ထားဝယ်မြို့နယ် ဇဟာကျေးရွာအနီးတွင် စစ်ကားပစ်ခတ်ခံရပြီး အရာခံဗိုလ်အပါဝင် ၃ ဦး သေဆုံး

By ကိုရွှေမြိတ် (မဇ္ဈိမ)
13 July 2023
ထားဝယ်မြို့နယ် ဇဟာကျေးရွာအနီးတွင် စစ်ကားပစ်ခတ်ခံရပြီး အရာခံဗိုလ်အပါဝင် ၃ ဦး သေဆုံး

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ ဇဟာကျေးရွာအနီးရှိ ရေး-ထားဝယ် ပြည်ထောင်စုလမ်းမကြီး ပေါ်၌စစ်ကားတစီးပစ်ခတ်ခံရပြီး အရာခံဗိုလ်အပါဝင်သုံးဦးသေဆုံးကြောင်း Dawei Guerrilla Revolutionary Force- DGRF အဖွဲ့ထံမှ သိရသည်။

ဇူလိုင်လ ၁၂ ရက်နေ့ ညနေပိုင်းတွင် ထားဝယ်မြို့နယ် ဇဟာကျေးရွာအခြေစိုက် အမြောက်တပ် (၃၀၂) မှ ကျောင်းကြိုပြန်လာပြီးချိန်တွင် အသင့်စောင့်ဆိုင်း ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း DGRF အဖွဲ့မှ တာဝန်ရှိသူ ကဆိုသည်။

“ကားတစီးတည်းပါ။ စစ်တပ်က ကလေးတွေ ကျောင်းသွားကြိုတဲ့ကားပါ။ ညနေ ကျောင်းကြိုပြန်လာတဲ့ အချိန်ပစ်တာမို့ ကလေးတွေမပါဘူး။ စစ်ကူရောက်လာလို့ လက်နက်တွေမရလိုက်ဘူး” ဟု ၎င်းက ပြော သည်။

စစ်ကောင်စီတပ်မှ ယာဥ်မောင်းဖြစ်သူ ကျည်ထိမှန်ဒဏ်ရာရခဲ့ပြီး ကားမှာ လမ်းဘေးသို့ထိုးကျသွားကာ တပ်ကြပ်ကျော်ကျော်ဦးနှင့် အရာခံဗိုလ်အပါဝင် သုံးဦးသည် အခင်းဖြစ်ရာနေရာ၌ပင် ပွဲချင်းပြီး သေဆုံးခဲ့ ကြောင်း DGRF အဖွဲ့တာဝန်ရှိသူကဆိုသည်။

ကျန် ဒဏ်ရာရသူနှစ်ဦးကို စစ်ဆေးရုံသို့ အရေးပေါ် ပို့ဆောင်လိုက်ရပြီးနောက် စစ်ကောင်စီဘက်မှ စစ်ကူ ရောက်ရှိလာကြောင်း ၎င်းကပြောသည်။တိုက်ပွဲအခြေအနေအသေးစိတ်နှင့်ပတ်သက်၍ မဇ္ဈိမအနေဖြင့် ဒေသခံများထံမှ သီးခြားအတည်ပြုချက် ရနိုင်ရန် ကြိုးစားဆက်သွယ်နေဆဲဖြစ်သည်။

အဆိုပါဖြစ်စဉ်အပြီးတွင် စစ်ကောင်စီတပ်က ဇဟာကျေးရွာအနီးပတ်ဝန်းကျင်ကို ရမ်းသန်းပစ်ခတ်မှုများ ပြုလုပ်ခဲ့၍ အရပ်သားနှစ်ဦး သေနတ်ထိမှန်သေဆုံးခဲ့ကြောင်း ဒေသခံသတင်း အရင်းမြစ်များထံမှ သိရ ကြောင်း DGRF အဖွဲ့၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“စကစ တပ်သားတွေရှိနေတဲ့ ဘယ်နေရာမဆို ထိတွေ့တိုက်ပွဲ အချိန်မရွေးဖြစ်လာနိုင်လို့ ပြည်သူတွေ အနေနဲ့ စကစနဲ့ ခပ်ဝေးဝေးက ရှောင်နေပေးကြဖို့ တောင်းဆိုချင်တယ်” ဟု DGRF အဖွဲ့က တာဝန်ရှိသူက ထပ်လောင်းပြောသည်။

ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်သားများသည် ဇဟာကျေးရွာရှိ ထန်းရည်ဆိုင်အား မီးရှို့ဖျက် ဆီးသွားခဲ့ကြောင်းသိရပြီး လမ်းဘေးသို့ထိုးကျခဲ့သည့် စစ်ကားကို ညနေ ၄ နာရီခန့်တွင် ကရိန်းဖြင့် မတင် ပြီး ကားတစ်စီးဖြင့် သယ်ယူသွားကြောင်း ဒေသခံများထံမှ သိရသည်။

စာတည်း ။ ။ Alden
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly