတွက် မပေးဘဲ  သိမ်းယူထားကြသည်များရှိကြောင်း ပြောသည်။

“အစိုးရက ဆန်တွေဘာတွေလည်း ထောက်ပံ့တာမရှိဘူး၊ တချို့နေရာတွေမှာဆိုရင် တာပေါ်လင်စတွေ ထောက်ပံ့ပေမယ့် အဲ့ဒီ တာပေါ်လင်တွေကို IDPs တွေကို မပေးဘဲနဲ့  အုပ်ချုပ်ရေးအဖွဲ့တွေက သိမ်းထားတာမျိုးရှိတယ်၊ ဒါကတော့ ခေါင်းဒုက္ကာ စခန်းမှာဖြစ်တာပေါ့။ ရခိုင်ပြည်တစ်ခုလုံးကို ခြုံပြီးပြောမယ်ဆိုရင် သေချာတာကတော့ စစ်တပ်ကပေးသလောက် IDP တွေက မရကြဘူး။ သူတို့လည်း ပေးတာလည်း သိပ်ရှားပါတယ်” ဟု ရိုဟင်ဂျာဒုက္ခသည်များအာ ကူညီနေသူတစ်ဦးက ပြောသည်။

စစ်တွေမြို့တွင် ခေါင်းဒုက္ကာ ရိုဟင်ဂျာ ဒုက္ခသည်စခန်းအပါအဝင် ဒုက္ခသည်စခန်းပေါင်း ၁၄ ခုရှိပြီး စခန်းအားလုံး လက်ရှိအချိန်အထိ ပြင်ဆင်ခွင့်မရသေးကြောင်း သိရသည်။

ရိုဟင်ဂျာဒုက္ခသည်များအတွက် နိုင်ငံတကာအဖွဲ့အစည်းများမှ ကူညီပေးခွင့်ရရန် မုန်တိုင်းမတိုင်မီကပင် စစ်ကောင်စီထံ တောင်းဆိုခဲ့သော်လည်း အကူအညီပေးခွင့် မရရှိခဲ့သကဲ့သို့ မုန်တိုင်းတိုက်ခတ်ပြီးနောက်တွင်လည်း စစ်ကောင်စီမှ နိုင်ငံတကာအဖွဲ့အစည်းများအား သွားလာကူညီခွင့်ကို ကန့်သတ်ထားသည်။

လက်ရှိတွင် စစ်ကောင်စီမှ နိုင်ငံတကာအဖွဲ့အစည်းများအား သွားလာခွင့် ကူညီခွင့် ကန့်သတ်ထားသည်မှာ ရိုဟင်ဂျာ ဒုက္ခသည်များအပေါ် လျစ်လျူရှုထားခြင်းဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

“အဓိကပြောရမယ်ဆိုရင် IDPs တွေကို မစာနာရာရောက်တယ်။ IDPs တွေကို လျစ်လျူရှုထားရာရောက်တယ်။ ဘာလို့ဆို IDP တွေက NGO, INGO တွေအပေါ်မှာပဲ မှီခိုနေကြရတယ်ဆိုတာ သူတို့သိတယ်။ အဲ့ဒါကို NGO,INGO တွေကို သွားလာခွင့်မပေးဘူးဆိုတာက IDP တွေဆီ အကူညီမရောက်စေတဲ့ သဘောပေါ့နော်။ တချို့ဆို တော်တော်လေး ရုန်းကန်နေရတဲ့ အခြေအနေရှိတယ်” ဟု ၎င်းက ပြောသည်။

ရိုဟင်ဂျာ ဒုက္ခသည်များအား WFP မှ တစ်လလျှင် တစ်ဦးကို ငွေကျပ် ၂၇,၀၀၀ ထောက်ပံ့ထားသော်လည်း လက်ရှိကုန်ဈေးနှုန်းမြင့်တက်နေမှုကြောင့် အလုပ်လက်မဲ့ဖြစ်နေသည့် ရိုဟင်ဂျာဒုက္ခသည်များသည်် စားဝတ်နေရေးအတွက် အခက်အခဲများစွာဖြစ်နေကြရကြောင်း သိရသည်။

မိုခါမုန်တိုင်းမဝင်ရောက်မီ တစ်ရက်အလို မေလ ၁၃ ရက်နေ့တွင် စစ်ကောင်စီတပ်သားများမှ ပင်လယ်နှင့် နီးသည့် ဒေသများရှိ ရိုဟင်ဂျာဒုက္ခသည်စခန်းများကို မုန်တိုင်းလွတ်ကင်းရာသို့ ရွှေ့ပြောင်းပေးကြရန် လာရောက် သတိပေးခဲ့သော်လည်း သိန်းနှင့်ချီသည့် ရိုဟင်ဂျာများအတွက် အာဏာသိမ်း စစ်တပ်က နေရာထိုင်ခင်း လောက်ငအောင် မစီစဉ်ပေးနိုင်ခဲ့ကြောင်း သိရသည်။

မိုခါမုန်တိုင်းကြောင့် စစ်တွေမြို့တွင် ရိုဟင်ဂျာဒုက္ခသည် ၉၈ ဦး သေဆုံးခဲ့ကြောင်း မုန်တိုင်းတိုက်ခတ်မှုအပြီး ရိုဟင်ဂျာဒုက္ခသည်စခန်းများတွင် စာရင်းလိုက်လံကောက်ယူခဲ့သူမှ သိရသည်။

ရခိုင်ပြည်နယ်အတွင်းတွင် ရိုဟင်ဂျာဒုက္ခသည် ၁၅၃,၀၀၀ ခန့် ကယ်ဆယ်ရေးစခန်းများတွင် နေထိုင်နေရပြီး ၇၀၀,၀၀၀ခန့်သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံလျက်ရှိကြောင်း UN Myanmar မှ ၂၀၂၂ ခုနှစ် စက်တင်ဘာလတွင် ဖော်ပြထားသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly