ကျုံအိတ်တံတား ပြင်ဆင်ရေးအဖွဲ့နှင့်လုံခြုံရေးယူထားသည့် စစ်ကောင်စီအဖွဲ့ ၄ ကြိမ်မြောက် တိုက်ခိုက် ခံရ 

By YT (မဇ္ဈိမ)
13 July 2023
ကျုံအိတ်တံတား ပြင်ဆင်ရေးအဖွဲ့နှင့်လုံခြုံရေးယူထားသည့် စစ်ကောင်စီအဖွဲ့ ၄ ကြိမ်မြောက် တိုက်ခိုက် ခံရ 

မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်၊ ရွှေရောင်ပြကျေးရွာအုပ်စု၊ ရန်ကုန်- မော်လမြိုင် လမ်းမကြီးပေါ်ရှိ ကျုံအိတ်တံတားမိုင်းခွဲဖျက်ဆီးခံရပြီးနောက် တံတားပြင်ဆင်သည့်အဖွဲ့နှင့် လုံခြုံရေးယူ ထားသော စစ်ကောင်စီတပ်သားများအား ဇူလိုင်လ ၁၂ ရက်နေ့က လေးကြိမ်မြောက် ဒရုန်းဖြင့် ဗုံးကြဲ တိုက်ခိုက်ခံခဲ့ရကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံက သိရသည်။

“ဖျက်ပြီးတဲ့နောက် ပြင်တာဆိုတာကမလိုဘူးလေ။ ပြင်တဲ့သူကလည်း အာဏာသိမ်းစစ်တပ်နဲ့ အပေါင်း အပါတွေပဲ ဖြစ်တယ်၊ ဒါကြောင့်မို့ သူတို့လာပြင်လို့ရှိရင်လည်း အာဏာသိမ်းတပ်မတော်နဲ့ တတန်းတည်း ပဲ လုပ်နေသရွေ့ချေမှုန်းမှာ အဲဒီလို ဖြစ်လာမှာပဲ” ဟု KNU သထုံခရိုင် မိတ်ဖက်ရေးရာ ကော်မတီ ဥက္ကဋ္ဌ ဗိုလ်မှူးစောကျော်မြင့်က မဇ္ဈိမကိုပြောသည်။

မိုင်းခွဲဖျက်ဆီးခံရသည့် ကျုံအိတ်တံတားပေါ်တွင် ယာယီဘေလီတံတားဆောက်လုပ်နေသော ဆောက် လုပ်ရေးအဖွဲ့များနှင့် လုံခြုံရေးယူပေးနေသည့် စစ်ကောင်စီတပ်ဖွဲ့အား ပြီးခဲ့သည့် ဇူလိုင်လ ၄ ရက်နေ့ တွင် တကြိမ်၊ ဇူလိုင်လ ၇ ရက်နေ့တွင် တကြိမ်၊ ဇူလိုင်လ ၉ ရက်နေ့တွင်တကြိမ်၊ ယမန်နေ့ ဇူလိုင်လ ၁၂ ရက်နေ့ မွန်းလွဲပိုင်းကတကြိမ် တပ်မဟာ (၁) KNLA ၊ PDF ပူးပေါင်းတပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ဗုံးကြဲတိုက်ခိုက်ခံရမှု လေးကြိမ်အတွင်း တံတားဆောက်လုပ်ရေးအဖွဲ့ဝင်တဦး၊ လုံခြုံရေးယူပေး နေသည့် စစ်ကောင်စီတပ်သားနှစ်ဦး ထိခိုက်ဒဏ်ရာရထားကြောင်း တပ်မဟာ(၁) KNLA သတင်းရင်းမြစ် ထံမှ သိရသည်။

ကျုံအိတ်တံတားပေါ်၌ ယာယီဘေလီတံတားဆောက်လုပ်နေသည့်လုပ်ငန်းစဉ်တွင် လက်ရန်းများ ဆောက်လုပ်ပြီးစီးနေပြီဖြစ်ပြီး အခင်းများသာ ဆောက်လုပ်ရန်ကျန်တော့ကြောင်း ခရီးသွားပြည်သူတဦး ထံက သိရသည်။

ကျုံအိတ်တံတားသည် စစ်ကောင်စီတပ်၏ ရိက္ခာ၊ လက်နက်၊ ခဲ၊ ယမ်း ထောက်ပို့လုပ်ငန်းများ၊ စစ်အင် အားတိုးမြှင့်ရေးတို့အတွက် အဓိကကျသောလမ်းကြောင်းပေါ်၌တည်ရှိနေ၍ ဖျက်ဆီးခဲ့ခြင်းဖြစ်ပြီး ထို တံတားအား ပြင်ဆင်ရန်မလိုကြောင်း၊ ပြင်ဆင်သူများသည်လည်း စစ်ကောင်စီနှင့် အပေါင်းအပါများ သာဖြစ်ကြောင်း KNU သထုံခရိုင် မိတ်ဖက်ရေးရာကော်မတီဥက္ကဋ္ဌက ဆိုသည်။

ဘီးလင်းမြို့နယ်၊ ရွှေရောင်ပြကျေးရွာအုပ်စု၊ ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်ရှိ ကျုံအိတ်တံတားအား ပြီးခဲ့သည့် ဇွန်လ ၂၉ ရက်နေ့ နံနက် ၄ နာရီဝန်းကျင်အချိန်က တပ်မဟာ (၁) KNLA ၊ PDF ပူးပေါင်း တပ်ဖွဲ့ များက မိုင်းခွဲဖျက်ဆီးခဲ့ခြင်းဖြစ်ပြီး အကျယ်ပေ ၄၀ ရှိ အဆိုပါတံတား၏ သုံးပုံနှစ်ပုံခန့် ပြိုကျပျက်စီးသွား ခဲ့ကြောင်း သိရသည်။

စာတည်း။  ။စောဖေ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly