ယင်းမာပင်မြို့နယ်တွင် ယမန်နေ့ဇူလိုင်လ ၁၂ရက်က ဖြစ်ပွားသော တိုက်ပွဲအတွင်း စစ်ကောင်စီတပ်အထိနာပြီး လေကြောင်းမှ တိုက်ခိုက်ခဲ့သလို ပြည်သူ့ကာကွယ်ရေးရဲဘော်နှစ်ဦးလည်း ကျဆုံးခဲ့ကြောင်း သတင်းရရှိသည်။
စစ်ကောင်စီစစ်ကြောင်းနှင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့များသည် ယင်းမာပင်မြို့နယ်၊ မြို့ကြီးရွာအနီးတွင် ဇူလိုင်လ ၁၂ရက်နေ့ နေ့လည်ပိုင်းမှစ၍ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဟု သိရသည်။
“ တိုက်ပွဲဖြစ်ပြီး Mi 35 နဲ့ နှစ်ကြိမ်လာပစ်တာ။ ရွာကိုမီးရှို့သွားတယ်။အပျက်အစီး အဆုံးအရှုံးက တော့ သေချာမသိရသေးဘူး” ဟု ယင်းမာပင်မြို့နယ်မှ ဒေသခံတစ်ဦးက ပြောသည်။
စစ်ကောင်စီတပ်က ညနေ ၄နာရီခန့်နှင့် ၆နာရီခန့်တွင် လေကြောင်းမှ နှစ်ကြိမ်လာရောက်ပစ်ခတ်ပြီး ရွာကိုလည်း မီးရှို့ဖျက်ဆီးသွားသည်ဟု ဒေသခံများကပြောသည်။ ယမန်နေ့က လေကြောင်းတိုက်ခိုက်မှုရုပ်သံမှတ်တမ်းဖြစ်ကြောင်း ဒေသခံများကမဇ္စျိမထံပေးပို့သော ဗီဒီယိုဖ်ိုင်တွင် စစ်ကောင်စီတပ်က ရဟတ်ယာဉ်ဖြင့် ပစ်ခတ်နေသည်ကို မြင်တွေ့ရသည်။ မြေပြင်တွင်လည်း ရွာ မီးလောင်နေသည်ကိုတွေ့ရှိရသည်။
မြေပြင်တိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်မှ သေဆုံးမှုများရှိသော်လည်း အရေအတွက်မသိရှိရကြောင်းနှင့် ကာကွယ်ရေးတပ်ဖွဲ့ဘက်မှ ရဲဘော်နှစ်ဦးကျဆုံးခဲ့ကြောင်း ယင်းမာပင်မြို့မှ ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။
မြို့ကြီးရွာမှ ဒေသခံများသည် ထွက်ပြေးတိမ်းရှောင်နေရပြီး ယနေ့ ဇူလိုင်လ ၁၃ရက် ညနေအထိ ရွာကို ပြန်မဝင်နိုင်သေးသောကြောင့် ပျက်ဆီးဆုံးရှုံးမှုကို မသိရသေးဟုဆိုသည်။
စစ်ကောင်စီတပ်သည် မြို့ကြီးရွာကိုမီးရှို့ပြီးနောက် ၎င်းတို့အခြေစိုက်သည့် ယင်းမာပင်မြို့ထဲသို့ ပြန်လည်ဝင်ရောက်သွားကြောင်း သတင်းရရှိသည်။တိုက်ပွဲနှင့်ပတ်သက်ပြီး ဒေသတွင်းအခြေစိုက် ကာကွယ်ရေးအဖွဲ့များက ယနေ့ ဇူလိုင်လ ၁၃ရက် ညနေ ၂နာရီခန့်အထိ သတင်းထုတ်ပြန်ခြင်းမရှိသေးပေ။
စာတည်း - မောင်ကြီး