မလေးရှားနိုင်ငံတွင် တရားမ၀င်နေထိုင်မှုဖြင့် ဖမ်းဆီးခံရသည့် CDM ဆရာမနှစ်ဦး ပြန်လည်လွတ်မြောက် 

By ရောင်နီ (မဇ္စျိမ)
13 July 2023
မလေးရှားနိုင်ငံတွင် တရားမ၀င်နေထိုင်မှုဖြင့် ဖမ်းဆီးခံရသည့် CDM ဆရာမနှစ်ဦး ပြန်လည်လွတ်မြောက် 
ပုံစာ - ပြန်လည်လွတ်မြောက်လာသည့် CDM ဆရာမနှစ်ဦး။

မလေးရှားနိုင်ငံတွင် တရားမ၀င်နေထိုင်မှုဖြင့် ဖမ်းဆီးခံခဲ့ရသည့် CDM ဆရာမနှစ်ဦး ပြန် လည်လွတ်မြောက်လာကြောင်း လိုက်ပါဆောင်ရွက်ပေးခဲ့သည့် NLD(OC) International Malaysia Kepong ရုံးမှ အလုပ်သမားရေးရာတာ၀န်ခံက မဇ္စျိမကို ပြောသည်။

မလေးရှားနိုင်ငံ၊ Selangor ပြည်နယ်၊ Teman Dessa မြို့ရှိ တိုက်တန်းလျားတခုကို မလေးရှားလူ၀င်မှု ကြီးကြပ်ရေးအဖွဲ့က မေလ ၂၄ ရက်နေ့တွင် ၀င်ရောက်စီးနင်းရှာဖွေခဲ့ရာ အထောက်အထားမဲ့ နေထိုင်နေ သည့် အင်ဒိုနီးရှားနိုင်ငံသားသုံးဦး၊   CDM ဆရာမနှစ်ဦးအပါအ၀င် မြန်မာနိုင်ငံသား စုစုပေါင်း ၄၀ ကျော် ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။

ထိုသို့ ဖမ်းဆီးခံခဲ့ရသူများထဲမှ CDM ဆရာမနှစ်ဦး ပြန်လည်လွတ်မြောက်ရေးအတွက် NLD OC International Malaysia မှ တာ၀န်ရှိသူများက UN ရုံးနှင့်ချိတ်ဆက်ကာ ကူညီလုပ်ဆောင်ပေးခဲ့ခြင်း ဖြစ်သည်။

“ နေအိမ်မှာ၀င်ဖမ်းတာ တိုက်ကြီးအားလုံးကို တခန်း၀င်တခန်းထွက်၀င်စစ်ရင်း ဖမ်းဆီးခံရတာ၊ ဆရာမ နှစ်ဦးက UN ကတ်လျှောက်ထားဆဲကာလမှာ အဖမ်းခံရတဲ့အတွက် ချက်ချင်းအကာကွယ်မရခဲ့ဘူး။ ဒါပေမယ့် UN က ရှေ့နေ လိုက်ပေးတယ်၊ ကျွန်တော်တို့ဘက်ကလည်း သူတိုနဲ့ ပူးပေါင်း ဆောင်ရွက်တယ် ။ အခုတော့ UN ကတ်လည်းရသွားပြီ။ UN ရဲ့ အကူအညီနဲ့ ပြန်လည်လွတ်မြောက်လာတာ ဖြစ်ပါတယ်  ” ဟု NLD OC International Malaysia Kepong ရုံးမှ အလုပ်သမားရေးရာ တာ၀န်ခံ ကိုမင်းဇော်မင်းထိုက်က ပြောသည်။
 
မလေးရှားနိုင်ငံတွင် တရားမ၀င်နေထိုင်မှုဖြင့် ဖမ်းဆီးထိန်းသိမ်းခံရသည့် ဆရာမနှစ်ဦးမှာ အသက် ၄၀  ၀န်းကျင်အရွယ် အထက်တန်းပြ ဆရာမတဦးနှင့် မူလတန်းပြဆရာမတဦးတို့ ဖြစ်သည်။

၎င်းတို့နှစ်ဦးသည် စစ်ကောင်စီကအာဏာသိမ်းပြီးနောက် အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM)တွင် ပါ၀င်ခဲ့ပြီး ထွက်ပြေးတိမ်းရှောင်နေထိုင်ရာမှတဆင့် မလေးရှားနိုင်ငံသို့ အထောက်အထားမဲ့ ရောက်ရှိခဲ့ခြင်း ဖြစ်သည်။

ထိုသို့နေထိုင်နေစဥ် မလေးရှားနိုင်ငံ လူ၀င်မှုကြီးကြပ်ရေးအဖွဲ့၏ဖမ်းဆီးမှုကိုခံရကာ အကျဉ်းထောင် အတွင်း နှစ်လကျော်ကြာထိန်းသိမ်းခံရပြီးနောက် ရုံးချိန်းသုံးကြိမ်မြောက်ရင်ဆိုင်ပြီးချိန်တွင် ပြန်လည် လွတ်မြောက်လာခဲ့ခြင်း ဖြစ်သည်။

“ NLD OC International Malaysia ကို အရမ်းကျေးဇူးတင်ပါတယ်။ ဖမ်းခံရတာကလည်း အိပ်နေတဲ့ အချိန်ကြီး ရုတ်တရက်လာဖမ်းတာဆိုတော့ ဘယ်မှလည်း ဆက်သွယ်မရခဲ့ဘူး။ သူငယ်ချင်းတွေက ဒီအဖွဲ့ ကို အကူအညီတောင်းတဲ့အတွက် ပြန်လွတ်မြောက်လာတာပါ” ဟု လွတ်မြောက်လာသည့် CDM အထက် တန်းပြဆရာမက ပြောသည်။

မြန်မာနိုင်ငံတွင်  စစ်ကောင်စီတပ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်တွင်း စီးပွားရေးကျပ်တည်းမှုများ ကြောင့် ပြည်သူအချို့  ပြည်ပတွင်သွားရောက် အလုပ်လုပ်ကိုင်နေသည့် နိုင်ငံများတွင် မလေးရှားနိုင်ငံ လည်း ပါ၀င်သည်။

ထိုသို့ သွားရောက်အလုပ်လုပ်ကိုင်သည့် မြန်မာနိုင်ငံသားများတွင် တရား၀င်လမ်းကြောင်းမှ သွားရောက် သူများရှိသလို တရားမ၀င် နယ်စပ်များမှ တဆင့် မလေးရှားနိုင်ငံသို့  ၀င်ရောက်သူများလည်း ရှိသည်။
တရားမ၀င် ၀င်ရောက်သူများကို မလေးရှား လ၀ကမှ ဖမ်းဆီးမှုများ ဆက်တိုက်ပြုလုပ်နေပြီး နယ်စပ်ရှိ အကျဥ်းထောင်အများစုတွင် မြန်မာနိုင်ငံသားများဖြင့် ပြည့်နှက်နေကြောင်း သိရသည်။

“အထောက်အထားမဲ့နဲ့ မလေးရှားကို မလာသင့်ဘူး။ အခုအချိန်မှာ အဖမ်းအဆီးက နေ့စဥ်လိုလို ရှိနေ တယ်။ လွတ်လာတဲ့သူတွေနဲ့ မလေးရှားကို ရောက်နေတဲ့သူတွေက လူနည်းစုပဲရှိတယ်။ ပွဲစားတွေက လည်း အရမ်းပေါ့ဆတာ၊ တချို့ ဖမ်းခံရသူတွေဆို မလေးရှားနိုင်ငံတွင်းက ကားဂိတ်တွေမှာ အဖွဲ့လိုက်ထားတော့ ဖမ်းမိတာမျိုးတွေရှိနေတာ ဖြစ်ပါတယ်” ဟု NLD OC Malaysia မှ အလုပ်သမား ရေးရာတာ၀န်ခံက ပြောသည်။

မလေးရှား လ၀က၏ ဖမ်းဆီးခြင်းခံလိုက်ရသည့် မြန်မာနိုင်ငံသားများကို ယခင်က ပြည်နှင်ဒဏ်ပေးကာ  ပြည်တွင်းသို့ ပြန်လည်ပို့ဆောင်ကာ အရေးယူမှုများ ပြုလုပ်ခဲ့သည်။

သို့သော်လည်း ပြီးခဲ့သည့်မေလမှစတင်ကာ မလေးရှားနိုင်ငံမှတာ၀န်ရှိသူများနှင့် UN အကြီးအကဲများ ဆွေးနွေးခဲ့ပြီးနောက် အထောက်အထားမဲ့မြန်မာနိုင်ငံသားများအတွက် UN ၏ အကာအကွယ်ပေးခြင်း များ ပိုမိုရရှိလာကြောင်း သိရသည်။

“ ကျွန်တော်တို့ကို ဆက်သွယ်လာရင်တော့ UN နဲ့ ချိတ်ဆက်ပြီး တတ်နိုင်သလောက် ကူညီပေးပါတယ်။ တချို့တွေဆို မဆက်သွယ်လို့မသိရဘူး။ ဖမ်းဆီးခံရတဲ့ ကိုယ်ရေးအချက်အလက် ပြည့်ပြည့်စုံစုံ ကျွန်တော် တို့ဆီပို့ပေးနိုင်ရင် အချိန်နဲ့တပြေးညီ ကူညီပေးလို့ရပါတယ်။ အထူးသဖြင့် ကျွန်တော်တို့ Member လုပ် ထားရင် သိရတာမြန်သလို မြန်မြန်လည်းကူညီနိုင်ပါတယ်။ CDM တွေပါလာရင် အချိန်နဲ့တပြေးညီ သွား ရောက် ကယ်ဆယ်မှုတွေ ပြုလုပ်ပေးနေပါတယ်။ တချို့တွေဆို အခုထိ အမှုမပြီးပြတ်သေးလို့ ထိန်းသိမ်းခံ ထားရသူတွေလည်းရှိနေဆဲပါ” ဟု NLD OC Malaysia မှ အလုပ်သမားရေးရာ တာ၀န်ခံကဆိုသည်။

NLD OC International Malaysia အနေဖြင့် စစ်တပ်အာဏာသိမ်းသည့်နောက်ပိုင်းမှစကာ လက်ရှိ အချိန်အထိ မလေးရှားနိုင်ငံအတွင်း တရားမ၀င်နေထိုင်မှုကြောင့် ဖမ်းဆီးခံရသည့် CDM ပြုလုပ်ထားသူ သုံးဦးကို ပြန်လည်ကယ်ထုတ်ပေးထားနိုင်ခဲ့ကြောင်း သိရသည်။

ထို့ပြင် မလေးရှားနိုင်ငံ နယ်စပ်မြို့များရှိ ဖမ်းခံထားရသူများတွင်  CDM ပြုလုပ်ထားသူများပါ၀င်ပါက လွတ်မြောက်စေရန် ဆက်လက်ကြိုးစားသွားမည် ဖြစ်ကြောင်းဆိုသည်။

“CDM လုပ်ခဲ့တာ နောင်တမရပါဘူး ကိုယ့်ဆုံးဖြတ်ချက်အတိုင်းပါပဲ။ ကျွန်မ ရွေးချယ်တဲ့လမ်းမှာ ကောင်းတာဆိုးတာ ကျွန်မခံရမှာပါ။ ဒီတော်လှန်ရေးက တနေ့အောင်မှာပါ။ အဲဒီနေ့ကိုလည်း ကျွန်မတို့စောင့်နေ တာပါ။ အောင်မယ်လို့လည်း ယုံကြည်ထားတယ်၊ အဲဒီယုံကြည်ချက်နဲ့ပဲ ကျွန်မတို့ ဆက်လုပ်နေတာပါ။ အရင်ကတော့ ရဲတွေမြင်တာနဲ့  ကြောက်နေရတာ။ အခုတော့ အကာအကွယ်ရပြီဆိုတော့ အလုပ်ကို အေး ဆေးလုပ်သွားမယ်။ ပြည်တွင်းက နိုင်ငံရေးအဖွဲ့အစည်းတွေကို ဆက်လက်ထောက်ပံ့မှုတွေ လုပ်သွား မယ်” ဟု CDM အထက်တန်းပြဆရာမက ပြောသည်။

စာတည်း။  ။စောဖေ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly