ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်ပြီး ထိုင်းနိုင်ငံခြားရေးဝန်ကြီး၏ ပြောကြားချက် နိုင်ငံရေးလုပ်ကြံမှုဖြစ်ကြောင်း NUG ပြော

By 001(မဇ္စျိမ)
13 July 2023
ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်ပြီး ထိုင်းနိုင်ငံခြားရေးဝန်ကြီး၏ ပြောကြားချက် နိုင်ငံရေးလုပ်ကြံမှုဖြစ်ကြောင်း NUG ပြော
Photo-AFP

 နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်ပြီး ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာမွတ်ဝီနိုင်း၏ ပြောကြားချက်မှာ နိုင်ငံရေးလုပ်ကြံမှု တစ်ခုဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ နိုင်ငံတော်သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က ပြောသည်။

“မတရား ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတစ်ယောက်ကိုပေါ့နော်။ ဒီလိုမျိုး နိုင်ငံရေးအတွက် အသုံးချဖို့အတွက် ခြေလှမ်းတစ်ရပ်လို့ ထင်မြင်မိတယ်။ နိုင်ငံရေးလုပ်ကြံမှု တစ်ခုဖြစ်နေတယ်။ မရိုးသားတဲ့ ကြံစည်ကြိုးစားချက် တစ်ခုဖြစ်နေတယ်ဆိုတာ တွေ့ရှိရတယ်”ဟုဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ဇူလိုင်လ ၉ ရက်နေ့က တွေ့ဆုံခဲ့ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး၏ ပြောကြားချက်များနှင့် ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က အထက်ပါအတိုင်းပြန်လည် တုံ့ပြန်ခြင်းဖြစ်သည်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီးအနေဖြင့် စေတနာမှန်မှန် ရည်ရွယ်ချက်မှန်မှန်ရှိပါက ယခုကဲ့သို့ မတရားဖမ်းဆီးထိန်းချုပ်ခံထားရသည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်အပါအဝင် သောင်းနှင့်ချီကာ မတရားထိန်းသိမ်းခံထားရသည့် နိုင်ငံရေးအကျဉ်းသားများကို ချက်ချင်း လွှတ်ပေးရန်အတွက် တောင်းဆိုသင့်ကြောင်း NUG နိုင်ငံတော်သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်ကပြောသည်။

ထို့ပြင် ၎င်းအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့် အမှန်တကယ် တွေ့ဆုံခဲ့မှုရှိ၊ မရှိကို အမျိုးသားညီညွတ်ရေးအစိုးရက ရရှိထားသည့် သတင်းများအရ အတည်ပြု၍ မရသည့်အပြင် အဆိုပါ တွေ့ဆုံမှုနှင့် ပတ်သက်ပြီး မည်သည့်အထောက်အထားမှလည်း မရှိကြောင်း NUG နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က ထောက်ပြသည်။

“အခုက NUGအနေနဲ့ပြောရမယ်ဆိုရင် ဒီသတင်းကိုလည်း confirmလုပ်လို့မရဘူး။ နောက်ပြီးတော့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ဒေါ်အောင်ဆန်းစုကြည် ပြောတယ်ဆိုတဲ့စကားနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အရင်တုန်းက ပြောကြားခဲ့တဲ့ သူ့ရဲ့လုပ်ဖော်ကိုင်ဖက်တွေကနေ တစ်ဆင့်ပြောကြားခဲ့တဲ့စကားတွေ၊ သူနဲ့တွေ့ဆုံခဲ့တဲ့လူတွေဆီက ပြောတဲ့စကားတွေနဲ့ လုံးဝမတူညီဘူး၊ ကွာဟနေတယ်ဆိုတာလည်း တွေ့ရတယ်”ဟု ဆိုသည်။

ထို့ပြင် ထိုသို့ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရမည့်ကိစ္စမှာ အာဆီယံ၏ အထူးကိုယ်စားလှယ်က လုပ်ဆောင်ရမည့်ကိစ္စဖြစ်ပြီး ရာထူးမှဆင်းရခါနီး အချိန်အနည်းငယ်သာကျန်တော့သည့် ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ဝင်ရောက်လုပ်ဆောင်မှုအပေါ် NUG က မေးခွန်းထုတ်သည်။

အာဆီယံအဖွဲ့ဝင်နိုင်ငံများအနေဖြင့် မြန်မာ့အရေးတွင် ကူညီဆောင်ရွက်ရာတွင် ပြည်သူလူထု၏ ဆန္ဒသဘောထားနှင့် ထင်ဟပ်ရမည်ဖြစ်ပြီး အခြေအနေပိုရှုပ်ထွေးအောင် ကြံစည်ကြိုးစားမှုများ မလုပ်သင့်ကြောင်းနှင့် အာဆီယံ၏ ပဋိညာဥ်နှင့်အညီ လိုက်နာဆောင်ရွက်ရန်လိုကြောင်းလည်း NUG က တိုက်တွန်းသည်။ 

ဇူလိုင်လ ၉ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ယမန်နေ့ ဇူလိုင်လ ၁၂ ရက်နေ့ အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာတွင်ပြုလုပ်သည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးအပြီးတွင် သတင်းထောက်များကို ပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးကောင်းမွန်ကြောင်းနှင့် ကောင်းမွန်သည့် တွေ့ဆုံမှုဖြစ်ခဲ့ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ပြောသည်။ ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်က တွေ့ဆုံဆွေးနွေးရေးကို အားပေးကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ပြောဆိုခဲ့ပြီး အသေးစိတ်ကို ပြောဆိုခဲ့ခြင်းမရှိပေ။

ထိုင်းနိုင်ငံခြားရေးဝန်ကြီးအနေဖြင့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးမကျင်းပမီတွင် နေပြည်တော်သို့ တိတ်တဆိတ်လာရောက်ခဲ့ခြင်းဖြစ်ပြီး ယင်းခရီးစဉ်အပေါ် နှစ်ဖက်သတင်းထုတ်ပြန်ခဲ့ခြင်းမရှိခဲ့ပေ။ 

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား စစ်ကောင်စီက အာဏာသိမ်းပြီးနောက်ပိုင်း NLDပါတီဝင်အချို့နှင့် တွေ့ဆုံခွင့်ပေးခဲ့ခြင်းမှလွဲ၍ နိုင်ငံတကာ သံတမန်များနှင့် ယခင်က တွေ့ဆုံခွင့်ပြုခြင်း မရှိခဲ့ပေ။

ထိုင်းနိုင်ငံခြားရေးဝန်ကြီးမှာ စစ်ကောင်စီက လက်ခံနိုင်သည့် သဘောထားရပ်တည်ချက်မျိုးနှင့် တွေ့ဆုံဆွေးနွေး ပြောဆိုမည်ဖြစ်ကြောင်း သေချာသည့်အတွက် တွေ့ဆုံခွင့်ပေးခြင်းဖြစ်နိုင်ကြောင်း နိုင်ငံ​ရေး​လေ့လာသုံးသပ်သူ ဦးရဲထွန်းက ယူဆသည်။

“တပ်က အာဏာသိမ်းထားတဲ့အခြေအနေချင်း ဘဝချင်းတူတာပေါ့နော်။ ဒီနစကနဲ့က ဘဝချင်းတူတဲ့လူတွေဆိုတဲ့အခါကျတော့ တစ်ယောက်နဲ့တစ်ယောက် နားလည်နိုင်တယ်။ နောက်တစ်ခုက တွေ့လို့ရှိရင် ဘာတွေပြောမလဲ ဆိုတဲ့ဟာကိုလည်း သူတို့ ပွင့်ပွင့်လင်းလင်းဆွေးနွေးပြီးတော့ တောင်းဆိုပုံရပါတယ်”ဟု ဦးရဲထွန်းက ဆိုသည်။

လက်ရှိတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အနေဖြင့် စစ်ကောင်စီဘက်က စွပ်စွဲခဲ့သည့် အမှုပေါင်း ၁၉ မှုအတွက် ထောင်ဒဏ် ၃၃ နှစ်ချမှတ်ခံထားရသည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ပေးရန် ရှေ့နေအဖွဲ့က ငါးကြိမ်တိုင် တင်ပြထားသော်လည်း တွေ့ဆုံခွင့် မရသေးပေ။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required