တားမြစ်ဆေးစွပ်စွဲမှုများကို အာဆင်နယ်နှင့် ချယ်လ်ဆီးအသင်းငြင်းဆန်

တားမြစ်ဆေးစွပ်စွဲမှုများကို အာဆင်နယ်နှင့် ချယ်လ်ဆီးအသင်းငြင်းဆန်

ဧပြီ ၃၊ လန်ဒန်။            ။ စွမ်းဆောင်ရည်တိုးမြင့်စေသည့်ဆေးဝါးများ အသုံးပြုမှုတွင်ပါဝင်နေသည်ဟု ဆန်းဒေးတိုင်းမ်သတင်းစာတွင် သတင်းဖော်ပြခံခဲ့ရပြီးနောက် မဟုတ်မှန်ကြောင်း အာဆင်နယ်နှင့်ချယ်လ်ဆီးအသင်းက ငြင်းဆန်လိုက်သည်။

ပရီးမီးယားလိဂ်ဘောလုံးသမားများအပါအဝင် အခြားအားကစားသမားများကို တားမြစ်ဆေးအတွက်အကူအညီပေးခဲ့သည်ဟု ဒေါက်တာ မာ့ခ်ဘွန်နာဆိုသူက ပြောဆိုခဲ့ရာတွင် အာဆင်နယ်နှင့် ချယ်လ်ဆီးအသင်း၏ နာမည်များမှာ အခြားအင်္ဂလိပ်ကလပ်များနှင့်အတူ ပါဝင်လာခဲ့ ခြင်းဖြစ်သည်။

ဒေါက်တာဘွန်နာက အကူအညီပေးခဲ့ဖူးသည့်စာရင်းတွင် လက်စတာနှင့်ဘာမင်ဂမ်တို့လည်းပါနေပြီး အာဆင်နယ်နှင့် ချယ်လ်ဆီးအသင်းတို့ သည် အလျှင်အမြန်ကြေညာချက်များ ထုတ်ကာ ငြင်းဆန်ခဲ့ကြသည်။

"အခြေအမြစ်မရှိဘဲ လူသိရှင်ကြားသတင်းမှားထုတ်ပြန်ခံရတဲ့အပေါ်မှာ အာဆင်နယ်ဘောလုံးအသင်းအနေနဲ့ အလွန်အမင်းစိတ်ပျက်မိပါ တယ်။

ဒီစွပ်စွဲမှုတွေ အခြေအမြစ်မရှိဘူးဆိုတာကို ဆန်းဒေးတိုင်းမ်က သိသိကြီးနဲ့ကို ဖော်ပြခဲ့တာပါ။ ဒီအပိုင်းနဲ့ပတ်သက်ပြီး အသင်းဘက်က တင်းတင်းကြပ်ကြပ်တားမြစ်ထားတာကို ကစားသမားတွေလည်းသိကြပါတယ်။ ကမ္ဘာ့တားမြစ်ဆေးဝါးတိုက်ဖျက်ရေးအေဂျင်စီရဲ့ လမ်းညွှန်မှု တွေအတိုင်း သွားနေတာပါ"ဟု အာဆင်နယ်အသင်းက ကြေညာချက်ထုတ်ခဲ့သည်။

ချယ်လ်ဆီးအသင်းကလည်း "ဆန်းဒေးတိုင်းမ်ရဲ့သတင်းက အမှားကြီးဖြစ်ပြီး အခြေအမြစ်မရှိပါဘူး။ ချယ်လ်ဆီးဘောလုံးအသင်းက ဒေါက်တာဘွန်နာကို ဘယ်တုန်းကမှမသုံးခဲ့ဖူးသလို ကစားသမားတွေ သူ့ဆီက ကုသခံခဲ့တယ်ဆိုတဲ့ မှတ်တမ်းလည်း တစ်ခုမှမရှိပါဘူး။

အသင်းက တားမြစ်ဆေးဝါးတိုက်ဖျက်ရေး စည်းမျဉ်းဘောင်ထဲမှာပဲ အပြည့်အဝရှိနေပါတယ်"ဟု ကြေညာခဲ့သည်။

Ref; goal.com

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly